သတင်း

TNLA, PDF တို့ မိုးကုတ်တွင် ထိုးစစ်ဆင်၊ တိုက်ပွဲ ဆက်ပြင်းထန်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် တအာင်းတပ် TNLA နှင့် PDF တို့က စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေရာ မြို့ဝန်းကျင်တွင် စက်တင်ဘာ ၁၁ မှ စတင်ပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

မိုးလုံးမှိုင်းဟု အမည်ပေးထားသည့် ထိုစစ်ဆင်ရေးတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်၏ ကုန်းစံကျေးရွာ စခန်းကုန်းကို ဝင်ရောက်နေရာယူလိုက်သည့် စက်တင်ဘာ ၁၁ မှ စတင်ပြီး တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ နှင့် ၁၇ တွင် စစ်လေယာဉ် လာရောက် တိုက်ခိုက်ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF မိုးကုတ်ဗျူဟာ တပ်ရင်း ၃ (တပ်ရင်း ၁၂၂၃) ၏ တပ်ရင်းမှူး ကိုလရောင်က ပြောသည်။

“လေယာဉ်ဗုံးကြဲတာတွေကတော့ ကျွန်တော်တို့ကို မထိခိုက်ခဲ့ပါဘူး” ဟု ဆိုသည်။

စက်တင်ဘာ ၁၅ ညပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သည့် ကျပ်ပြင်ရပ်ရှိ ရဲစခန်းကို ဝင်တိုက်ခဲ့သည်။

စစ်ကောင်စီက စခန်းကုန်းနှင့် စခန်းများကို ပြန်လည်ရယူရန်အတွက် တန်ပြန်စစ်ဆင်နေပြီး တိုက်ပွဲနေရာကို မိုးကုတ်မြို့ပေါ် အခြေစိုက်တပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကြောင့် သူ၏ ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။

သီတင်းတစ်ပတ်ကျော် ကြာနေပြီဖြစ်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈၀ ခန့် ထိခိုက်သေဆုံးနိုင်သည်ဟု ကိုလရောင်က ခန့်မှန်းသည်။

မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် တွေ့ရသည့် PDF တစ်ဦး (ဓာတ်ပုံ – Red Wolves Of Mogok FB)

ယနေ့ (စက်တင်ဘာ ၁၈) တွင်လည်း စစ်ကူလာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုလည်း PDF ခေါင်းဆောင်က ပြောသည်။

ယာဉ်လေးစီးပါ စစ်ယာဉ်တန်းထဲမှ နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၈ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း PDF တပ်ရင်းများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှ အိမ်ခြေ ၇၀ ခန့်ရှိသည့် ကုန်းစံရွာတွင် ဒေသခံအများစု ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲမဖြစ်ခင်ကတည်းက ရှောင်တဲ့သူတွေက ရှောင်နေကြပြီ။ မနေ့ကတော့ ရွာထဲမှာ သက်ကြီးရွယ်အိုတွေလောက်ပဲ ရှိတော့တယ်လို့ ကြားတယ်။ အများစုက တောတောင်တွေမှာ ရှောင်နေကြတယ်“ ဟု မိုးကုတ်မြို့ပေါ် တိမ်းရှောင်နေသည့် ကုန်းစံရွာခံတစ်ဦးက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ကလည်း မူဆယ်နှင့် မိုးကုတ်တွင် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း Facebook မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။ TNLA ၏ သတင်းထုတ်ပြန်ချက်တွင် PDF တပ်များအကြောင်း ထည့်သွင်းထားခြင်း မရှိပါ။

TNLA သည် မန္တလေးမှ နာရီအနည်းငယ်အတွင်း သွားရောက်နိုင်သည့် မိုးကုတ်၊ နောင်ချို စသည့် မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသည်။

TNLA တပ်ဖွဲ့ဝင်များကို ရှမ်းမြောက်တစ်နေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ – TNLA ပြန်ကြားရေး)

တရားဝင်သတင်းထုတ်ပြန်မှု မရှိသော်လည်း TNLA သည် အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာသည့် မန္တလေးနှင့် အနီးတစ်ဝိုက်မှ ဒေသခံကာကွယ်ရေးတပ်များကို လက်နက်နှင့် သင်တန်းများ ထောက်ပံ့နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း TNLA နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ခဲ့သည်။ ရှမ်းပြည်နယ် နောင်ချိုမြို့အနီးတွင် စစ်ကားတစ်စီးကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဖြစ်ပြီး ထိုတိုက်ခိုက်မှုမှာ ‘ကနောင်’ ဟု အမည်ပေးထားသည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ နှစ်ဆန်းပိုင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

ခုခံတော်လှန်လိုသူများကို စစ်ပညာသင်ပေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် TNLA လည်း ပါဝင်သည်။

နိုင်ငံအနှံ့မှ ခုခံလိုသူတို့မှာ နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ သွားရောက် ခိုလှုံကာ အကူအညီယူခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button