သတင်း

ထုပ်လုပ်ရေးတပ်များကို ရှေ့တန်းပို့ရန် စစ်ကောင်စီ ပြင်ဆင်နေ

နိုင်ငံအနှံ့ စစ်မျက်နှာများစွာဖွင့်နေရချိန်တွင် လက်နက်ထုတ်လုပ်ရေးတပ်များကိုပါ တိုက်ခိုက်ရေးတွင် သုံးရန် စစ်ကောင်စီက ပြင်ဆင်နေသည်ဟု စစ်သည်မိသားစုဝင်တစ်ဦးနှင့် တပ်ကို စွန့်ခွာလာသည့် CDM အရာရှိတစ်ဦးထံမှ သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များရှိ အင်အားများကို ထုတ်နုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း မကွေးတိုင်း၊ အောင်လံမြို့နယ်အခြေစိုက် ကပစ ၁၅ တပ်တွင်းအရာရှိကို ကိုးကား၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ကပစတပ်သား ၁၀၀ လျှင် အရာရှိ ၅ ဦးနှုန်း ပါဝင်မည့် ထိုတပ်ခွဲများကို စစ်တက္ကသိုလ် (DSA) ဆင်းပြီးနောက် ရုရှားနိုင်ငံတွင် ပညာသင်ဖူးကြသူများက ဦးဆောင်ကြောင်း ၎င်းက အခိုင်အမာပြောသည်။

“အရာရှိ ဗိုလ်မှူးအဆင့်က ဦးစီးပြီး ခြေလျင်တပ်ခွဲဖွဲ့စည်းပုံအတိုင်း စုဖွဲ့ထားတယ်။ အရေးပေါ်တိုက်ခိုက်ရေးအတွက် စုဖွဲ့ထားရှိတယ်။ ရိက္ခာတစ်ကြောင်းစာအပါလို့ သိရတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“လက်ရှိကတော့ စက်ရုံတွေထဲမှာပဲ ယာဉ်တင်အသင့်လို့ ခေါ်တဲ့ စုဖွဲ့ပြီး ထားရှိပါတယ်”

ကပစစက်ရုံတစ်ရုံလျှင် အောက်ခြေအဆင့်စစ်သည်ဦးရေ ၄၀၀ မှ ၈၀၀ ခန့်ရှိပြီး အများစုမှာ တိုက်ခိုက်ရေးနှင့် နှစ်ချီပြီး ကင်းကွာနေသူများဟု ၎င်းက ပြောသည်။

“ရှေ့တန်းရောက်ရင်တော့ ထွက်ပြေးမှာ သေချာတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ကပစက စစ်တိုက်စရာ မလိုဘူးပေါ့။ ကမ္ဘာစစ်ဖြစ်ရင်တောင်မှ စစ်တိုက်စရာမလိုဘူးပေါ့” ဟု ၎င်းက ဆိုသည်။

“ကမ္ဘာစစ်ဖြစ်ရင် ကျည်ဆန်တွေ လက်နက်တွေ ခဲယမ်းတွေ အများကြီးလိုမယ်လေ။ အဲဒါ ထုတ်လုပ်ရေးပဲ လုပ်ရမှာဆိုပြီး သူတို့ဟာသူတို့ ဂုဏ်ယူနေကြတာ။ အခုလိုလုပ်လိုက်ရင်တော့ သေချာတယ် ပြေးမှာ”  

တပ်မိသားစုများနှင့် မကွေးမြို့တွင် ဧပြီ ၄ ရက်က တွေ့ဆုံနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်။ ဓာတ်ပုံ – စစ်ကောင်စီ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကပစ ၈ တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ ခြေမြန်တပ်မဌာနချုပ် (တမခ) ၈၈ တံဆိပ်ပါ စစ်ဝတ်စုံပြောင်းလဲဝတ်ဆင်ရကာ အရေးပေါ်စစ်ရေးတာဝန်အတွက် အသင့်ပြင်ထားရကြောင်း ထိုတပ်မှ စစ်သည်တစ်ဦး၏ မိသားစုဝင်က ယနေ့ (ဧပြီ ၂၅) တွင် ပြောသည်။

“တပ်မ ၈၈ တံဆိပ်တွေ တပ်ထားပြီ။ သူတို့တပ် (တပ်မ ၈၈) ထဲကလည်း ပြေးကြတာ အများကြီးပဲ။ ကပစဆိုတာ စစ်တိုက်ဖို့ မပြောနဲ့ ရှက်ကီဘဲ (အရက်သမား) တွေချည်းပဲ” ဟု ၎င်းက ဆိုသည်။

တပ်မ ၈၈ သည် မကွေးမြို့တွင် အခြေစိုက်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်က မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းစသည့် တိုင်းရင်းသားလက်နက်ကိုင်ရှိရာ ဒေသများတွင်သာ အများဆုံးလှုပ်ရှားသည့် တပ်ဖြစ်သည်။

အာဏာသိမ်းပြီးချိန်တွင်မူ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) များနှင့် တိုက်ခိုက်နေရပြီး ထိခိုက်သေဆုံးမှုများ ရှိနေသည်။

ထိုတပ်မအတွက် အရေးပေါ်စစ်ဆင်ရေးတွင် သုံးရန် ပြင်ဆင်နေသည့် ကပစတပ်မှ စစ်သည်အရာရှိအချို့မှာ ပြီးခဲ့သည့် လပိုင်းများအတွင်း ဒေသကာကွယ်ရေးအဖွဲ့များ၏ ဖမ်းဆီးမှု၊ တိုက်ခိုက်မှုတို့ကြောင့် သေဆုံး၊ ဒဏ်ရာရ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ပေါ်ပေါက်ဖူးသည်။

ဆန္ဒပြလျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ရာ လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းသည် ခုခံမှုများတွင် ထိပ်ဆုံးမှ ပါဝင်နေပြီး ဧပြီ ၆ ရက်ကပင် ကပစ လက်နက်ကုန်ကြမ်းယာဉ်တန်းကို PDF တို့က သိမ်းပိုက်နိုင်ခဲ့သည်။

သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ ပေါက်မြို့နယ် ကပစ-၂၄ သို့ ဗုံးသီးကုန်ကြမ်းများပို့သည့်ယာဉ်တန်း ထိုနေ့က တိုက်ခိုက်ခံရရာ ဗိုလ်ကြီးနှင့် တပ်ဖွဲ့ဝင်များကိုပါ PDF တို့က လက်ရဖမ်းနိုင်ခဲ့သည်။

၂၀၂၁ နိုဝင်ဘာလဆန်းပိုင်းတွင်လည်း PDF က ဖမ်းသွားသည့် ကျောမြို့အခြေစိုက် ကပစ (၂၃) မှ ဗိုလ်ကြီးသော်ဇင်နှင့် တပ်သား စိုးရာဇာအောင်တို့ အသက်သေဆုံးခဲ့ရဖူးသည်။

စစ်လက်နက်ပစ္စည်းထုတ်သည့် ကပစစက်ရုံ ၂၅ ရုံရှိပြီး အများစုမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က မကွေးတိုင်းရှိ ဒေသခံတောင်သူများထံမှ လယ်မြေများကို သိမ်းယူကာ တည်ထောင်ထားသည်ဟု CDM တပ်အရာရှိအချို့ထံမှ သိရသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇာတိ မင်းဘူးမြို့နယ်အပါအဝင် မကွေးတိုင်းတွင်း တောင်ကုန်း၊ တောင်တန်းများရှိရာ ဒေသများဖြစ်သည့် ဆင်ပေါင်ဝဲ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ မကွေး၊ သရက်၊ အောင်လံ၊ တောင်တွင်းကြီး၊ မင်းလှ၊ ဆော၊ ကျော၊ စေတုတ္တရာ မြို့တို့တွင် ထိုစက်ရုံများရှိသည်ဟု ၎င်းတို့က အတည်ပြုသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှလွဲ၍ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များ၊ အမည်နာမမျိုးစုံရှိ တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီက နိုင်ငံအနှံ့တွင် ပြင်းထန်စွာ ရင်ဆိုင်တိုက်ခိုက်နေရသည်။

တပ်ကို စွန့်ခွာသူ CDM စစ်သည် ၃ဝဝဝ ကျော် ရှိနေပြီး ရဲတပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ရှိလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စာရင်းက ဆိုသည်။ 

ထိုအခြေအနေတွင် ၎င်းတို့ကို ထောက်ခံသည့် အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးပါတီများကို “ပြည်သူ့လုံခြုံရေးအဖွဲ့” ထဲ ထည့်မည်ဟု ပေါက်ကြားလာသည့် ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြထားရာ အသုံးချခံရမည့်အထဲတွင် မီးသတ်၊ ကြက်ခြေနီတို့ပင် ပါဝင်နေသည်။

ထိုသို့တပ်စုဖွဲ့မှုကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)​​​​​

Show More

Related Articles

Back to top button