သတင်း

ရှမ်း-မန္တလေးအစပ် တိုက်ပွဲများကြောင့် ပြင်ဦးလွင်ဒေသခံတချို့ စတင်တိမ်းရှောင်

မိုင် ၃၀ ကျော်အကွာတွင် TNLA,PDF ပူးပေါင်းတပ်များက စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လိုက်ရာ စိုးရိမ်ပူပန်နေကြသော ပြင်ဦးလွင် မြို့ခံတချို့ စတင်တိမ်းရှောင်နေကြပြီး မြို့အဆင်းလမ်းတွင်သာ ကားများသွားလာနေကြသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် နီးကပ်သည့် စစ်တက္ကသိုလ်များ အခြေစိုက်ရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်ရိပ်စစ်ငွေ့သန်းလာသဖြင့် မြို့ခံတချို့ တိမ်းရှောင်နေပြီး မြို့အခြေစိုက်တပ်များ စစ်ကူသွားနေကြသည်ဟု သိရသည်။

ယမန်နေ့ (ဇွန် ၂၆) နံနက်တွင် မြို့ခံတချို့သည် မန္တလေးမြို့ဘက်သို့ စစ်ဘေးရှောင် ထွက်ခွာနေသည်ကို တွေ့မြင်ရပြီး မြို့ဘက်မှ အဆင်းကားများကိုသာ တွေ့ရကြောင်း ပြင်ဦးလွင်မြို့ခံများက ပြောသည်။

“မန္တလေးဘက် ဆင်းသွားတာ အထုပ်အပိုးတွေနဲ့ အိမ်စီးကားတွေ များတယ်။ အတက်လမ်းမှာ ကားတွေက မရှိသလောက်ပဲ။ (တိုက်ပွဲ) နီးလို့ ရှောင်ကုန်ကြပြီ” ဟု ပြင်ဦးလွင်မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လုံခြုံရေးအတွက်ဟု ဆိုကာ အစစ်အဆေးကြမ်းတတ်သည့် ပြင်ဦးလွင်မြို့တွင် ယမန်နေ့ နံနက်က မြို့အတွင်းအပြင်နှင့် စစ်တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်များတွင် စစ်သားများ မရှိသလောက်ဖြစ်နေပြီး ခါတိုင်းကဲ့သို့ လုံခြုံရေးလှည့်သည့်စစ်ကားများလည်း မတွေ့ရသလို အုပ်ချုပ်ရေးရုံးများလည်း ပိတ်ထားကြသည်ဟု ပြောသည်။

“တပ်မတော်သံမဏိစက်ရုံနဲ့ စစ်တက္ကသိုလ်အနီးက ဂိတ်မှာလည်း လုံခြုံရေးမရှိသလောက်ပဲ။ ဘန်ကာထဲမှာ လက်နက်အသင့်ချိန်ထားပြီး ထိုင်နေတာ ၂ ဦးပဲ တွေ့ရတယ်။ အနီးမှာတော့ အလုပ်သမားအချို့ လမ်းလယ်က ခြုံတွေ ရှင်းနေတာတွေ့ရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

“ပုံမှန်ဆို အဲဒီဂိတ်က အဆင်းလမ်းရော အတက်လမ်းရော အတော်အစစ်အဆေးကြမ်းတယ်”

လုံခြုံရေးတင်းကျပ်သည့် အနီးစခန်းလေဆိပ်ဝန်းအတွင်း ယမန်နေ့နံနက်က စစ်ကောင်စီတပ်သား ၄ ဦးခန့်ကိုသာ တွေ့ရသည် ပြင်ဦးလွင်မှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“အစစ်အဆေး၊ လုံခြုံရေးဘာမှ အထူးတလည်ပြင်ဆင်ထားတာ သိပ်မတွေ့ရဘူး။ စစ်တပ်တွေ၊ စခန်းတွေထဲလည်း အင်အားရှိပုံမပေါ်ဘူး။ ဒီအချိန်မှာ မြို့ကို ကာပြီး လုံခြုံရေး အပြင်းအထန်ချထားမယ် ထင်တာ။ သာမန်အစစ်အဆေးဂိတ်တွေမှာတောင် လူမရှိဘူး”

ပြင်ဦးလွင်မြို့နှင့် မိုင် ၃၀ ကျော်အကွာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် (TNLA) နှင့် ပူးပေါင်းတပ်များက ဇွန် ၂၅ နံနက်အစော၌ တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

မန္တလေးတိုင်းသို့ ဝင်ရောက်ရာ လမ်းပေါ်ရှိ ထိုနှစ်မြို့ကို TNLA,PDF ပူးပေါင်းတပ်များက ယမန်နေ့တည်းက ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများ မကျစေရေး ခုခံနေရကာ နယ်မြေထိစပ်နေသော မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင်ပါ တိုက်ပွဲများပြင်းထန်နေသည်။

တစ်ချိန်တည်းလိုလိုတွင် မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို PDF တပ်များက ဝင်ရောက် တိုက်ခိုက်နေကြသည်။

ထိုအခြေအနေတွင် စစ်တက္ကသိုလ်ကြီးများအခြေစိုက်ပြီး စစ်စခန်းများစွာရှိသည့် ပြင်ဦးလွင်မြို့သည် စစ်ရေးအရ အခြိမ်းခြောက်ခံရဆုံးမြို့ဖြစ်လာသည်။

ပြင်ဦးလွင်မြို့တွင်းတစ်နေရာကို ယခုနှစ် မေလဆန်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

“စခန်းအားလုံးကနေ နောင်ချိုဘက်ဂိတ်တွေ သွားပူးပေါင်းကြတယ်ထင်တယ်။ တပ်မိသားစုတွေလည်း အားလုံး ရွှေ့ထားကြပြီလို့ ကြားရတယ်” ဟု မြို့ခံနောက်တစ်ဦးက သုံးသပ်သည်။

ယခုနှစ်ဆန်းကလည်း ပြင်ဦးလွင်မြို့မှ ၁၅ မိုင်ခန့်သာ ဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နောင်ချိုမြို့နယ်ရှိ သံဘိုရွာရှိ စစ်တပ်စခန်းကို TNLA, MDY PDF တို့ သိမ်းယူခဲ့စဉ်ကလည်း ပြင်ဦးလွင်ဘက်မှလာသော စစ်ကူတပ်များ တိုက်ခိုက်ခံရကာ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိခဲ့သေးသည်။

ပြင်ဦးလွင်မြို့အတွင်း မြို့ခံများ သွားလာမှုရှိနေသေးပြီး ဈေးဆိုင်တချို့ပိတ်ထားသော်လည်း စာသင်ကျောင်းများကို ဖွင့်ထားကြသည်ဟု သိရှိရသည်။

လက်ရှိအချိန်အထိ ကျောင်းများပိတ်ရန် ညွန်ကြားချက် မရသေးကြောင်း၊ မိဘများအနေဖြင့် စိုးရိမ်ပူပန်ပါက ကျောင်းမလွှတ်ရန်နှင့် ခွင့်ပေးကြောင်း ပြင်ဦးလွင်မြို့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက ပြောသည်။

ပြင်ဦးလွင်မြို့အထွက် ၃ မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ “မိုးကြိုးရွာမ” ကျေးရွာဈေးတွင်လည်း ယမန်နေ့ နံနက်က ဈေးဆိုင်တချို့ ပိတ်ထားကာ လူအသွားအလာနည်းပါးနေသည်။

ယင်းအပြင် ပြင်ဦးလွင်မြို့အထွက် ပြည်ချစ်ဘုရားအနီး မြို့ရှောင်လမ်းထိပ်ရှိ စစ်ကောင်စီတပ်သားအများအပြား စခန်းချလေ့ရှိသည့် X Ray စစ်ဆေးရေးဂိတ်တွင်လည်း စစ်သားတစ်ဦးမျှ မတွေ့ရကြောင်း မြို့ခံတို့က ပြောသည်။

ထို့ပြင် ပြင်ဦးလွင်-နောင်ချိုလမ်း မြို့ပြင်ရွာများဖြစ်သည့် ကုန်းဘော၊ ထုံးကုန်း၊ ထုံးဘုံကျေးရွာများအနီး မန္တလေး-လားရှိုးလမ်းမကြီးပေါ်တွင်လည်း ကုန်တင်ကားအသွားအလာ မရှိသလောက်ဖြစ်ကာ ခြောက်ကပ်နေပြီး ဆိုင်အတော်များများသည်လည်း ပိတ်ထားကြသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့မြောက်ဘက် စစ်တန်းလျားအိမ်ရာများအနီး ရေငယ်ရပ်ကွက်မှ ဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေများကြောင့် စိုးရိမ်ပူပန်နေပြီး စစ်ရှောင်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“အရင်လို တအုန်းအုန်းတော့ အသံ မကြားရသေးဘူး။ ဒါပေမဲ့ နောင်ချိုတောင် တိုက်ပွဲက ပြင်းထန်နေပြီဆိုတော့ ပြင်ဦးလွင်က စိုးရိမ်စရာကောင်းနေပြီ။ အရေးကြီးစာရွက်စာတမ်းတွေ၊ အဝတ်တွေတော့ ထုတ်ပိုးပြင်ထားတာပေါ့နော်။ အခြေအနေကြည့်ရမှာပဲ” ဟု ထိုသူက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ရှမ်းမြောက်တွင် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ပြီးနောက် ရှမ်းနှင့်မန္တလေးအစပ်တွင် ဧပြီလအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ကာ ပြင်ဦးလွင်မြို့အဝင် စစ်တက္ကသိုလ်ဝင်ပေါက် (ရုပ်တု ၃ ခု ရှိရာဂိတ်) အနီး ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ထိုစဉ်ကလည်း စစ်ရိပ်သန်းခဲ့သည်။

ယခု ဒုတိယအကြိမ် စစ်ရိပ်စစ်ငွေ့များ ထပ်သန်းလာပြီး စိုးရိမ်ပူပန်သည့်ဒေသခံတချို့က စတင်တိမ်းရှောင်နေကြခြင်းဖြစ်သည်။

မန္တလေးမြို့နှင့် မိုင် ၄၀ ကျော် အကွာအဝေးတွင်ရှိပြီး တောင်လှေခါးမြို့တော်၊ မေမြို့၊ ပန်းမြို့တော်၊ ပြင်ဦးလွင် စသည်ဖြင့် အမျိုးမျိုး တင်စားခေါ်ဝေါ်သည့် ယင်းမြို့သည် တစ်ချိန်က ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားသားဧည့်သည်များကိုပါ ဆွဲဆောင်ထားနိုင်သည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။

TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ရင်း (၆၀၆)တပ်စခန်းကို ယနေ့ (ဇွန် ၂၇) နံနက် ၁၁ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ယနေ့ထုတ်ပြန်သည်။ ထိုစခန်းကို စစ်ကောင်စီတပ်က နံနက် ၁၁း၅၀ နာရီအချိန်တွင် Y-12 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည်ဟု ဆိုသည်။

TNLA နှင့်အတူ ပူးတွဲတိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုနှင့် မတ္တရာစစ်မျက်နှာများတွင် မဟာမိတ်များနှင့်လက်တွဲ၍ စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နှင့် ခမရ (၁၁၅) ကို အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ (၁၁၄) ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မတ္တရာရှိ အမှတ် (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်း၊ မိုးကုတ်မြို့နှင့် ကျောက်မဲမြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု MDY PDF က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ဇွန် ၂၅ နှင့် ၂၆ နှစ်ရက်အတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း ၂၄ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button