သတင်း

ဂုတ်ထိပ်တံတားအနီးရှိ စစ်တပ်စခန်းကို TNLA/PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်နေ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စစ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်နေသည့်အပြင် စစ်ကူလာရောက်နိုင်မည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအဝင် နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးမှ စစ်တပ်စခန်းကို သိမ်းယူရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေးဆိုခွင့်ရှိသူက ယနေ့ (နိုဝင်ဘာ ၈) ပြောသည်။

စစ်တပ်စခန်းကို TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF တို့ ပူးပေါင်းကာ ယခုလ ၆ ရက်နေ့ကတည်းက တိုက်ခိုက်နေခြင်းဖြစ်သည်။

“ဂုတ်ထိပ် View Point နားမှာ ကျွန်တော်တို့က နေရာယူပြီးတော့ အောက်မှာ ရှိနေတဲ့ စစ်စခန်းကို တိုက်နေတာပါ၊ အပေါ်မှာ နေရာယူထားနိုင်ပေမဲ့ အောက်က စစ်စခန်းရှိနေသေးတဲ့အတွက် စိုးမိုးထားနိုင်တာမျိုးတော့ မဟုတ်သေးဘူး” ဟု TNLA ပြောခွင့်ရ ဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခုက အောက်တိုဘာ ၂၇ ရက်နေ့ တွင် “၁၀၂၇” စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ စစ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်နေသည့်အပြင် စစ်ကူလာရောက်နိုင်မည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားသည်။

ပြင်ဦးလွင်မှ တက်လာသည့် သံချပ်ကာယာဉ်နှစ်စီးပါ စစ်တပ်ယာဉ်တန်းကို နောင်ချိုမြို့နယ်အတွင်း ဟန့်တားထားပြီး တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဗိုလ်မှူးကြီးတာအိုက်ကျော်က ဆိုသည်။

“အဲ့ဒီယာဉ်တန်းကိုတော့ ကျွန်တော်တို့ ဖြတ်တောက်ထားနိုင်တယ်။ သံချပ်ကာယာဉ်တစ်စီးကိုလည်း RPG နဲ့ ပစ်ပြီး ဖျက်ဆီးထားပြီးဖြစ်တယ်”

မန္တလေး-လားရှိုးလမ်းအတိုင်း တက်လာသည့် ထိုစစ်ယာဉ်တန်းကို ဟန့်တားရာ၌ နောင်ချိုမြို့နယ်တွင် စစ်တပ်နှင့် TNLA/MDY-PDF ပူးပေါင်းတပ်ဖွဲ့များ ယခုလ ၁ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေသည်။

စစ်တပ်ယာဉ်တန်းမှာ နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာအနီးရှိနေပြီး ယမန်နေ့တွင် တိုက်ပွဲဖြစ်သည့်နည်းတူ ယနေ့တွင်လည်း နံနက် ၉ နာရီခွဲမှစ၍ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

နောင်ချိုမြို့နယ်အတွင်း သဲခေါ်ရွာနှင့် ကပ်လျက်ရှိ ရေဝင်ရွာတွင် အထိုင်ချထားသည့် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“သဲခေါ်စခန်းနဲ့ ရေဝင်ကော်ဖီခြံထဲက စကစတွေကတော့ လက်နက်ကြီးနဲ့ အချိန်ပြည့်ပစ်နေတာပဲ။ ရွာတွေထဲလည်း လူက မရှိတော့ဘူး။ အကုန်ရှောင်ကုန်ကြပြီ။ နေမယ်ဆိုရင်တော့ နေလို့ရနိုင်သေးပေမဲ့ သူတို့က မျက်စိနောက်အောင် ပစ်မဲ့အနေအထားရှိနေတာ။ အခုတော့ တောမှာ ရှောင်နေရပြီ” ဟု အထက်ပါ ဒေသခံရွာသားက ပြောသည်။

ထိုအနီးတစ်ဝိုက်ရှိ ရွာများမှ ဒေသခံများကို ညနေ ၅ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရန် စစ်တပ်က အမိန့်ထုတ်ထားသည်ဟုလည်း သိရသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ တရုတ်-မြန်မာနယ်စပ်အခြေစိုက် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ “၁၀၂၇” စစ်ဆင်ရေး ရက်ပေါင်းတစ်ဆယ်ကျော်လာပြီဖြစ်ကာ စစ်ကောင်စီဘက်က မြို့လေးမြို့အပါအဝင် စစ်စခန်း ၁၀၀ ကျော် လက်လွတ်ဆုံးရှုံးထားသည်။

ဂုတ်ထိပ်တံတားအနီး တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button