သတင်း

မြို့နားကပ်လာသည့် တိုက်ပွဲကြောင့် ပြင်ဦးလွင်တွင် လုံခြုံရေးတင်းကျပ်

လက်ရှိတွင် ပြင်ဦးလွင်မြို့အတွင်း မြို့ခံများ သွားလာမှုရှိနေသေးပြီး အချို့လည်း စစ်ရှောင်ထွက်ပြေးနေကြသည်၊ မြို့ပြင်ရွာများ၌ ဈေးဆိုင်များလည်း ပိတ်ကာ ခြောက်ကပ်တိတ်ဆိတ်နေသည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ကို တအာင်းတပ် (TNLA) ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်ထိန်းချုပ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေချိန်တွင် မိုင် ၃၀ ကျော်သာ ကွာဝေးသည့် စစ်တက္ကသိုလ်ကြီးများအခြေစိုက်ရာ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်လိုက်သည်။

ဇွန်လ ၂၇ ရက်နေ့ ညတွင် မန္တလေးတိုင်း၊  ပြင်ဦးလွင်မြို့အဝင် ဝက်ဝံစစ်ဆေးရေးဂိတ်အနီး TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများကို ကိုးကားပြီး Myanmar Now က ရေးသားခဲ့သည်။ 

ထိုတိုက်ပွဲသတင်းသည် မှားယွင်းဖော်ပြမှုဖြစ်ပြီး ယင်းနေရာတစ်ဝိုက်တွင် နေထိုင်သူများက ပစ်ခတ်သံများကို ကြားခဲ့ရခြင်းသာဖြစ်ပြီး အမှန်တကယ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု သိရသည်။

ဝက်ဝံစစ်ဆေးရေးဂိတ်သည် တအာင်းတပ် TNLA နှင့် မဟာမိတ်များ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်ထားသည့် နောင်ချိုမြို့နှင့် ပြင်ဦးလွင်အကြားတွင် တည်ရှိသည်။ ဝက်ဝံစစ်ဆေးရေးဂိတ်နှင့် DSA အပါအဝင် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင်းသည် ကားလမ်းခရီးဖြင့် နာရီဝက်ခန့်သာ ကွာဝေးသည်။

တိုက်ပွဲများကြောင့် ဒေသခံများ ပြင်ဦးလွင်မြို့ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

ထို့အတူ နောင်ချိုနှင့် ပြင်ဦးလွင်ကြားမှ ကျေးရွာများဖြစ်သည့် ပါအယ်၊ ထုံးကုန်း၊ ထုံးဘို စသည့်ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးအတွက် ကြိုတင် ပြင်ဆင်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မြေကျင်းတွေ တူးထားတယ်။ သတိနဲ့ နေနေရတယ်။ အရေးပေါ်ဆို ကျင်းထဲ ပုန်းရမှာပဲ။ လောလောဆယ်မှာ အဝေးကို မရှောင်နိုင်သေးဘူး” ဟု သူက ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့အတွင်း မြို့ခံများ သွားလာမှုရှိနေသေးပြီး အချို့လည်း စစ်ရှောင်ထွက်ပြေးနေကြသည်၊ မြို့ပြင်ရွာများ၌ ဈေးဆိုင်များလည်း ပိတ်ကာ ခြောက်ကပ်တိတ်ဆိတ်နေသည်ဟု သိရသည်။

မန္တလေး-ပြင်ဦးလွင်လမ်းပေါ်တွင် ရှိသော အနီးစခန်းလေဆိပ်တွင်လည်း ယမန်နေ့ ညမှ စတင်ကာ လေယာဉ်အတက်အဆင်း များပြားနေပြီး၊ မန္တလေးမြို့မှ စက်သေနတ်တပ်ဆင်ထားသည့် စစ်ကားအသေး ၁ စီးနှင့် စစ်ကားအကြီး ၂ စီးတို့လည်း ပြင်ဦးလွင်သို့ တက်သွားကြောင်း မန္တလေးဒေသခံများက ပြောသည်။

ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးအခြေအနေ

ယနေ့ (ဇွန် ၂၈) မနက်အစောပိုင်းမှစတင်ကာ မန္တလေးမြို့မှ စစ်ကောင်စီတပ်သားများ စီးနင်း လိုက်ပါလာသည့် စစ်ကားအကြီးများ မန္တလေး-လားရှိုးလမ်းမကြီးပေါ်၌ မောင်းနှင်နေသည်ကို တွေ့ရပြီး ပြင်ဦးလွင်မြို့သို့ ဝင်ရောက်ကာ စစ်သင်တန်းကျောင်းများအတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့မြင်ရကြောင်း ဒေသခံတို့က ပြောသည်။

“စစ်ကားထဲမှာ စစ်ဝတ်စုံနဲ့ လူငယ်လေးတွေအများစုပါတယ်။ မန္တလေးကနေ တက်လာပြီး ပြင်ဦးလွင်အဝင် တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်းထဲကို ဝင်သွားတယ်။ ကျွန်တော် တွေ့ခဲ့တာကိုက ခုမနက် ၇ စီးလောက် ရှိတယ်။ တစ်စီးကို အင်အား ၂၀ လောက်ပါတယ်” ဟု ပြင်ဦးလွင်မြို့ အနီးစခန်းနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် အနီးစခန်းလေဆိပ်အတွင်း၌ ရဟတ်ယာဉ် ၅ စီး ရပ်တန့်ထားသည်ကို တွေ့ရပြီး၊ လေဆိပ်ဝင်းအတွင်း အိမ်စီးကားနှင့် စစ်ကားအများအပြား မြင်တွေ့ရကြောင်း၊ ရိက္ခာထုပ်ဟု ယူဆရသည့် အဖြူရောင်ပလတ်စတစ်အိတ်ထုပ်အများအပြားကို စစ်သားများက အဆိုပါ ရဟတ်ယာဉ်များပေါ်သို့ တင်ဆောင်နေကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

ထို့ပြင် ယမန်နေ့ (ဇွန် ၂၇) ညနေပိုင်းတွင်လည်း ပြင်ဦးလွင် ၂၂ မိုင် ဇီးပင်ကြီးစစ်ဆေးရေးဂိတ်နှင့် ၁၆ မိုင် စစ်ဆေးရေးဂိတ်တို့တွင် ခရီးသွားပြည်သူများကို စစ်ဆေး၍ ကားများအတွင်း ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြောင်း ယင်းက ဆက်ပြောသည်။

ပြင်ဦးလွင် မြို့တွင်းအခြေအနေ

ယနေ့မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နာရီစင်အနီး အင်းဝဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်တို့တွင် လူများ များပြားလျက်ရှိနေပြီး ကားများ တန်းစီလျက်ရှိသည်။

စစ်တပ်ပိုင် အင်းဝဘဏ်အတွင်း စစ်ကားအကြီးတစ်စီး ရပ်တန့်ထားကာ လုံခြုံရေးပေးနေသည်ကိုလည်း တွေ့မြင်ရပြီး ဘဏ် ATM စက်ရှေ့တွင် လူများ တန်းစီလျက်ရှိသည်ကိုလည်း မြင်ရသည်ဟု မြို့ခံနောက်တစ်ဦးက ပြောသည်။

မြို့အတွင်း၌မူ အသွားအလာမပြတ်ရှိနေကြပြီး မြို့ပြင်ရပ်ကွက်များတွင်မူ ဆိုင်အများစု ပိတ်ထားကြသည်ဟု ဆိုသည်။

မနက် ၁၁ နာရီခန့်တွင် ရဟတ်ယာဉ်တစ်စီး DSA အတွင်းသို့ ဆင်းသက်သွားသည်ကို တွေ့မြင်ရပြီး ယမန်နေ့ ညပိုင်းကလည်း မြို့အတွင်း လေယာဉ်သံများ ဆူညံစွာ ပျံဝဲနေသည်ဟု ဆိုသည်။

“တိုက်လေယာဉ်တွေ ထင်တာပဲ။ ညဆိုတော့ ကောင်းကောင်းလည်း ထွက်မကြည့်ရဲဘူး။ တစ်မြို့လုံး ဆူညံနေတာ။ မြို့ထဲကနေ ဖြတ်ပြီး နောင်ချိုဘက်ကို သွားတယ်။ ပြန်လာတယ်” ဟု မြို့ခံအမျိုးသမီးက ဆိုသည်။

အယ်ဒီတာမှတ်ချက်

“ပြင်ဦးလွင် ဝက်ဝံဂိတ်အနီး တိုက်ပွဲပြင်းထန်နေ” ဟု ဇွန်လ ၂၇ ရက်နေ့က ဖော်ပြခဲ့မိပါသည်။ ထိုသတင်းသည် မှားယွင်းဖော်ပြခဲ့မှုဖြစ်ကြောင်း ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့၏ နောက်ဆုံးအခြေအနေများကို ၂၀၂၄ ဇွန်လ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ပြန်လည်ဖြည့်စွက်ပြီး ပြင်ဆင်ခဲ့သည်။

Related Articles

Back to top button