သတင်း

ကျောက်တော်မြို့ ကျောက်တိုင်ကွင်းမြေကို ပြည်ခိုင်ဖြိုးပြန်ရလို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားသည့် မြေနေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဂရန်ဖောက် ရယူထားသဖြင့် မြေနေရာ အစားထိုးပေးပြီး ပြန်ယူရန် ပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့သည်။ 

အကျယ်အဝန်း ၁ ဒသမ ၈၅၄ ဧကရှိ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားသော မြေနေရာဖြစ်ပြီး ပါတီက ၂၀၀၈ တွင် သုည ဒသမ ၁၆၉ ဧကကို ၁၀ နှစ်ဂရန် ရရှိခဲ့သော်လည်း ၂၀၁၈ စက်တင်ဘာကတည်းက ဂရန်သက်တမ်း ကုန်ဆုံးခဲ့သည်။

၎င်းမြေနေရာတွင် ပါတီက အဆောက်အအုံဆောက်လုပ်ရန် ကြိုးပမ်းရာ ကျောက်တော်မြို့ ဒေသခံများက ကန့်ကွက်ခဲ့ကြသဖြင့် ပြည်နယ်အစိုးရက မြေ၏ မူလဇာစ်မြစ်ကို စစ်ဆေးကာ လွတ်လပ်ရေးကျောက်တိုင်ကွင်းအဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ 

မြေနေရာ အစားယူပြီး အဆိုပါမြေနေရာ ပြန်လည်စွန့်လွှတ်ပေးရမည်ကို လက်မခံနိုင်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ( USDP)၏ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက ပြောသည်။

“ကျွန်တော်တို့က လက်ခံနိုင်စရာ အကြောင်းမရှိပါ။ ဘာကြောင့်လဲဆိုတော့ (ပြည်ခိုင်ဖြိုးပါတီ) ဌာနချုပ်က ပိုင်တဲ့မြေကို ဒီဥစ္စာက။ ပြီးတော့ အဆောက်အအုံဆောက်ထားတဲ့ ကုန်ကျစရိတ်တွေကလည်း ရှိနေတာကိုး။ နေရာထိုင်ခင်းအနေအထားအရလည်း နဂိုလက်ရှိကတည်းက ပိုင်ဆိုင်လာခဲ့တာဆိုတော့ ဒါကို စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါမြေနေရာအတွက် မြေငှားဂရန် သက်တမ်းကုန်သွားခဲ့သဖြင့် သက်တမ်းတိုးရန် ပြည်နယ်၊ စည်ပင်ဌာနသို့ တင်ပြသော်လည်း ယခုနှစ်ဆန်းပိုင်းအထိ ရပ်ဆိုင်းခံထားရသည်ဟု ၎င်းက ဆက်ပြောသည်။

ပါတီရန်ပုံငွေရရှိရေးအတွက် ထိုမြေပေါ်တွင် ၁၂ ခန်းပါ နှစ်ထပ်အဆောက်အအုံဆောက်လုပ်ပြီး ပြန်လည်အငှားချရန် ပြည်ခိုင်ဖြိုးပါတီက စီစဉ်နေခြင်းဖြစ်သည်။

ယင်းမြေနေရာရှိ တည်ဆောက်ဆဲ အဆောက်အအုံအတွက် ပါတီမှ ကျပ်သိန်း ၃၀၀ ခန့် ကုန်ကျခံထားရပြီး အဆောက်အအုံပြီးစီးရန် ကျပ် သိန်း ၁,၀၀၀ ခန့် ကုန်ကျမည်ဟု ဒေါက်တာစန်းရွှေက ပြောသည်။

ထိုသို့ ပြည်ခိုင်ဖြိုးပါတီက စီစဉ်နေချိန်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ကျောက်တော်မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က လုပ်ငန်းရပ်ဆိုင်းခိုင်းခဲ့သည်။

၎င်းမြေတွင် ပြည်ခိုင်ဖြိုးက ၂၀၁၈ တွင် အဆောက်အအုံဆောက်ရန် ကြိုးပမ်းချိန်၌ ယင်းနှစ် အောက်တိုဘာ ၂၅ တွင် မြို့ခံများက ကန့်ကွက်ခဲ့ကြသည်ဟု ဦးဆောင်ကန့်ကွက်တိုင်ကြားခဲ့သူ ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက Myanmar Now ကို ပြောသည်။

” ဒါက ပြည်သူပိုင်မြေ၊ ကြံ့ခိုင်ရေးက ဂရန်ရထားတာက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး။ ဒါကြောင့် ဒီဂရန်ကို ပယ်ဖျက်ပေးဖို့ တင်ပြခဲ့တာ။ ပြီးတော့ သူတို့မှာလည်း ဂရန်သက်တမ်းက ကုန်သွားပြီလေ” ဟု ဦးဇော်ဝင်းက ပြောသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထိုမြေနေရာအတွက် အစားထိုးမြေ ရှာဖွေတင်ပြရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနသို့ ညွှန်ကြားထားသည်။

Myanmar Now က ဖတ်ရှုခွင့်ရသည့် စာရွက်အထောက်အထားအရ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၈ ရွာ၏ စားကျက်မြေ ၃ ဧက ကို ပြည်ခိုင်ဖြိုးပါတီအား အစားထိုးမြေအဖြစ် ပြန်ပေးရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနက ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသည်ကို တွေ့ရသည်။

ထိုအစားထိုးမြေသည် ကျောက်တော်မြို့၊ မြို့မကျေးရွာအုပ်စုရှိ မြို့သစ်၊ ရှမ်းရွာ၊ နေပူခံ၊ ဒုံးရွာ၊ ဝကင်း၊ ဝင်စု၊ ပိုင်သည်နှင့် နိဒင် စသည့်ကျေးရွာများ၏ စားကျက်မြေ ၂၈၃ ဧကကျော်ထဲမှ နုတ်ယူ၍ပေးသော မြေအမျိုးအစားဖြစ်ကြောင်း တင်ပြစာတွင် ဖော်ပြထားသည်။

စားကျက်မြေဖြင့် ပြည်ခိုင်ဖြိုးပါတီကို မြေအစားထိုးပေးခြင်းနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထံ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထိုမြေနေရာကို ပြည်ခိုင်ဖြိုးပါတီအမည် ဂရန်ဖောက်ယူရာတွင် အခွင့်အာဏာအလွဲသုံးစားမှုများ ရှိခဲ့သည်ဟု ကျောက်တော်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးစောရွှေက ဆိုသည်။ 

” ပြည်ခိုင်ဖြိုးက သူတို့အာဏာရတုန်းက နိုင်ထက်စီးနင်းလုပ်ပြီးတော့ ယူတာလို့ မြေစာရင်းက သတင်းရထားတယ်။ ဘယ်သူက ခွင့်ပြုချင်မှာတုန်း ၊ အဲ့ဒီဟာ အများပိုင်ဘောလုံးကွင်း၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းလေ” ဟု ၎င်းက ပြောသည်။

မြေအစားထိုးပေး၍ ပြန်လည်ရယူရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရက စိစစ်နေဆဲသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပိုင်ဖြစ်သွားသည့် ၂၀၀၈ မှစ၍ လွတ်လပ်ရေးနေ့အခမ်းအနားကို ယင်းနေရာတွင် ကျင်းပခွင့်မရတော့ကြောင်း ရခိုင်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောသည်။ 

၎င်းသည် ထိုမြေနေရာပြန်ရရေးအတွက် ၂၀၁၈ နိုဝင်ဘာက အမျိုးသားလွှတ်တော်တွင် အဆိုတင် မေးမြန်းခဲ့သည်။

ထို့အချိန်က လွတ်လပ်ရေးကျောက်တိုင်ကွင်းကို မူလအတိုင်းထားရှိရန် ဆောင်ရွက်ပါက ပြဿနာများပေါ်လာနိုင်သည်ဟု နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လွှတ်တော်က ဖြေကြားခဲ့သည်။ 

ထို့ကြောင့် ကွင်းအတွင်းရှိ ကျူးအဖြစ်ရှိနေသူများကို မပြောင်းဘဲ လွတ်လပ်ရေးကွင်းကိုသာ ပြောင်းရန်နှင့် ကွင်းထဲရှိ ကျောက်တိုင်ကို နှစ်စဉ်နှစ်တိုင်း ထုံးသုတ်ဆေးသုတ်ခြင်းမှအပ ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်မရှိကြောင်း ထိုဖြေကြားချက်တွင် ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်အစိုးရခေတ်တွင် ထူထောင်ထားသည့် ပြည်ခိုင်ဖြိုးလူမှုရေးအသင်းကြီးကို အသွင်ပြောင်းထားခြင်းဖြစ်သည်။ အသင်းကြီး၏ ရုံးခွဲနေရာများအတွက် မြို့အသီးသီးရှိ အချက်အချာကျသော နေရာ၊ အဆောက်အအုံများကို စစ်အစိုးရက ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button