သတင်း

ဗုံးသီးကုန်ကြမ်း PDF သိမ်းသွားသည့် ပေါက်မြို့တွင် လေကြောင်းမှပါ စစ်ဆင်နေ

မော်တာဗုံးသီးအစိတ်အပိုင်းများတင်ဆောင်လာသည့် တွဲကား ၃ စီး တိုက်ခိုက် သိမ်းပိုက်ခံလိုက်ရသည့် မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်ကောင်စီက ယနေ့ (ဧပြီ ၇) တွင် လေကြောင်းပါသုံးပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်။

သရက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ လာသည့် ထိုယာဉ်တန်းကို ယမန်နေ့ ညနေ ၅ နာရီခန့်က ပေါက်မြို့နယ် ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ ရှားပင်ရေကျေးရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်။

ပေါက်မြို့နယ် ကပစ-၂၄ သို့ သွားမည့် ယာဉ်များပေါ်တွင် ၆၀ မမ၊ ၈၁ မမ မော်တာဗုံးသီးကုန်ကြမ်းများပါဝင်ကြောင်း၊ မဟာမိတ်ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပေါက် – PDF တပ်ရင်း (၁) ၏ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောသည်။

ဗိုလ်ကြီးနှင့် စစ်သား ၆ ဦး၊ ယာဉ်မောင်း ၃ ဦးကို လက်နက်ငယ် ၇ လက်နှင့်အတူ အရှင်ဖမ်းမိသည်၊ တပ်သား ၁ ဦးသေသည်ဟု ၎င်းက ဆက်ပြောသည်။ 

ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြေအနေအသေးစိတ်ကိုမူ ဗိုလ်စွန်ရဲက ဖြေကြားရန် ငြင်းဆိုသည်။ PDF များဘက်မှ ထိခိုက်မှုရှိမရှိ မသိရပေ။

ယနေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ကျော်က ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်ကြား ယောချောင်းအနီးရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းသည်ဟု ဗိုလ်စွန်ရဲနှင့် ဒေသခံနှစ်ဦးထံမှ သိရသည်။

ထိုအထဲတွင် စစ်သားနှင့် ရဲများ ပါဝင်သလို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်တို့က ယောချောင်းအနောက်ဘက် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ပေါက်မြို့နယ် ရေကျော်ကျေးရွာကို ဝင်၍ မီးရှို့ခဲ့သည်၊ ပျူစောထီးတို့ပါလျှင် ထိုသို့သော ဖျက်ဆီးမှုများ ပိုမို ဖြစ်ပေါ်တတ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“မနက်ကတည်းက ဖောကား (စစ်သုံးထရပ်ကား) ၅ စီးနဲ့ လာတယ်။ ပြီးတော့ ခြေလျင်တက်ပြီးတော့ ဟိုရောက်တော့ မီးရှို့တော့တာပဲ၊ ပျူပါရင် မီးရှို့တော့တာပဲ” ဟု ၎င်းက ပြောသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီခွဲမှ မွန်းလွဲ ၃ နာရီဝန်းကျင်အတွင်း စစ်ရဟတ်ယာဉ်နှစ်စီး ရောက်လာပြီး ယောချောင်းတစ်ဝိုက်ရှိ ကျေးရွာများကို ပစ်ခတ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

“ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပြီး ဝဲနေတော့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေ အကုန်လုံးထွက်ပြေးနေရတာပေါ့ဗျ” ဟု ပခုက္ကူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့သို့ ကုန်းကြောင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခံနေရ၍ ပေါက်မြို့နယ်မှ ကျွန်းပင်၊ ကျွန်းရင်း၊ နတ်စင်ကုန်းရွာ၊ ပခုက္ကူမြို့နယ်မှ မိချောင်းတွင်း၊ ဂဝံလေးတိုင်း စသည့် ရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

ပစ်ခတ်မှုကြောင့် နတ်စင်ကုန်းရွာမှ ရွာသား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် အခြေအနေအသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် ယနေ့ နံနက်မှ ညနေအထိ ယောချောင်းအနောက်ဘက်ကမ်း ပင်ထောင်ရွာ၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များက ချောင်းအရှေ့ဘက်ကမ်း ပေါက်-PDF တပ်ဖွဲ့ရှိမည်ဟု ယူဆသည့် နေရာများသို့ လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်သည်ဟု ဗိုလ်စွန်ရဲကလည်း ပြောသည်။

“ကျွန်တော်တို့လည်း ဒီဘက်ကနေ လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာက ဒီဘက်က မရသလို ဟိုဘက်က ရတယ်မရဘူးဆိုတာကိုလည်း အတိအကျမသိရသေးဘူးပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ကုန်းကြောင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရပ်ဆိုင်းသွားသော်လည်း စစ်ရေးဆက်လက်တင်းမာနိုင်သည်ဟု ဗိုလ်စွန်ရဲက ခန့်မှန်းသည်။

ဗုံးသီးကုန်ကြမ်းများနှင့် ပတ်သက်၍ မည်သို့စီမံထားသည်ကိုလည်း ဗိုလ်စွန်ရဲထံမှ မသိရပေ။

စစ်တပ်ကို စွန့်ခွာ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပြည်မြို့အခြေစိုက် ကပစစက်ရုံတစ်ခုမှ တပ်သား ကိုကောင်းထက်အောင်ကမူ PDF သိမ်းမိသည့် ခဲယမ်းများမှာ ၆၀ မမ၊ ၈၁ မမ ဗုံးသီး ဖျူ့စ်နှင့် ဒလက်များဖြစ်သည်၊ အရည်အသွေးမမီသည့် အစိတ်အပိုင်းများဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“လက်နက်ကြီးကုန်ကြမ်းတွေပေါ့။ လက်နက်ကြီးအဖြစ်ကို မရောက်ခဲ့ဘူး။ လက်နက်ကြီးရဲ့ အစိတ်အပိုင်းတွေပေါ့။ အဲဒါကို တပ်ဆင်ဖို့အတွက် (အရည်အသွေးမမီ) ဂိတ်ကျတာတို့၊ အရစ်ကျပ်တာတို့ အဲဒီလိုမျိုးတွေပေါ့” ဟု ၎င်းက ပြောသည်။

“စက်ရုံတွေမှာ ထုတ်တဲ့အခါ တချို့က ဂိတ်ကျသွားတာတို့၊ အရစ်သားပါမလာတာတို့ အဲဒီလိုမျိုး အပျက်တွေရှိတယ်။ အဲဒါတွေကို ကပစ-၂၄ မှာ ပြန်ပြီးတော့ အရည်ကြိုတာ”  

မော်တာဗုံးသီးများထုတ်သည့် သရက်အခြေစိုက် ကပစ-၁၂ တွင် အသုံးမလိုတော့သဖြင့် အလူမီနီယံများကို အရည်ကြိုပေးနိုင်သည့် ပေါက်အခြေစိုက် ကပစ-၂၄ သို့ စစ်ကောင်စီက ပို့ခြင်းဖြစ်မည်ဟု ၎င်းက သုံးသပ်သည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

လက်နက်ကြီးအစိတ်အပိုင်း အများအပြားကို PDF က သိမ်းဆည်းရမိသည့် ဖြစ်စဉ်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်ပြီး ယခင်က လက်နက်တချို့သာ ရခဲ့ဖူးသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းရှိ ဒေသများသည်လည်း ရှေ့ဆုံးမှ ပါဝင်နေသည်။

မကွေးတိုင်းအခြေစိုက် PDF အဖွဲ့များက စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို အဆက်မပြတ် ချုံခိုတိုက်ခိုက်နေသလို စစ်ကောင်စီကလည်း ကြည်းကြောင်း လေကြောင်းမှ စစ်ဆင်ပြီး PDF တို့ကို ထောက်ခံသည်ဟု ယူဆရသည့် ရွာများကို မီးရှို့နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။ စစ်ကောင်စီကမူ ရွာမီးရှို့မှုများမှာ PDF အကြမ်းဖက်သမားတို့၏လက်ချက်ဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button