စစ်တက္ကသိုလ်ကြီးများအခြေစိုက်ရာ မန္တလေးတိုင်းအတွင်းမှ မေမြို့ ခေါ် ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်များ တိုးချဲ့တပ်စွဲလာပြီးနောက် စစ်ဖြစ်လာနိုင်သည့် အရိပ်အယောင်ကြောင့် ထိုမြို့တွင် နေထိုင်သူအများအပြား မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
စစ်ကောင်စီတပ်သားများသည် ယမန်နေ့ နံနက်ပိုင်းက မြို့ပြင်ရှိ ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်တွင် ဝင်ရောက်တပ်စွဲခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
ပြင်စာကျေးရွာနှင့် သုံးတောင်ကျေးရွာကြား ကုန်းမြင့်ပေါ်တွင် တည်ရှိသည့် ထိုတက္ကသိုလ်သည် မန္တလေးမြို့ကို အပေါ်စီးမှ မြင်ရပြီး စစ်ရေးအရ အသာစီးနေရာရရန် စစ်တပ်က ဝင်ရောက် အထိုင်ချလိုက်ခြင်းဖြစ်နိုင်ကြောင်း ပြင်ဦးလွင်မြို့ခံ အမျိုးသားက ဆိုသည်။
“အဲဒီမှာက ရဟတ်ယာဉ် ကောင်းကောင်းဆင်းသက်နိုင်တယ်။ ပြီးတော့ မန္တလေးတို့၊ ရန်ကင်းတောင်တို့ကို မြင်ရတယ်။ (လက်နက်ကြီးနဲ့) လှမ်းထုလို့ရနိုင်တဲ့ ဗျူဟာကုန်းလို နေရာပေါ့။ အဲဒီမှာ အရင်က ကားပြပွဲတွေလုပ်ကြတယ်။ မြေနေရာလည်း အတော်ကျယ်ပြီး ဗျူးကောင်းတဲ့နေရာကြီးပေါ့” ဟု ၎င်းက ဆိုသည်။
စစ်သားများရောက်လာပြီးနောက် ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသားများ ထွက်ခွာသွားကြသည်ဟု ဒေသခံတို့က ပြောသည်။
“အကုန်ပြန်ကုန်ကြပြီ။ ဒီကျောင်းမှာက ရပ်ဝေးတွေက လာတက်ကြတာ များတယ်။ သူတို့နယ်တွေကို ပြန်ကုန်ကြတာပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပြင်ဦးလွင်နှင့် အနီးဆုံးဖြစ်သည့် အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာမှ နောင်ချိုမြို့ကို တအာင်းတပ် TNLA က သိမ်းပိုက်ထားသည်။ ထို့ပြင် ပြင်ဦးလွင်နှင့် မန္တလေးအကြားရှိ ပုသိမ်ကြီးမြို့နယ်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ တပ်များက ဝင်တိုက်နေသည်။
ထိုအခြေအနေတွင် စစ်ငွေ့သန်းလာသည့် ပြီးခဲ့သည့်လအနည်းငယ်ကတည်းက စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး ယခုအခါ ထပ်မံ၍ နေရာတချို့တွင် တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေချိန်တွင် ဒေသခံတချို့ စိုးရိမ်တကြီး ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
စစ်တပ်က ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်တွင် တပ်စွဲပြီးနောက် အနီးအနားမှ ပြင်စာ၊ သုံးတောင်၊ ကျောက်ဖျာဒိုး အစရှိသည့် ကျေးရွာများမှ ဒေသခံများလည်း စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေသည်ဟု ဒေသခံအမျိုးသမီးက ဆိုသည်။
“တပ်စွဲလိုက်ပြီဆိုကတည်း စိုးရိမ်နေရပြီ။ လက်နက်ကြီးနဲ့ထုမှာတွေ မထင်ရင်မထင်သလို ရွာတွေဝင်နိုင်တာမို့ ကြောက်ပြီး တချို့ ရန်ကုန်ဘက် ပြောင်းဖို့ လုပ်နေကြတယ်” ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။
ပြင်ဦးလွင် ဒေသခံအမျိုးသားတစ်ဦးကလည်း “သတင်းတွေတက်နေတာက ၁၀ ရက်နေ့ကစပြီး ရှောင်ကြတော့ပေါ့။ ပြင်ဦးလွင်ကို တိုက်တော့မယ်ဆိုပြီး အဲဒီလိုစိုးရိမ်မှုတွေနဲ့ တချို့ ညတွင်းချင်း မန္တလေးဆင်းပြေးကြတာတွေလည်း ရှိတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။
ယင်းတက္ကသိုလ်အနီး ပြင်စာကျေးရွာရဲစခန်းတွင်လည်း အထပ်မြင့် အင်္ဂတေအလုံပိတ်ဘန်ကာများ တည်ဆောက်နေကြသည်ဟု ယင်းအနီးဒေသခံများက ဆိုကြသည်။
ဒေသခံများ၏အဆိုအရ ပြင်ဦးလွင်မြို့တွင် စစ်တပ်မိသားစုတချို့လည်း ပစ္စည်းများသယ်ဆောင်၍ စတင်ပြောင်းရွှေ့နေကြောင်း သိရသည်။
ကိုယ်ပိုင်ကားရှိသူများနှင့် စစ်အရာရှိမိသားစုဝင်တချို့သည် ၎င်းတို့မိသားစုဝင်များရှိရာ နေရာများနှင့် တိုက်ပွဲများနှင့်ဝေးရာ နေပြည်တော်အပါအဝင် မြို့ကြီးများသို့ ပြောင်းရွှေ့သွားကြခြင်းဖြစ်ကြောင်း တပ်မိသားစုဝင်တစ်ဦးက ပြောသည်။
“ကလေးနဲ့ သက်ကြီးရွယ်အိုတွေရှိပြီး မိသားစုများတဲ့သူတွေက ပစ္စည်းတွေတင်ပြီး ရွှေ့ကြတာရှိတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် တပ်မိသားစုများရွှေ့ပြောင်းရန် ကူညီပေးခြင်းမရှိသလို ပြောင်းရွှေ့ခြင်းကိုလည်း တားမြစ်ခြင်း မရှိကြောင်း တပ်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
“နေရာရွှေ့ဖို့ အခက်အခဲရှိသူတွေကတော့ တပ်ထဲမှာပဲ ဆက်နေ၊ နောက်တန်းလုံခြုံရေးလုပ်ပြီး ဆက်နေကြတာပဲ။ ဖြစ်ရင်လည်း တစ်မြို့လုံးဆိုတော့ ခုထိ နေရာတော့ မပြောင်းသေးဘူး” ဟု ပြင်ဦးလွင်တွင် နေထိုင်သည့် တပ်မိသားစုဝင်က ဆိုသည်။
တာဝန်ထမ်းဆောင်နေသည့် ခင်ပွန်းသည် ဗိုလ်ကြီးကို မထားရစ်ခဲ့လို၍ နေရာမရွှေ့ပြောင်းခြင်းဖြစ်ပြီး တိုက်ပွဲများပြင်းထန်လာပါက ဘေးကင်းရာမြို့သို့ တိမ်းရှောင်ရန် ပြင်ဆင်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမှ ပြင်ဦးလွင်အတက်လမ်း ၁၆ မိုင်စစ်ဆေးရေးဂိတ်နှင့် ၂၂ မိုင် ဇီးပင်ကြီးစစ်ဆေးရေးဂိတ်တို့တွင်လည်း မြို့အဝင်အထွက်ကားများကို တင်းကျပ်စွာစစ်ဆေးနေပြီး ပြင်ဦးလွင်မြို့အတွင်းရှိ တပ်များ၊ ရဲစခန်းများ၊ အုပ်ချုပ်ရေးရုံးများနှင့် ၎င်းတို့တပ်စွဲရာနေရာများအနီး သစ်ပင်ချုံနွယ်များကိုလည်း ခုတ်ထွင်ရှင်းလင်းနေကြကြောင်း ဒေသခံတို့က ပြောသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့အတွင်း နေရာတချို့၌ ဈေးဆိုင်များလည်း ပိတ်ထားကြပြီး မြို့တွင်းမြို့ပြင် ခြောက်ကပ်တိတ်ဆိတ်သွားသည်ဟု သိရသည်။ ပြင်ဦးလွင်အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်မှစတင်ကာ ပြင်ဦးလွင်-နောင်ချို မြို့နှစ်မြို့အဝင်အထွက်ကိုလည်း သြဂုတ် ၇ ရက်နေ့မှစတင်ကာ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။