သတင်း

မကွေးတိုင်းမှ လက်နက်စက်ရုံ နှစ်ရုံ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်းအတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံနှစ်ရုံ ယနေ့ (ဖေဖော်ဝါရီ ၉) နံနက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ဆက်စပ်နေသည့် ငဖဲမြို့တောင်ဘက် ၁၁ မိုင်ခန့်အကွာတွင် ရှိသော အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) အတွင်း ယမ်းချက်ရာတွင် အရေးပါသည့် အဆောက်အအုံများကို မီတာ ၁၀၀ အကွာအဝေးမှ ချိန်ရွယ်ပစ်ခတ်ခဲ့သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော People’s Revolution Alliance (PRA-Magway) က ပြောသည်။

“ယမ်းချက်စက်ရုံသုံးခုကို အနီးကပ်ထိခိုက်နိုင်ခဲ့တယ်။ အဆောက်အအုံပျက်စီးမှု၊ ပေါက်ကွဲမှုအခြေအနေတွေကိုလည်း ကျွန်တော်တို့ အနီးကပ်မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဘက်က ဘာမှကို တုန့်ပြန်မှုမရှိခဲ့ဘူး” ဟု ထိုအဖွဲ့မှ တာဝန်ခံ ကိုဟာကျူလီက  Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ပေးရတဲ့ တန်ကြေးတွေနဲ့ ရလာမဲ့ရလဒ်နဲ့ မတန်မှာ စိုးရိမ်တယ်။ ရတဲ့အခွင့်အရေး၊ ကုန်ကျတဲ့ကုန်ကျစရိတ်နဲ့ ပစ်မှတ်ကို ထိမိအောင် ချေမှုန်းဖို့အတွက် ပြင်ဆင်ခဲ့တယ်”

နံနက် ၁ နာရီ ထိုးခါနီး ထိုသို့ တိုက်ခိုက်ပြီးနောက် စက်ရုံအတွင်းရှိ စစ်သားများက သေနတ်တစ်ချက်ပင် ပစ်ဖောက်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

သရက်ခရိုင် PDF တပ်ရင်း ၄ အသုံးပြုခဲ့သည့် ၉၀ မမ ရှော့တိုက်ဒုံး ၂ လုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ-Eagle Force)

အလားတူ   နံနက် ၂ နာရီခန့်တွင် ငဖဲမြို့တောင်ဘက် မိုင် ၁၀၀ ကျော်အကွာအဝေးရှိ သရက်မြို့ရှိ ကပစ ၁၂ စက်ရုံ အတိုက်ခံရသည်ဟု သိရသည်။

၉၀ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ရာ ၁ လုံး ပေါက်ကွဲခဲ့ကြောင်း Eagle Force ခေါ် သရက်ခရိုင် PDF တပ်ရင်း ၄ ၏ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

“အဆောက်အအုံ (ထိခိုက်ပျက်စီးမှု) ကတော့ မြေပြင်အဖွဲ့ဆီ အတည်ပြုနေပါတယ်”ဟု ကိုမြတ်က ပြောသည်။

စက်ရုံအတွင်း ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း အသေးစိတ်အခြေနေ မသိရသေးသလို စစ်တပ်က တုံ့ပြန် ပစ်ခတ်မှုမရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ကပစ ၁၂ စက်ရုံသည် သရက်မြို့အနောက်ဘက် ၁၀ မိုင်ခန့်၊ သံပရာကန်ကျေးရွာအနီးတွင်ရှိပြီး 60mm, 81mm, 120mm ဗုံးသီးများကို အဓိက ထုတ်လုပ်သည်ဟု သိရသည်။

ယနေ့ နံနက် ၇ နာရီခန့်ကလည်း ထိုခရိုင်တပ်ရင်း ၄ က သရက်မြို့ ရေမျက်ရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လက်နက်စက်ရုံ ၂၅ ခုက ခြေလျင်တပ်ဖွဲ့သုံး လက်နက်ငယ်များ၊ ကျည်ဆန်များမှစ၍ လေကြောင်းရန် ကာကွယ်ရေးလက်နက်ကြီးများအထိ ထုတ်လုပ်နေခြင်းဖြစ်သည်။

မကွေးတိုင်းသည် ငြိမ်းချမ်းစွာဆန္ဒပြသူတို့ကို ပစ်သတ်နေသည့် စစ်သားများအတွက် လက်နက်ခဲယမ်း ဖောဖောသီသီထုတ်လုပ်ပေးနေသည့် စက်ရုံများ အများဆုံးတည်ရှိသည့်နေရာဖြစ်သည်။

မကွေးတိုင်းတွင် ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ၇ ရုံ၊ နေပြည်တော် (တပ်ကုန်း)တွင် ၂ ရုံ၊ ရန်ကုန် (တိုက်ကြီး) တွင် ၁ ရုံ ရှိသည်။

ထိုစက်ရုံများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်ဟု PRA-Magway က ပြောသည်။

“စစ်ကောင်စီရဲ့ ကပစစက်ရုံတွေက တစ်ခုနဲ့တစ်ခု မှီတည်ပြီးတော့မှ ရပ်တည်ရတဲ့ အနေအထားမျိုး ရှိတာ။… စစ်လက်နက်ထုတ်လုပ်ရေးကွင်းဆက်မှာ ချိန်းဆက်လေးတစ်ဆက် ပြုတ်သွားတယ်ဆိုရင်တောင်မှပဲ သူတို့အတွက် အများကြီး အခက်အခဲဖြစ်စေမှာပါ” ဟု ကိုဟာကျူလီက ပြောသည်။

“တစ်ခုခုကို ကျွန်တော်တို့တွေက ထိထိမိမိလုပ်နိုင်တယ်ဆိုရင် ကျန်တဲ့ဟာတွေကို ထိခိုက်ပြီးတော့မှ အကျိုးဆက်ကတော့ တိုင်းရင်းသားဒေသတွေ၊ PDF ဒေသတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေ ရပ်တန့်သွားစေချင်တယ်”   

စက်ရုံနှစ်ခု ပစ်ခတ်ခံရပြီးနောက် ထိခိုက်ပျက်စီးမှုအခြေနေအသေးစိတ်ကို စုံစမ်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။​

ယမန်နှစ် ဧပြီ ၆ ရက်က သရက်မြို့ ကပစ ၁၂ မှ လက်နက်ကုန်ကြမ်းများ တင်ဆောင်လာသော တွဲကား (ကုန်တင်ယာဉ်အကြီးစား) သုံးစီးကို ပေါက်မြို့နယ်တောင်ပိုင်းတွင် ပေါက်မြို့နယ် PDF က ကြားဖြတ် တိုက်ခိုက်သိမ်းယူခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button