သတင်း

မတ္တရာအရှေ့ခြမ်း တိုက်ပွဲတွင် အဘွားအိုတစ်ဦး အပါအဝင် ၈ ဦး ဒဏ်ရာရ

မန္တလေးအနီး MDY-PDF နှင့် ၃ ရက်ဆက် တိုက်နေစဉ် စစ်တပ်က မြေပြင်ထိုးစစ်အပြင် လက်နက်ကြီး၊ လေကြောင်းပစ်ကူများ သုံးနေသည်၊ ဒဏ်ရာရသူများထဲတွင် သက်ကြီးအမျိုးသမီးတစ်ဦး ပါဝင်သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းရွာအနီးဝန်းကျင်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများဖြစ်နေရာ ဒဏ်ရာရသူ ၈ ဦးထဲတွင် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပါဝင်သည်ဟု ဒေသခံများထံမှ ယနေ့ (နိုဝင်ဘာ ၁၅) နံနက်ပိုင်းတွင် သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) နှင့် တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှပါ ပစ်ခတ်ရာမှ ထိုသို့ ဒဏ်ရာရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။

“ဒီနေ့ မနက်အစောပိုင်းကတည်းက ကင်းရွာဘက်က သေနတ်သံ၊ လက်နက်ကြီးသံတွေ ဆက်တိုက် ကြားနေရတယ်။ ၁၀ နာရီခွဲဝန်းကျင်လောက်ကတော့ စစ်တပ်က ကင်းရွာထဲကို Jet Fighter ၂ စီးနဲ့ ၄ ကြိမ် လာပစ်သွားတယ်။ အထိအခိုက် မသိရသေးဘူး။ ဘေးရွာတွေမှာလည်း လေယာဉ်တွေ ဖြတ်ပျံနေတယ်” ဟု ကင်းရွာအနီး နေထိုင်သူ မတ္တရာဒေသခံ အမျိုးသမီးတစ်ဦးက ယနေ့ နံနက်တွင် Myanmar Now ကို ပြောသည်။

နိုဝင်ဘာ ၁၄ တွင် လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရသွားသည်ဟု မတ္တရာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ကင်းရွာထဲ တောင်ဘက်ဘုန်းကြီးကျောင်းထဲကနေ စစ်တပ်က လက်နက်ကြီးနဲ့ ရွာထဲကို ပစ်လို့ ဒေါ်အုန်းကြည် (၇၈ နှစ်) ကို ထိတယ်။ နောက်ထပ် လေကြောင်းက ဗုံးကြဲလို့ ၇ ဦးလောက်ကတော့ ဘယ်သူတွေလဲ မသိရသေးဘူး။ MDY-PDF တပ်ဖွဲ့ဝင်တွေလို့လည်း ကြားရတယ်။ (ဒဏ်ရာ) မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အရှေ့ခြမ်း ကင်းရွာကို လွန်ခဲ့သည့် နှစ်ပတ်ကျော်ကတည်းက စီးနင်းရှာဖွေမှုများပြုလုပ်ခဲ့ပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားလိုက်ကာ ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် နိုဝင်ဘာ ၁၃ မှစတင်ကာ MDY-PDF နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်ရက်များတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

တိုက်ပွဲများကြောင့် မတ္တရာအရှေ့ခြမ်းရွာများဖြစ်ကြသည့် ကင်း၊ အောင်ချမ်းသာ၊ လက်ဝဲကြီး၊ တောင်ကန်၊ ကျောက်တံတား၊ လမိုင်း၊ မန်ကျည်းကုန်း၊ တောင်ကံ စသည့် ကျေးရွာများမှ ဒေသခံထောင်ချီသည် အရေးပေါ်စစ်ရှောင်နေရကြောင်း ကူညီပေးနေသည့် အထက်ပါ မတ္တရာဒေသခံအမျိုးသမီးက ပြောသည်။

“အခုမနက်ပိုင်း ရွာခံ ၁၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးနေရတယ်။ အရေးပေါ်ရှောင်တိမ်းရတာ ထောင်ချီတယ်။ တိုက်ပွဲက ခဏပါပဲ။ ပြန်မယ်ဆိုတဲ့သူတွေလည်း ရှိတယ်။ မရှောင်ကြတဲ့ ရွာသူရွာသားတွေလည်း အများကြီးရှိတယ်” ဟု အသက် ၃၀ ကျော်အရွယ် ယင်းအမျိုးသမီးက ဆိုသည်။

“မနေ့က ကင်းရွာနဲ့ ရေဆူတောင်ဘက်မှာ ၂ ကြိမ် လေယာဉ်နဲ့ ကြဲတာပေါ့နော်။ ၇ ဦးလောက် ထိတယ် ကြားထားတယ်။ ဒီနေ့မနက်လည်း စစ်ရှောင်လာသူတွေ ပြောပုံအရ ကင်းရွာဘက်မှာ သေနတ်သံတွေ….လက်နက်ကြီးသံတွေတော့ ဆက်တိုက်ကြားနေရတယ်”

စစ်တပ်က အောင်ချမ်းသာ၊ လက်ဝဲကြီး၊ တောင်ကံ အစရှိသည့် ရွာအချို့တွင် လတ်တလော အထိုင်ချ တပ်စွဲကာ ရွာခံ ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုကြသည်။

နိုဝင်ဘာ ၁၂ နံနက်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝါယမနှင့် ဧည့်သည် ဦးဇင်းခေမာတို့ကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု မတ္တရာဒေသခံ နောက်တစ်ဦးက ပြောသည်။

ဆရာတော်ဝါယမသည် ဝါတော် ၄၉ ဝါရှိပြီး မတ္တရာမြို့နယ် သံဃာ့နာယကအဖွဲ့အတွင်းရေးမှူးလည်းဖြစ်ပြီး PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ထိုအမျိုးသားက ဆိုသည်။

“ဆရာတော်ရဲ့တပည့်တစ်ဦးက တော်လှန်ရေးတပ်ဖွဲ့ဝင်…..သူ့ကို ဆရာတော်က အကူအညီပေးတယ်၊ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာ။ အခြားဦးဇင်းတစ်ပါးကိုတော့ ဘာကြောင့်ဖမ်းလဲ မသိရဘူး”

စစ်ကောင်စီက သံဃာတော်နှစ်ပါးကို ဖမ်းဆီးအပြီး နောက်ရက်များတွင် အောင်ချမ်းသာ၊ တောင်ကန်၊ လမိုင်း၊ ကျပ်ပြင် လက်ဝဲကြီးရွာတို့မှ အမျိုးသား ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု အထက်ပါဒေသခံက ပြောသည်။

“ဒေသခံတွေကို နိုင်ငံရေးကြောင့် ဖမ်းတာလည်း မဟုတ်ဘူး။ သူတို့စစ်ကြောင်းအတွက် ထမ်းပိုးဖို့၊ လူသားဒိုင်းလုပ်ဖို့သက်သက် ဖမ်းတာ”

စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေသည့် MDY-PDF ကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ MDY-PDF သည် တအာင်းတပ်မတော် (TNLA) နှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ခြေကုပ်ရယူထားပြီး “၁၀၂၇” စစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ခိုက်နေသည်။

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်သည် တော်လှန်ရေးအင်အားစုများ အားကောင်းပြီး စစ်ကောင်စီတပ်ကလည်း ထိုဒေသကို စီးနင်းတိုက်ခိုက်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button