သတင်း

ဆိပ်ဖြူရှိ လေယာဉ်ဗုံးသီးစက်ရုံ အတိုက်ခံရပြီးနောက် လုံခြုံရေးတင်းကျပ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် တော်လှန်ရေးအင်အားစု တိုက်ခိုက်ခဲ့သည့် လက်နက်စက်ရုံ ဝန်းကျင်တွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်နေသည်ဟု သိရသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် လေယာဉ်ဗုံးသီးများထုတ်လုပ်နေသည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်ခဲ့ပြီးနောက် ထိုစက်ရုံအနီး စစ်တပ်က လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

ဆိပ်ဖြူမြို့မှ မိုင် ၃၀ ခန့်အကွာရှိ ထိုစက်ရုံကို ဧပြီ ၁၆ ရက်နေ့ နံနက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ မကွေးတိုင်း အမှတ် (၁) စစ်ဒေသ၊ တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး ကပစ အနီးဝန်းကျင်တွင် ကင်းပုန်းများချထားသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးသမားများ၊ ဒေသခံများက ဆိုသည်။

စက်ရုံအတွင်း စစ်ရဟတ်ယာဉ် အတက်အဆင်းရှိသည်ဟု ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကပစ ၂၁ မှာ MI 35 တို့၊ MI 17 တို့ ဆင်းသက်ထားတာရှိတယ်။ လုံခြုံရေးကို ပိုတင်းကျပ်ထားတယ်။ အရင်တုန်းကဆိုရင် ၂၁ ထဲမှာ Mi 17 တို့ Mi 35 တို့ လာပြီးထားတယ်ဆိုတာ မရှိဘူး။ ဒီတိုက်ခိုက်မှုပြီးမှပဲ လုံခြုံရေးကို ပိုပြီး ချထားတာ” ဟု သူက ပြောသည်။

ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) က သတ်မှတ်ထားသည့် စစ်မဟာဗျူဟာပစ်မှတ်များအနက် တစ်ခုဖြစ်သည့် ကပစ ၂၁ ၏ စစ်ဆင်ရေး ပစ်မှတ်နေရာ (၂၀) ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ဧပြီ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ C3C သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်သည့် စုဖွဲ့မှု ဖြစ်သည်။

ဝန်ထမ်းအင်အား ၃၀၀၀ ခန့်ရှိနိုင်သည့် ကပစ ၂၁ တွင် တရုတ်နိုင်ငံသားပညာရှင်များနှင့် ပူးပေါင်းပြီး Cluster အမျိုးအစား လေယာဉ်ဗုံးများ ထုတ်လုပ်သည်ဟု ထိုစက်ရုံတွင် ၇ နှစ်ခန့် တာဝန်ထမ်းခဲ့သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ CDM ဗိုလ်ကြီးတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

နိုင်ငံအနှံ့ရှိ စက်လက်နက်ထုတ်စက်ရုံများ တည်နေရာပြပုံ။

ဆိပ်ဖြူမြို့နယ်တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် စက်ရုံ ၂ ခုရှိပြီး ပေါက်ခုံရွာနှင့် ငှက်ပြာကြီးရွာ အနီးတွင် ရှိသည့် အမှတ် (၂၁) ကပစသည် လေယာဉ်ပစ်ဗုံးများ အဓိကထုတ်လုပ်သည့် စက်ရုံဖြစ်သည်။

ထိုစက်ရုံကို ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းကလည်း တော်လှန်ရေးအင်အားစုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ထိုနေ့က တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် စလင်းမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလုံးရေ ၂၆ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ အချိန်က တော်တော်ကြာတယ်။ တောက်လျှောက် တိုက်ခိုက်ခဲ့တာ။ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်။ ညအချိန်ဖြစ်တဲ့အတွက် သူတို့လေကြောင်းမသုံးဘူး” ဟု သူက ပြောသည်။

ထိုတိုက်ခိုက်မှုအပြီး ဆိပ်ဖြူမြို့နှင့် ကံပြား၊ ကန်ဇွန်းမဘက်မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဖြည့်တင်းပြီး ပုသိမ် – မုံရွာလမ်းတစ်လျှောက်ကို လုံခြုံရေးကင်းများချခဲ့ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုက ဆိုသည်။

ကပစ ၂၁ သို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရာတွင် အသုံးပြုသည့် ကံပြား – ကန်ဇွန်းမလမ်းပိုင်းရှိ တံတား ၁ စင်းကို ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုက မိုင်းခွဲဖျက်ဆီးထားသည်။ ထိုလမ်းပိုင်းကို စစ်ကောင်စီ အသုံးပြုနိုင်ခြင်းမရှိတော့ဟုလည်း သိရသည်။

တော်လှန်ရေးအင်အားစုသည် နယ်မြေစိုးမိုးမှု အားကောင်းလာခြင်း၊ လက်နက်ခဲယမ်းထုတ်လုပ်မှု နည်းပညာတိုးတက်လာခြင်းတို့ကြောင့်လည်း တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်နိုင်ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။

“နည်းပညာအရ တိုးတက်လာတယ်။ လက်နက်ရလာတာမျိုးတွေ ဒါမျိုးတွေ ဖြစ်လာတယ်။ တော်လှန်ရေးအင်အားစုတွေက စောစောတုန်းကဆိုရင် နည်းပညာပိုင်းမရတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်။ နည်းပညာ ဒါထက်ပိုကောင်းလာရင်တော့ ပိုပြီးတော့ တိုက်ခိုက်လာနိုင်တာပေါ့” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ၏ တည်နေရာနှင့် ထုတ်လုပ်သည့် လက်နက်ခဲယမ်းများပြ ဇယား။

လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုများ

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် လေကြောင်းကို ပိုမိုအားပြုတိုက်ခိုက်နေပြီး အရပ်သားပစ်မှတ်များပင်မချန် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအများပြား ထိခိုက်သေဆုံးရသည့် ဖြစ်ရပ်များအနက် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များအပါအဝင် အရပ်သား ၁၇၀ ဦး သေဆုံးခဲ့ရသည့် ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတိုက်ခိုက်မှု၊ ကလေးငယ် ၇ ဦးနှင့် လူကြီး ၅ ဦးသေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းတိုက်ခိုက်မှု၊ ကလေး ၁၁ ဦး အပါအဝင် ဒုက္ခသည် ၂၉ ဦး သေဆုံးရသည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှ စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုတို့ ပါဝင်သည်။

အာဏာသိမ်းပြီး သုံးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးပြီး ၈၇၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

အရပ်သား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုပိတ်ပင်ရန် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ယခုလဆန်းတွင် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတစ်ဝန်း စစ်တပ်၏ ခြေလျင်တပ်ဖွဲ့သုံး လက်နက်ငယ်များ၊ ကျည်ဆန်များမှသည် လေကြောင်းရန် ကာကွယ်ရေး လက်နက်ကြီးများအထိ ထုပ်လုပ်နေသည့် စက်ရုံ  ၂၅ ခု ရှိသည့်အနက် ထက်ဝက်ကျော်ကို နိုင်ငံအလယ်ပိုင်း တောတောင်များတွင် အခိုင်အမာ တည်ဆောက်ထားသည်။

ယင်းတို့အနက် ပဲခူးတိုင်း၊ ပြည်မြို့နယ်ရှိ ကပစ (၃) နှင့် ဆိပ်ဖြူမြို့နယ်ရှိ ကပစ (၂၁) တွင် လေယာဉ်ဗုံးများထုတ်လုပ်ပြီး ကပ်လျက်မြို့နယ်ဖြစ်သည့် စေတုတ္တရာမြို့နယ်ရှိ ကပစ (၂၀) တွင် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထုတ်လုပ်သည်။

Show More

Related Articles

Back to top button