မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီ စခန်းကုန်း ၂ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် PDF ပူးပေါင်းတပ်တို့က ယမန်နေ့ (စက်တင်ဘာ ၁၉) တွင် စီးနင်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ညောင်ကုန်းကျေးရွာအနီးမှ စခန်းကုန်းကို သိမ်းပြီးနောက် ထိုရွာအနီးတွင်ပင် ရှိသည့် ယာယီလက်နက်ကြီး စခန်းကုန်းကိုပါ သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ရင်း (၁၂၂၃) ၏ တပ်ရင်းမှူး ကိုလရောင်က ပြောဆိုသည်။
“စတာကတော့ ရန်သူက စပစ်ရာက တိုက်ပွဲဖြစ်တာပဲ၊ ကျွန်တော်တို့ ပူးပေါင်းတပ်တွေက အဲ့ဒီစခန်းကုန်းကို ရအောင် သိမ်းမယ်ဆိုပြီး တက်လုံးလိုက်ရာမှာ ညနေပိုင်းမှ ရလိုက်တာ” ဟု သူက ဆိုသည်။
ညောင်ကုန်းစခန်းကုန်းအတွင်းမှ စစ်ကောင်စီတပ်များက နံနက် ၁၁ နာရီခန့်တွင် စတင်ပစ်ခတ်သည်၊ ညနေ ၃ နာရီကျော်ခန့်အချိန်တွင် စခန်းကုန်း ကျသွားသည်၊ ညပိုင်း ၆ နာရီခန့်အချိန်တွင် လက်နက်ကြီးကုန်းလည်း ကျသွားသည်ဟု သိရသည်။
ညောင်ကုန်းကျေးရွာအနီးရှိ စခန်းကုန်းအတွင်းမှ စစ်ကောင်စီတပ်သားအလောင်းနှစ်ခု တွေ့ရှိရပြီး၊ လက်နက်နှစ်လက်၊ ခဲယမ်းများ၊ ရိက္ခာများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်၊ လက်နက်ကြီးစခန်းကုန်းမှ သိမ်းဆည်းရမိပစ္စည်းများကို စာရင်းပြုစုဆဲဖြစ်ကြောင်းလည်း ကိုလရောင်က ဆိုသည်။
“ရှေ့တန်းစခန်းဖြစ်တဲ့အတွက် စခန်းကုန်းတွေက ရန်သူအင်အား အတော်ရှိပါတယ်။ ကျွန်တော်တို့ တက်လုံးတဲ့အချိန်မှာ ဆုတ်ပြေးတဲ့လူရှိတဲ့အတွက် ရန်သူ (အလောင်း) ဘယ်လောက်ရတယ်ဆိုတာ ကျွန်တော်တို့ ရှင်းလင်းရေးလုပ်ပြီးမှ သေချာသိရမှာပါ” ဟု ဆိုသည်။
စခန်းကုန်းသိမ်းပိုက်ခဲ့သည့် တိုက်ပွဲများအတွင်း PDF တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရခဲ့သော်လည်း စိုးရိမ်ရသည့်အခြေအနေ မဟုတ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်းမပြုဘဲ အမှောင်ချထားသည်။
အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ မိုးကုတ်စစ်ဗျူဟာ PDF တပ်ရင်း ၁၂၂၁ , ၁၂၂၃ နှင့် TNLA ပူးပေါင်းတပ်များက ယခုလ ၁၁ မှ စတင်ကာ မိုးကုတ်မြို့နယ်အတွင်း မိုးလုံးမှိုင်းစစ်ဆင်ရေးကို စတင်နေခြင်းဖြစ်သည်။
မူဆယ်မြို့အနီးနှင့် မိုးကုတ်မြို့နယ်များအတွင်း အာဏာသိမ်းစစ်တပ်နှင့် စက်တင်ဘာ ၁၉ ရက် တစ်ရက်တည်းတွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
စခန်းကုန်းနှစ်ခုလုံးတွင် ပူးပေါင်းတပ်က စခန်းထိုင်ထားသည်၊ ယနေ့တွင် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးကြောင်း၊ မိုးကုတ်မြို့ပေါ် စစ်စခန်းများက စိန်ပြောင်းများဖြင့် ပစ်ခတ်ခြင်းများသာ ရှိနေကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲများပြင်းထန်နေသည့် ဒေသများအတွင်း ပြည်သူလူထုအနေဖြင့် ကားလမ်းများကို အသုံးပြုသွားလာခြင်းမပြုကြရန်၊ စစ်ကောင်စီတပ်နှင့် အနီးဝန်းကျင်သို့ သွားလာခြင်းမပြုရန် PDF တပ်များက တောင်းဆိုထားသည်။
TNLA ၏ စစ်ဒေသ ၂ ၊ NUG အစိုးရ၏ မိုးကုတ်စစ်ဗျူဟာဒေသတွင် ယခုလ ၁၁ ရက်နေ့မှ စပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ စက်တင်ဘာ ၁၅ နှင့် ၁၇ တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့သည်၊ ယင်းနေ့များတွင် အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရေးလေယာဉ်များဖြင့် တစ်နေ့ နှစ်ကြိမ်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)