သတင်း

နောင်ချိုတွင် လက်နက်ကြီးကျပြီး ကလေးနှစ်ဦး သေဆုံး

၁၀၂၇ စစ်ဆင်ရေးနယ်မြေတွင် ပါဝင်နေသော နောင်ချိုတွင် တိုက်ပွဲမရှိသည့်အချိန် ပစ်ခတ်မှုကြောင့် ၁၂ နှစ်အောက် ကလေး ၂ ဦး သေဆုံး၊ မိခင်နှင့် ကလေးနောက်တစ်ဦး ဒဏ်ရာရသွားသည်။

တိုက်ပွဲများ ပြင်းထန်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်တစ်ခုအတွင်းမှ သားအမိ ၄ ဦး ထိမှန်ကာ ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံး၊ မိခင်နှင့် အခြားကလေးတစ်ဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားကြသည်ဟု သိရသည်။

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေးရှိ သံဘိုကျေးရွာအတွင်းရှိ စစ်တပ်စခန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိုစခန်းနှင့် မြောက်ဘက် ၃ မိုင်ခွဲခန့်အကွာတွင် ရှိသည့် ဇီးဖြူရေကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ အသက် ၁ နှစ်နှင့် ၁၂ နှစ်အရွယ်တို့ ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြောဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန်တော့ မဟုတ်ဘူး။ စကစ စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ရွာထဲ ကျရောက် ပေါက်ကွဲပြီးတော့ သားအမိ ၄ ဦးလုံး ထိသွားတာ။ မိခင်ဖြစ်သူနဲ့ ဒဏ်ရာရတဲ့ကလေးကို ကျွန်တော်တို့ ဆေးကုပေးနေပါတယ်” ဟု သူက ဆိုသည်။

မန္တလေးတိုင်းနှင့် နယ်မြေထိစပ်နေသော နောင်ချိုမြို့နယ်အတွင်း စစ်တပ်၏ တပ်စခန်းများ၊ ခြေကုပ်နေရာများ ကို “၁၀၂၇” စစ်ဆင်ရေးအဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် MDY-PDF တို့က ယခုလဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

သံဘိုစစ်ကောင်စီတပ်စခန်းက ယင်းနေ့ ညနေက ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများ ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း TNLA ကလည်း ထုတ်ပြန်ကြေညာထားသည်။

၁၀၂၇ စစ်ဆင်ရေးပြင်းထန်နေသည့် ရှမ်းမြောက်ဘက်သို့ စစ်တပ်က တပ်ကူများ မပို့နိုင်ရေးအတွက် TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းဒေသ၊ ဂုတ်ထိပ်ဒေသနှင့် မန္တလေး-လားရှိုးကားလမ်း၊ ပြင်ဦးလွင်နှင့် နောင်ချိုမြို့တို့အကြားရှိ စစ်စခန်းများ၊ စစ်ယာဉ်တန်းတို့ကို တိုက်ခိုက်နေရာ တိုက်ပွဲများပြင်းထန်နေသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိနေပြီ ဖြစ်သည်။

ယင်းတိုက်ပွဲများတွင် စစ်တပ်က အဝေးပစ်လက်နက်ကြီးများဖြစ်သည့် စိန်ပြောင်းများ၊ အတွဲလိုက်ပစ်ဒုံးများကို ဆက်တိုက်အသုံးပြုနေသည့်အပြင်၊ လေတပ်ကိုလည်း အကြိမ်များစွာ အသုံးပြုတိုက်ခိုက်နေသည်။

စစ်ကောင်စီ၏ အထိုင်တပ်စခန်းများက တိုက်ပွဲဖြစ်ပွားနေချိန်များတွင်သာမက တိုက်ပွဲမရှိချိန်များတွင်လည်း လက်နက်ကြီးဖြင့် အနီးဝန်းကျင် ရွာများဘက်ကို ပစ်ခတ်နေသည်။ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။

ယမန်နေ့ နိုဝင်ဘာ ၁၅ နံနက်တွင် TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်တို့သည် ကျောက်မဲမြို့နယ်၊ နောင်ပြစ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယင်းတစ်နေ့တည်းတွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၃၀ ကျော်အထိ လုပ်ဆောင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ရှမ်းမြောက်ဒေသတွင် ဖော်ဆောင်လျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် နယ်မြေချင်း ထိစပ်နေသည့် မန္တလေးတိုင်းအတွင်းသို့ပါ ရောက်ရှိလာခဲ့ပြီး၊ နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ မတ္တရာမြို့နယ်အတွင်းရှိ စစ်စခန်းနှင့် စစ်ကြောင်းများကိုပါ TNLA, MDY-PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းရွာအနီးတွင် တိုက်ပွဲများဖြစ်နေရာ ကျည်စထိမှန်ဒဏ်ရာရသည့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသည်၊ အခြား ၇ ဦးခန့်လည်း ဒဏ်ရာရသလို အနည်းဆုံး ရွာ ၈ ရွာခန့်မှ ဒေသခံများ ထွက်ပြေးနေရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏  MDY-PDF သည် ၁၀၂၇ စစ်ဆင်ရေးတွင် TNLA နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်တို့တွင်ပါ ပူးတွဲတိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button