သတင်း

နောင်ချိုနယ်တွင် ၁၀ ရက်ကြာ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးများ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ၁၀ ရက်ကြာ တိုက်ပွဲများအတွင်း နှစ်ဖက် အထိအခိုက်အကျအဆုံးများသည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) က ဆိုသည်။

မန္တလေးတိုင်းနှင့် နယ်မြေချင်း ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ယခုလ ၅ ရက်မှ ယမန်နေ့ (ဧပြီ ၁၆) အထိ တိုက်ပွဲများဖြစ်စဉ် စစ်ကောင်စီဘက်မှ ၇၅ ဦးအထိ သေဆုံးကာ ၎င်းတို့ဘက်မှ ၇ ဦး သေဆုံးသည်ဟု MDY-PDF တာဝန်ရှိသူက ပြောသည်။

၎င်းတို့ ခြေကုပ်ယူထားသည့် နောင်ချိုမြို့နယ်အတွင်းရှိ တောင်ကုန်းများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ် ထိုးစစ်ဆင်နေသည့်အပြင် ၁၀ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ် ပြုလုပ်ခဲ့သည်ဟု MDY-PDF ပြန်ကြားရေးအရာရှိ ကိုအော်စမွန်က ဆိုသည်။

“ရန်သူက ကျွန်တော်တို့ရဲ့ ကုန်းနေရာတွေကို အကြိမ်ကြိမ် ထိုးစစ်ဆင်ပါတယ်။ ထိုးလာလိုက်၊ အထိနာ၊ ပြန်ဆုတ်လိုက်နဲ့ လုပ်နေခဲ့တာပါ”

လေကြောင်းတိုက်ခိုက်မှုများအတွင်း နေရာမှား ဗုံးကြဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့အတွင်း ကျရောက် ပေါက်ကွဲကာ ၃၀ ခန့် သေဆုံးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။ နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခြင်းအပေါ် စစ်ကောင်စီက ထုတ်ပြန်လေ့မရှိပေ။

ထို့အတူ Myanmar Now အနေဖြင့် စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်ရှိ နောင်ချိုမြို့နယ်သည် တောတောင်ထူထပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

နောင်ချိုနယ်တိုက်ပွဲများသို့ စစ်ကူမသွားနိုင်ရန် NUG လက်အောက်ခံ သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ် ၁၂၂၁ (ရင်း-၁) နှင့် ၁၂၂၂ (ရင်း-၂) တို့ကလည်း  မိုးကုတ်မြို့နယ် ပြောင်းခေါင်းလေးကျေးရွာအနီးရှိ တပ်မ (၈၈) အခြေစိုက်စခန်းတစ်ခုကို ယခုလ ၁၂ ရက်တွင် တိုက်ခိုက်ခဲ့သည်ဟု တပ်ရင်း (၁၂၂၂) မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ အီကြာကွေးဆိုသူက ပြောသည်။

မိုးကုတ်မြို့နယ်အရှေ့ပိုင်းရှိ ဘားနက်ကျေးရွာအနီးရှိ ပြောင်းခေါင်းလေးကျေးရွာအနီးတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီ၏ တပ်မ (၈၈) အခြေစိုက်စခန်းကို တစ်နာရီကျော်ကြာအောင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄ ဦး သေသည်ဟု ဆိုသည်။

“ကျွန်တော်တို့က ကင်းစခန်းငယ်တစ်ခုလို့ ထင်လိုက်တာလည်း ပါတယ်။ သွားတိုက်တဲ့အခါကျတော့ ကင်းစခန်းမဟုတ်ဘဲ အထိုင်စခန်းကြီးဖြစ်နေတာ လက်နက်ကြီးပစ်အား ထိထိရောက်ရောက်နဲ့ တိုက်ပွဲကို စပြီးတော့ တစ်နာရီကျော်သွားတဲ့အချိန် ကိုယ့်ဘက်ကလည်း ကျည် အတော်သုံးလိုက်ရတာရှိတာရော၊ စခန်းက စခန်းကြီးဖြစ်နေတာရောကြောင့် ပြန်ဆုတ်လိုက်တာ” ဟု အီကြာကွေးက ပြောသည်။

နောင်ချိုတွင် အခြေစိုက် လှုပ်ရှားနေသော MDY-PDF သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံ တိုက်ခိုက်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button