ဆောင်းပါး

စစ်ရိပ်သန်းလာသည့် အပန်းဖြေမြို့တော် ပြင်ဦးလွင်

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးသည် စစ်ကျောင်းကြီးများတည်ရှိရာ ပြင်ဦးလွင် ခေါ် မေမြို့နှင့် နီးသည်ထက် နီးကပ်လာသည်။

နွေနေပူပူသည် မြန်မာတစ်နိုင်ငံလုံးကို ခြုံလွှမ်းပြီး မင်းမူနေသော်ငြား စစ်ကောင်စီတက္ကသိုလ်များ ရှိရာ၊ စစ်တပ်အရာရှိကြီးများ အခြေစိုက်ရာ တောင်ပေါ်မြို့တစ်မြို့ပေါ်တွင်မူ သက်ရောက်မှု အနည်းငယ်သာ ရှိနေသည်။

တောင်လှေခါးမြို့တော်၊ မေမြို့၊ ပန်းမြို့တော်၊ ပြင်ဦးလွင် စသဖြင့် အမျိုးမျိုး တင်စားခေါ်ဝေါ်ကြသည့် ယင်းမြို့သည် တစ်ချိန်က ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားသားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။

ယခုအခါ အပူချိန် ၄၃၊ ၄၄ ဒီဂရီအထိ ရှိနေတတ်သည့်၊ ရာသီဥတုပူပြင်းလှသည့် မန္တလေးမြို့နှင့် မိုင် ၄၀ ကျော် အကွာအဝေးသာ ရှိနေသော်ငြား ရာသီဥတုက မိုးနှင့်မြေလို ကွာခြားလွန်းသည်။

စစ်အရာရှိများကို မွေးထုတ်ပေးရာ စစ်တက္ကသိုလ်ကြီးနှင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံအများအပြား တည်ရှိပြီး တပ်မိသားစုများ အခြေချလေ့ရှိရာ ထိုမြို့ကို “တပ်မြို့” ဟုလည်း ခေါ်ဝေါ်ကြရာ ထိုအသုံးအနှုန်းကို ဒေသခံအများစုက မနှစ်မြို့တတ်ကြပေ။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ အကျော်တွင်ရှိပြီး တောတောင်များထူထပ်ခြင်း၊ သစ်ပင်ပန်းမန်များ ပေါများလှခြင်းတို့ကြောင့် ရာသီဥတုအေးမြမှုဖြင့် ဂုဏ်သတင်းကျော်စောသည့် ထိုမြို့လေးတွင် မကြာသေးမီက ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်လာခဲ့သည်။

လက်နက်ကြီးဖြင့် ခြိမ်းခြောက်ခံနေရသည့် ပြင်ဦးလွင်

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့စစ်အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်နေကြရာတွင် စစ်မျက်နှာများနေသည့် စစ်ကောင်စီအတွက် အလုံခြုံဆုံးဟု ဆိုနိုင်သည့် ဒေသများထဲတွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဝန်းရံထားသည့် လုံခြုံရေးကောင်းသော ပြင်ဦးလွင်မြို့လည်း ပါဝင်သည်။

ယခုအခါ ၎င်းတို့၏လုံခြုံရာမြို့သည်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ခံနေရသည်။

ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က ကန်တော်ကြီးလမ်း ကန်ပတ်လမ်းတွင် PDF အလံ လွှင့်တင်စိုက်ထူခဲ့သည့် ဓာတ်ပုံမှာ facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သလို ထိုအလံကို ဖြုတ်ယူလွှင့်ပစ်နေသော ရုပ်သံဖိုင်တစ်ခုလည်း ပေါ်ထွက်ခဲ့သည်။ 

ဧပြီ ၈ ရက်နေ့ နံနက်တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ၁၀၇ မမ လက်နက်ကြီး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

အဆိုပါ ဒုံးကျည်များ ပြင်ဦးလွင်မြို့အဝင် စစ်တက္ကသိုလ်ဝင်ပေါက် (ရုပ်တု ၃ ခု ရှိရာဂိတ်) အနီးသို့ ကျရောက် ပေါက်ကွဲပြီး လမ်းနှင့် အုတ်တံတိုင်း အစိတ်အပိုင်းတချို့ပျက်စီးခဲ့သည်။

ယင်းနောက် ၅ ရက်အကြာ ဧပြီ ၁၃ ရက် ညတွင်လည်း စစ်တက္ကသိုလ်ကို အလားတူ တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်သားတို့ကလည်း လက်နက်ကြီးငယ်များဖြင့် အနီးဝန်းကျင်ကို ပစ်ခတ် တုံ့ပြန်သည်ဟု သိရသည်။ စစ်တပ်ဝန်းကျင်နှင့် မြို့အတွင်းနေရာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲရာ နှစ်ဖက်ထိခိုက်မှု မသိရသေးသော်လည်း အရပ်သားတချို့ သေဆုံး ထိခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် အထက်ပါ ဖြစ်စဉ်အပြီး ပြင်ဦးလွင်မြို့ကို လုံခြုံရေးအထူးတင်းကျပ်လိုက်သည်ဟု မြို့ခံတို့က ဆိုသည်။

ပြင်ဦးလွင်မြို့မှ ယာဉ်မောင်းတစ်ဦးက စစ်တပ်၏ ကာကွယ်ရေးအစီအစဉ်များ သိသိသာသာ တွေ့နေရသည်ဟု ပြောသည်။

“မြို့အဝင် DSA အနီး စစ်ဆေးရေးဂိတ်မှာလည်း ဘန်ကာတွေတိုးဆောက်ထားတယ်။ ဘန်ကာတွေထဲမှာ လက်နက် အသင့်ချိန်ရွယ်ထားတဲ့ စစ်သားတွေ ရှိတယ်။ လမ်းနှစ်ဖက်လုံးမှာ စစ်သား ၅ ဦးစီ စစ်ဆေးတယ်။ တစ်ခါတစ်ရံ အဲဒီဂိတ်မှာ ကားတွေ တန်းစီပိတ်မိနေတယ်။ ပြီးတော့ သူတို့တပ်ဝင်းတွေရှေ့မှာလည်း ဘန်ကာတွေ ဆောက်နေတာ တွေ့ရတယ်။ မြို့ပြင်ဂိတ်တွေမှာ ပိုပြီးတော့ အစစ်အဆေးကြမ်းတယ်။ ကားတွေကို ပိုစစ်ဆေးတာ တွေ့ရတယ်” ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။

“မြို့ထဲကိုလည်း ကားတွေနဲ့ ကင်းပတ်တယ်။ အနီးစခန်းလေဆိပ်ဝင်းထဲဆိုလည်း အင်အားအများအပြား ချထားတယ်။ လေဆိပ်ရှေ့အုတ်တံတိုင်းတွေကိုလည်း အုတ်ပေါင် တိုးမြှင့်ပြီးခတ်နေတာ တွေ့ရတယ်”

ယခုနှစ် ဇန်နဝါရီ ၂၈ ရက်က ကန်တော်ကြီးလမ်း ကန်ပတ်လမ်းတွင် PDF အလံ လွှင့်တင်စိုက်ထူခဲ့သည်ကို ဖေ့ဘွတ်ခ် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

မြို့အတွင်း၌ပင် အသွားအလာပုံမှန်ထက်လျော့ပါးသွားသည်ကို တွေ့ရပြီး ဈေးဆိုင်တချို့ပိတ်ထားကြသည်။

ဧည့်သည်ကို အားကိုးရသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သူများ အလုပ်ပါးသည့် အခြေအနေဖြစ်သည်ဟု မန္တလေး-ပြင်ဦးလွင် ယာဉ်မောင်းက ညည်းတွားသည်။

“ဒေသခံတွေ အသွားအလာလုပ်တာပဲရှိတယ်။ အရင်လို ဘုရားဖူး၊ အလည်အပတ်လာတာမျိုး မရှိသလောက်ပဲ။ ပြင်ဦးလွင်မှာ ခုက ဒေသခံလောက်ပဲ ကျန်တော့တယ်။ (စစ်) ရှောင်ကြပြီ” ဟု ၎င်းက ဆက်ပြောသည်။

“အရင်က ဒီအချိန်ဆိုရင် မန္တလေးပူလွန်းလို့ အပူရှောင်လာကြသူတွေ၊ အိမ်ခြံမြေ ရောင်းဝယ်၊ အငှားတွေလည်း အလုပ်ဖြစ်ကြတယ်။ အခုတော့ အပူရှောင်လည်း မလာကြဘူး။ ‌မြေအရောင်းအဝယ်တွေလည်း အရမ်းအေးနေတယ်လို့ သိရတယ်။ တိုက်ပွဲနီးနေတဲ့ မိုးကြိုးပစ်ရွာဘက်တွေဆိုရင် အိမ်တွေ ဈေးအင်မတန်လျှော့ပြီး အစွံထုတ်နေကြတယ်”

ပြင်ဦးလွင်မြို့တွင် ခရီးသွားဧည့်များ နည်းပါးလာ၍ အလုပ်အကိုင်မဖြစ်သည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု ကန်တော်ကြီးအနီး သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက ဆိုသည်။

“ရေရှည်အတွက် အလုပ်ပြောင်းဖို့တောင် စိတ်ကူးနေရပြီ” ဟု ၎င်းက ညည်းတွားသည်။

ယခင်က ဧည့်သွားဧည့်လာများသည့် ပြင်ဦးလွင်တွင် တုတ်တုတ်ဆိုင်ကယ်ဟု ခေါ်ကြသော မီနီအိုးဝေ မောင်း၍ ဧည့်သည်များ လိုရာခရီးပို့ဆောင်ရသည့် လုပ်ငန်းသည် ဝင်ငွေကောင်းခဲ့သည်။ 

နေ့တစ်ပိုင်းပင်လျှင် ဝင်ငွေ သုံးသောင်းထက်မနည်း ရရှိတတ်သော်လည်း ယခုအခါ ထိုပမာဏ ရရှိရန် ၃ ရက်ထက်မနည်း လုပ်ကိုင်ရမည်၊ ဈေးဦးမပေါက်သည့်နေ့ပင် ရှိသည်ဟု ဆိုသည်။

“ဒါတောင် ရှိတာလေးခြစ်ကုတ်ပြီး အပိုင်ဝယ်ထားတာ။ ငှားမောင်းရမယ်ဆို မကိုက်ဘူး။ အုံနာခနဲ့ဆို ထမင်းတောင် စားရမယ်မထင်ဘူး” ဟု ၎င်းက ပြောသည်။

“လွယ်လွယ်ပြောရရင် နိုင်ငံရေးမကောင်းလို့ဖြစ်တာပေါ့။ တစ်ချိန်ကဆို ဒီအလုပ်က ဝင်ငွေအဖြောင့်ဆုံးပဲ။ ခုတော့ ချွေတာစားရတယ်။ နိုင်ငံရေးကြီးလည်း မြန်မြန်ပြီးချင်လှပါပြီဗျာ”

ခရီးသွားဧည့်မလာ၍ ဝင်ငွေမကောင်း၊ အလုပ်မဖြစ်သည့် ထိုအခြေအနေကို ရင်ဆိုင်နေရသည်မှာ ဦးကျော်တို့ သုံးဘီးဆိုင်ကယ်သမားများတင်မဟုတ်၊ ပြင်ဦးလွင်ဒေသထွက်များရောင်းချသည့် ဈေးသည်များ၊ စိုက်ပျိုးရေးသမားများအပြင် သိန်းပေါင်းသောင်းချီ အရင်းအနှီးပြုထားရသည့် ဟိုတယ်များ၊ အပန်းဖြေ ဘန်ဂလိုဆောက်လုပ်ထားသူများ၊ ဧည့်ရိပ်သာများပင် ပါရှိသည်။

ပြင်ဦးလွင်မြို့ လူစည်ကားသည့် ရုံးပေါင်းစုံအနီး Hotel အသစ်တစ်လုံး၏ ပိုင်ရှင်သည်လည်း အရင်းအနှီးကြီးကြီး မြှုပ်နှံထားသော်လည်း နိုင်ငံရေးအခြေအနေများကြောင့် ဧည့်မလာ၊ အလုပ်မဖြစ်၍ ကွမ်းယာသည်လောက်ပင် ဝင်ငွေမရှိဖြစ်နေသည်ဟု လွန်ခဲ့သောလက အွန်လိုင်းလူမှုကွန်ရက်တွင် ရုပ်သံလွှင့်တင်၍ ညည်းတွားပြောဆိုထားသည်ကို တွေ့ရသည်။

၂၀၁၉ နှစ်လယ်ပိုင်း အစိုးရပြန်ကြားရေးဌာန ထုတ်ပြန်သည့် ပြင်ဦးလွင်မြို့လယ်ပုံ။

ယင်းအပြင် စစ်တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် နန်းမြိုင်ဟိုတယ်၊ ကန်တော်ကြီးအနီး ဟိုတယ်ပြင်ဦးလွင်၊ Tiger Hotel နှင့် အနီးစခန်း ဓာတ်တော်ချိုင့်အနီးရှိ The View စသည့် ပြင်ဦးလွင်မြို့၏ နာမည်ကျော်ဟိုတယ်များတွင်ပင် ဧည့်သည်အဝင်အထွက် နည်းပါးသွားကြောင်း ခရီးသွားတချို့က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အုပ်ချုပ်မှုအောက်တွင် နိုင်ငံ့စီးပွားရေးတစ်ဟုန်ထိုးကျဆင်းလာသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို မြန်မာပြည်သူတို့ ကြံ့ကြံ့ခံနေရရုံမက စစ်မျက်နှာများနေသည့် စစ်ကောင်စီကို တော်လှန်သည့်တိုက်ပွဲများ၏ ဘေးထွက်ဆိုးကျိုးကိုလည်း ဒေသခံတို့ ကြုံဆုံနေကြရသည်။

“အမြန်ပြီးချင်လှပါပြီ။ လူတွေလည်း အဘက်ဘက်က နာလန်မထူနိုင်တော့ဘူး။ အာဏာသိမ်းလိုက်တာက နိုင်ငံကိုသာမက လူပေါင်းများစွာ၊ မိသားစုပေါင်းများစွာရဲ့ ဘဝတွေကို ချောက်နက်ထဲ ဆွဲချလိုက်တာပါပဲ” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုလိုက်သည်။

အာဏာမသိမ်းမီက ပြင်ဦးလွင်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၀၀၀၀ ကျော် နှစ်စဉ် လာရောက် လည်ပတ်မှုရှိသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မှတ်တမ်းဟောင်းများအရ သိရသည်။

အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲဖြစ်ရပ်များသည် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုကြီးသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်းတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

“သင်္ကြန်ရက် တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်း ပိုပြီးဆိုးရွားသွားတာပေါ့။ အလည်အပတ်လာသူတွေရော ဒေသခံတွေရော တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်က ဆင်းပြေးကြတာတွေ ရှိတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့်ရော ခရီးသွားက အာဏာသိမ်းပြီးနောက် အတော်ကို နည်းသွားပြီ” ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် အပန်းဖြေရိပ်သာများတွင် လုပ်ကိုင်နေသူ ဝန်ထမ်း ၉၂၀၀၀ ကျော် အပါအဝင် ထိုလုပ်ငန်းနှင့် ချိတ်ဆက်ထားသူ ဧည့်လမ်းညွှန်၊ ဆိုက်ကား၊ သုံးဘီးနှင့် ယာဉ်မောင်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ စသဖြင့် ဆက်စပ်လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲဝန်းကျင်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏၂၀၂၀ ခုနှစ်က ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် (၁၅) ကြိမ်မြောက်ပန်းပွဲတော် ပြုလုပ်နေသည်ကို ၂၀၂၃ ဇန်နဝါရီ ၁၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-စစ်ကောင်စီ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ၏ စစ်ရေးခြိမ်းခြောက်မှု

ဧပြီ ၁၅ ရက်က ပြင်ဦးလွင်မြို့နှင့် ဆယ်မိုင်အကွာ နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာမှ စစ်စခန်းကို MDY PDF ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ၄ ရက်အကြာ ဧပြီ ၁၉ ရက်မှ စတင်ကာ စစ်ကောင်စီက ထိုစခန်းပြန်လည်ရရှိရေး လေတပ်၊ ကြည်းတပ် အင်အားဖြင့် အပြင်းအထန် ပြန်လည် ထိုးစစ်ဆင်နေခြင်းဖြစ်ရာ တိုက်ပွဲနီးကပ်လာသဖြင့် ပြင်ဦးလွင်ဒေသခံများ စိုးရိမ်ကြောင့်ကြနေကြသည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့မှ ထွက်ပေါ်လာသော အသံများကို တိတ်ဆိတ်အေးချမ်းလှသည့် ပြင်ဦးလွင်မြို့မှ အတိုင်းသား ကြားနေကြရခြင်းဖြစ်ပြီး ဒေသခံတချို့ နေရပ်စွန့်ခွာနေကြသည်ဟု ပြင်ဦးလွင်မြို့ ရေငယ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

“နေ့စဉ်ရက်ဆက်ပဲ၊ တအုန်းအုန်း၊ တဒုန်းဒုန်းနဲ့ အတိုင်းသား ကြားနေရတာ။ အိမ်တွေပါ တုန်တယ်။ တိုက်ပွဲက နီးနီးလာပြီလို့ ယူဆရတယ်” ဟု ၎င်းက ဆိုသည်။

“တချို့ အကြောက်လွန်ကြပြီး စစ်ရှောင်သွားသူတွေလည်းရှိတယ်။ တချို့လည်း လက်နက်ကြီး လာကျမှာ ကြောက်တော့ မြေကျင်းတူးတာတို့ ပြင်ဆင်မှုတွေ စလုပ်နေတယ်။ ညနေစောင်းရင် မြို့ပြင် နီးတဲ့ ရပ်ကွက်တွေဆို အိမ်တံခါးတွေ၊ ဈေးဆိုင်တွေ စောပိတ်ကြ၊ မီးမှိတ်ကြပြီး စိုးရိမ်မှုနဲ့ အိပ်ကြတာပဲ။ ၆ နာရီနောက်ပိုင်း လမ်းတွေပေါ် အတော်ရှင်းသွားတယ်”

ဧပြီ ၁၉ မှ ၂၅ ရက်အထိ တစ်ပတ်တာ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးပြီး၊ ဒဏ်ရာရရှိသူ များပြားကြောင်း၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ပြုလုပ်ခဲ့ပြီး MDY-PDF တပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်နှင့်အတူ NUG ၏ ကာကွယ်ရေးဝန်ကြီး သရက်ကုန်းကျေးရွာအနီး လာရောက်ကြည့်ရှုသည့် ဓာတ်ပုံပါ ထုတ်ပြန်ထားသည်။

MDY PDF တပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရသော NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်။ (ဓာတ်ပုံ-MOD)

ထိုတိုက်ခိုက်မှုများသည် တပ်ရင်း ၅ ရင်းဖြင့် ဖွဲ့စည်းထားသည့်၊ MDY-PDF ဟု လူသိများသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ၏ ၂၀၂၂ ဧပြီလဆန်းပိုင်း ရှမ်းပြည်နယ်တိုက်ပွဲများမှ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

ဧပြီ ၅ ရက်နေ့တွင် MDY-PDF က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဟိုခိုရွာအနီးရှိ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ရက်ပေါင်း ၂၀ နီးပါး တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့ကာ စစ်သည်အင်အားရာချီဖြင့် ပြန်လည်တိုက်ခိုက်နေရာ နှစ်ဖက်အကျအဆုံးများ ရှိခဲ့သည်။ စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံ အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်။

ထို့နောက် ဇူလိုင်နှင့် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး စစ်ကောင်စီလေတပ်ကလည်း ပစ်ကူပေးခဲ့သည်။

နောင်ချိုမြို့နယ်သည် စစ်တက္ကသိုလ်များနှင့် စစ်ကောင်စီတပ်ရင်းများ အခြေစိုက်ရာ ပြင်ဦးလွင်မြို့နှင့် နယ်မြေချင်း ထိစပ်နေပြီး အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော မန္တလေး – မူဆယ်ကားလမ်းပေါ်၌ ရှိသည်။

၂၀၂၃ တွင် နောင်ချိုမြို့အနီး ဇူလိုင်လလယ်မှ စက်တင်ဘာ ၁၀ ရက်အတွင်း “ကနောင်စစ်ဆင်ရေး” ဟု အမည်ပေးထားသည့် တိုက်ပွဲ ၁၇ ကြိမ်ခန့် ဖြစ်ပွားခဲ့သလို ထိုတိုက်ပွဲများတွင် MDY- PDF နှင့်အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လည်း ပါဝင်ခဲ့သည်။

TNLA ပြောခွင့်ရ ဗိုလ်မှူးချုပ်တားဘုန်းကျော်က နွေဦးတော်လှန်ရေးတွင် ပါဝင်သူ PDF လူငယ်လူရွယ်အများအပြားကို စစ်ပညာ လေ့ကျင့်သင်ကြားပေးပြီး စားသောက်နေထိုင်ရေးမှစ၍ လက်နက်တပ်ဆင်နိုင်ရေးပါ ကူညီပေးနေသည်ဟု ဘီဘီစီသတင်းဌာနကို ၂၀၂၃ ဧပြီ ၂၂ တွင် ပြောဆိုထားသည်။

ကနောင်စစ်ဆင်ရေး တိုက်ပွဲများတွင် နှစ်ဖက်လုံးက လက်နက်ကြီးများ အသုံးပြုပစ်ခတ်ကာ တိုက်ပွဲပြင်းထန်ခဲ့သလို စစ်တပ်မှ အရာရှိအဆင့်အပါအဝင် ထိခိုက်သေဆုံးမှုအရေအတွက် ဆယ်ဂဏန်းရှိကြောင်း MDY-PDF က စက်တင်ဘာ ဒုတိယပတ်တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်သော ဓာတ်ပုံများတွင် လက်နက်များ၊ ခဲယမ်းများ၊ စစ်ကားအနီး သေဆုံးနေသော စစ်သားအလောင်းများ၊ အရာရှိအလောင်းနှင့် မှတ်ပုံတင်ကတ် ၁ ကတ် ပါဝင်သည်။

စစ်ကောင်စီက တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

ယခုနှစ် ဇန်နဝါရီ ၄ ရက်က နောင်ချိုစခန်းသိမ်းတိုက်ပွဲတစ်ခုမှ သိမ်းဆည်းရမိလက်နက်များနှင့်အတူ တွေ့ရသော PDF များ။ (ဓာတ်ပုံ-MDY PDF)

ထို့နောက် စက်တင်ဘာ ၁၁ တွင် MDY-PDF က “မိုးလုံးမှိုင်း” အမည်ရှိ စစ်ဆင်ရေးကို စတင်ခဲ့ပြီး မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီ စခန်းကုန်း ၂ ခုကို TNLA, PDF ပူးပေါင်းတပ်က ယင်းလ ၁၉ ရက်နေ့တွင် စီးနင်းသိမ်းပိုက်ခဲ့သည်။

ညောင်ကုန်းရွာနှင့် ကုန်းစံကျေးရွာတို့အနီးရှိ အခြေစိုက်စခန်းကုန်းနှစ်ခုကို လက်လွှတ်ခဲ့ရသည့် စစ်တပ်က အင်အားဖြည့်၍ စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၂ တွင် တိုက်ပွဲများပြင်းထန်ခဲ့သည်။ အောက်တိုဘာ ၂၆ တွင် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်အရပ်တွင် ရှိသည့် စစ်ကောင်စီစခန်းတစ်ခု၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အုမ္မသီးရွာအနီး တိုက်ပွဲများဖြစ်ခဲ့သည်။

ထိုတိုက်ပွဲများအတွင်း TNLA, MDY-PDF တို့အပြင် NUG ၏ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း အမှတ် (၁၂၂၁) ၊ (၁၂၂၃) တို့လည်း ပါဝင်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်း ကွဲပြားသော်လည်း မိုးကုတ်နှင့် နောင်ချိုမြို့တို့သည် မော်တော်ယာဉ်ဖြင့် သွားလာပါက ၃ နာရီခန့်သာ ကြာသည့် အကွာအဝေးတွင် တည်ရှိသည်။ ထိုဒေသများသည် စစ်ကောင်စီ စစ်သင်တန်းကျောင်းများရှိရာ ပြင်ဦးလွင် (မေမြို့) နှင့်လည်း နာရီအနည်းငယ်သာ ကြာသည့် ခရီးတွင်ရှိသည်။

“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ပြင်ဦးလွင်အနီး ချဉ်းကပ်

ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် MDY- PDF ကလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် TNLA အတူ ပူးတွဲ တိုက်ပွဲဝင်ခဲ့သည်။

“တောင်သမန်” စစ်ဆင်ရေးဟု အမည်ပေးထားသည့် တိုက်ပွဲများတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ (ပြင်ဦးလွင်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်) နောင်ချိုမြို့နယ်အတွင်း မန္တလေး-လားရှိုးကားလမ်းမကြီးပေါ် တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။

ရှမ်းမြောက်ဒေသတစ်ခွင်မှ တိုက်ပွဲများဆီသို့ ဦးတည်သွားမည့် စစ်ကောင်စီတပ်၏ စစ်ကူတပ်များကို နောင်ချိုမြို့နယ်အတွင်းမှ ဖြတ်တောက် ဟန့်တားရခြင်းဖြစ်သည်။

အဆိုပါ စစ်ကူဖြတ်တောက်ရေးတိုက်ပွဲများအပြင် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့က ပြင်ဦးလွင်-မိုးကုတ် ကားလမ်းပေါ်ရှိ ကျေးရွာတချို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်သလို၊ မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်းများကိုလည်း တိုက်စစ်ဆင်ခဲ့ကြသည်။

၂၀၂၃ ဇန်နဝါရီ ၁၂ ရက် ပြုလုပ်သော အခမ်းအနားတစ်ခုတွင် တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-TNLA info)

“တောင်သမန်” စစ်ဆင်ရေး၏ စစ်ရေးရည်မှန်းချက်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ရှိရာ မန္တလေးသို့ ထိုးဖောက်နိုင်ရေး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ရေးရည်မှန်းချက်ဖြင့် ထိုးစစ်ဆင်လာခဲ့ရာတွင် ပြင်ဦးလွင်မြို့၏ အရှေ့မြောက်ဘက်ရှိ သံဘိုကျေးရွာစစ်စခန်းကို (ပြင်ဦးလွင်နှင့် ကားလမ်းအတိုင်း ၂၁ မိုင်အကွာတွင်ရှိ) ယခုနှစ် ဇန်နဝါရီ ၃ ရက်၊ (၁၈ မိုင်အကွာရှိ) ကျောက်မဲလေးကျေးရွာ စစ်စခန်းကို ဇန်နဝါရီ ၆ တွင်၊ (၁၅ မိုင်အကွာတွင်ရှိ) သရက်ကုန်းရွာစစ်စခန်းကို ဧပြီ ၁၅ တို့တွင် အသီးသီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

“ဒီရက်ပိုင်းတော့ တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် ဆုံးခန်းထိတိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သရက်ကုန်းရွာစစ်စခန်းကို မတိုက်ခိုက်မီ၊ ဧပြီ ၁၄ ညပိုင်းတွင် စစ်အုပ်စု၏ စစ်တက္ကသိုလ်နှစ်ခုအပြင် စစ်ဘက်ဆိုင်ရာကျောင်းများ၊ တပ်စခန်းများ ရှိနေသည့် ပြင်ဦးလွင်မြို့ကို ၁၀၇ မမ ရှေ့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

ဧပြီ ၁၄  ရက်နေ့ညတိုက်ခိုက်မှု မတိုင်မီ ဧပြီ ၈ ရက်နေ့ နံနက်တွင်လည်း ပြင်ဦးလွင်မြို့နယ် ပကဖအဖွဲ့က အလားတူတိုက်ခိုက်ခဲ့သည်။

၂၀၁၈ ခုနှစ်ကလည်း စစ်တပ်နည်းပညာတက္ကသိုလ် (DSTA) ကို TNLA က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ဖူးသည်။

သရက်ကုန်းရွာ စစ်စခန်းသိမ်းပိုက်ခံလိုက်ရပြီး နောက်နေ့များတွင် စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်းတို့ဖြင့် အသည်းသန် ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ လက်ရှိအချိန်အထိလည်း တိုက်ပွဲများ ပြင်းထန်နေသည်။

သရက်ကုန်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေ့ညမရွေးပစ်ခတ်နေသည်မှာ ပြင်ဦးလွင်မြို့ဝန်းကျင် ကျေးရွာများရှိ စစ်ကောင်စီတပ်စခန်းများ၊ မြို့ပေါ်ရှိ တပ်စခန်းများ ဖြစ်သည်ဟု သိရသည်။

ပြင်ဦးလွင်နှင့် မန္တလေးအနီး စစ်ရေးအခြေအနေပြမြေပုံ။

မန္တလေးကို ဝိုင်းပတ်သည့် စစ်ဆင်ရေးများ

MDY-PDF သည် မန္တလေးဝန်းကျင်တွင်လည်း ထိုးစစ်ဆင်နေသည်။

မန္တလေးမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ၊ ကားဖြင့် တစ်နာရီခရီးသာရှိသော မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းကျေးရွာအနီး ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်သည့် တိုက်ပွဲများကို “တောင်သမန်စစ်ဆင်ရေး” အဖြစ် အမည်ပေးထားကာ ထိုစစ်ဆင်ရေးသည် မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု MDY-PDF က ပြောထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်း (ဆည်တော်ကြီးရေလှောင်တမံခြေရင်း) တွင်ရှိ အင်ကြင်းမြိုင်ကျေးရွာအနီးမှ စစ်ကောင်စီ၏ အမှတ် (၁၀၁၄ ) လေကြောင်းရန်ကာကွယ်ရေးတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သလို၊ ယင်းတပ်၏ ကာကင်းစခန်းတစ်ခုကိုလည်း စီးနင်းတိုက်ခိုက်ခဲ့ကြသေးသည်။ စစ်ကောင်စီကလည်း တိုက်ခိုက်ရေးတပ်သာမက လက်ရုံးတပ်များမှ အင်အား ၆၀၀ ဝန်းကျင်ခန့်ဖြင့် နယ်မြေရှင်းလင်းနိုင်ရေး ပြန်လည်လုပ်ဆောင်ခဲ့သည်။

ဧပြီ ၂၈ ရက်နေ့ နံနက်တွင် စဉ့်ကူးမြို့နယ်အရှေ့ပိုင်းရှိ ဝါးပိုးချပ်ကျေးရွာအနီးရှိ ယာယီစခန်းကို ထိုးစစ်ဆင်ခဲ့ပြီး နာရီပိုင်းအကြာတွင် သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲတွင် ဒုဗိုလ်မှူးကြီးအပါအဝင် ၁၁ ဦးသေဆုံး၊ ၁၅ ဦး လက်နက်ချခဲ့သည်ဟု သိရသည်။

မန္တလေး-မတ္တရာ-စဉ့်ကူး မြို့နယ်တို့သည် တောင်မှ မြောက် တစ်တန်းတည်းရှိနေကြပြီး၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်း၊ အရှေ့ဘက်တွင် တောင်တန်းများခြားကာ ရှမ်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေကြသည့် မြို့နယ်များဖြစ်သည်။

အဆိုပါ မြို့နယ်များ၏ ကျန်အစိတ်အပိုင်းများတွင်လည်း စစ်ဒေသ (၁) လက်အောက်ခံ မိုးကုတ်ဗျူဟာမှ တပ်ရင်းများ၊ ပကဖများနှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြသည်။

ပြင်ဦးလွင်မြို့တွင်းတစ်နေရာကို ယခုရက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

Show More

Related Articles

Back to top button