သတင်း

ပြင်ဦးလွင်အနီးရှိ စစ်တပ်စခန်းကို သိမ်းပိုက်စဉ် ဒုဗိုလ်မှူးကြီးတစ်ဦးဖမ်းမိ

ပြင်ဦးလွင်မြို့မှ ၁၅ မိုင်ခန့်သာ ဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နောင်ချိုမြို့နယ်အတွင်းရှိ သံဘိုရွာရှိ စစ်တပ်စခန်းကို တအာာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး - (MDY-PDF) တို့ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့သည်။

စစ်တက္ကသိုလ်များနှင့် တပ်ရင်းတပ်ဖွဲ့များရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့အနီးရှိ စစ်တပ်စခန်းကို သိမ်းပိုက်စဉ် လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

ပြင်ဦးလွင်မြို့မှ ၁၅ မိုင်ခန့်သာ ဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နောင်ချိုမြို့နယ်အတွင်းရှိ သံဘိုရွာရှိ စစ်တပ်စခန်းကို တအာင်းတပ် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး – (MDY-PDF)  တို့ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းယူခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က လေကြောင်းဖြင့် သုံးကြိမ်တိုက် ပစ်ကူပေးခဲ့သော်လည်း ယမန်နေ့ နံနက် ၇ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်ကို အရှင်ဖမ်းမိခဲ့ကြောင်း၊ သံဘိုရွာတိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိကြောင်းလည်း ဆိုသည်။

“ဒီတိုက်ပွဲမှာ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုများပါတယ်။ ရန်သူ့စခန်းနေရာအားလုံးကို ရှင်းလင်းခဲ့တာအပြင် စစ်ကူလာတဲ့ရန်သူကိုလည်း တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့အတွက် အကျအဆုံးက တော်တော်ကို များပါတယ်” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံ အော်စမွန်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF အဖွဲ့များအနေဖြင့် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦးကို ပထမဆုံးအကြိမ် လက်ရဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိသော လက်နက်များတွင် ဒရုန်းတိုက်ဖျက်ရေး (Drone Jammer) များနှင့် အခြားစစ်လက်နက်ပစ္စည်းမျိုးစုံ ပါဝင်သည်ကို တွေ့ရသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် ရန်သူ့ဘက်က စစ်ကူလာဖို့ ကြိုးစားခဲ့တာတွေရှိပါတယ်။ စစ်ကူလာတဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ သူတို့ နောက်ဆုတ်သွားခဲ့တာရှိပါတယ်” ဟု အော်စမွန်က ပြောသည်။

စခန်းကျသွားပြီးနောက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကျောက်မဲဘက်မှ သံဘိုကျေးရွာသို့ ကား ၃ စီးဖြင့် စစ်ကူလာသော စစ်သားများကိုလည်း PDF နှင့် TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ သံဘိုရွာတွင် အထိုင်ချကာ စစ်တပ်က ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်လေ့ရှိပြီး လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ထိုသို့ပစ်ခတ်စဉ် မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ဇီးဖြူရေရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

“လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ပြီးတော့ ဒုက္ခပေးနေတဲ့ စစ်စခန်းတစ်ခုဖြစ်တယ်။ သံဘိုစခန်းက ပစ်တဲ့လက်နက်ကြီးတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်” ဟု MDY-PDF ပြန်ကြားရေးတာဝန်ခံက မှတ်ချက်ပြုသည်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့က “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းသွားမည့် စစ်ကောင်စီ၏ စစ်ကူနှင့် ထောက်ပံ့ရေးတပ်ဖွဲ့များကို နောင်ချိုမြို့နယ်အတွင်း TNLA နှင့်အတူ PDF တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ မြို့များအပါအဝင် စစ်စခန်းအမြောက်အများနှင့် လက်နက်ခဲယမ်းပေါင်းများစွာ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ သိမ်းဆည်းရမိသော စစ်တပ်ယူနီဖောင်းများ၊ ခဲယမ်းများနှင့် စစ်ကောင်စီတပ်သားအလောင်းတချို့။ (ဓာတ်ပုံ-MDY-PDF, MOD)

Show More

Related Articles

Back to top button