မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ဧပြီလအတွင်းက ဒေသခံ PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများ တင်ဆောင်လာသော ကားသုံးစီးဆုံးရှုံးပြီးနောက် ထိုအမှုအဖြစ်စဉ်တွင် တာဝန်ရှိသည်ဟု စွပ်စွဲခံရသော တပ်အရာရှိငါးဦးကို စစ်ကောင်စီက အရေးယူထားသည်ဟု သိရသည်။
သရက်မြို့ရှိ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ လက်နက်ကုန်ကြမ်းများ တင်ဆောင်လာသော တွဲကား (ကုန်တင်ယာဉ်အကြီးစား) သုံးစီးကို ပေါက်မြို့နယ်တောင်ပိုင်းတွင် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့က ဧပြီ ၆ တွင် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်။
ပုသိမ် – မုံရွာကားလမ်းမပေါ်ရှိ ပေါက်မြို့နယ် ရှားပင်ရေရွာအနီးတွင် ဒေသခံ PDF က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ ဦးအထိ သေဆုံးသည့်ပြင် လက်နက်ကုန်ကြမ်းများနှင့် ကားများလည်း ဆုံးရှုံးခဲ့သည်။
သေဆုံးသွားသည့် စစ်ကောင်စီ စစ်သားများမှာ အဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။
သိမ်းဆည်းရမိသော ကားများတွင် ၆၀ မမ၊ ၈၀ မမ မော်တာဗုံးသီးအကြမ်းနှင့် ထုတ်လုပ်ရန် ကုန်ကြမ်းများ တင်ဆောင်လာသည်ဟု ပေါက် PDF မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်စွန်ရဲဆိုသူက ထိုစဉ်က Myanmar Now ကို ပြောသည်။
ထို့နောက် ဧပြီလကုန်ပိုင်း၌ ကပစ ၁၂ စက်ရုံမှူး ဗိုလ်မှူးကြီးဝင်းကြူနှင့် အခြားအရာရှိလေးဦးကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) က ခုံရုံးဖွဲ့ စစ်ဆေးနေပြီး အရေးယူခံရသူများမှာ မကွေးတိုင်း သရက်မြို့အခြေစိုက် အမှတ် ၁၂ (ကပစ ၁၂) မှ စက်ရုံမှူးနှင့် အခြားအရာရှိများဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ကပစတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
CDM စစ်သား ကိုကောင်းထက်အောင်သည်လည်း အာဏာမသိမ်းမီက ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ရှိ လက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
“ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့ ကာလတုန်းက ကပစ ၂၄ ကို ပို့တဲ့အခေါက်ရေလည်း မနည်းဘူး။ တော်တော်များများလည်း ပို့ဖူးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရောက်ခဲ့ဖူးတယ်။ ဒီလိုမျိုးဖြစ်တယ်ဆိုတာ သူတို့အတွက်ကတော့ တော်တော်ကြီးကို သိက္ခာကျစရာတစ်ခုပဲ။ နောက်ဆုံးအခြေအနေကို မသိရသေးဘူး” ဟု စစ်သားဟောင်း ကောင်းထက်အောင်က ပြောသည်။
အရေးယူခံဖွယ်ရှိသူများတွင် စက်ရုံမှူး ဗိုလ်မှူးကြီးဝင်းကြူ၊ ဗိုလ်မှူးအဆင့်ရှိ အုပ်ချုပ်ရေးဌာနမှူး၊ ဗိုလ်မှူး သို့မဟုတ် ဗိုလ်ကြီးအဆင့်ရှိ စီမံရေးဌာနမှူး၊ လုပ်သက်အရင့်ဆုံး ဗိုလ်ကြီး သို့မဟုတ် ဗိုလ်မှူးအဆင့်ရှိ ထုတ်လုပ်ရေးဌာနမှူး၊ စီမံရေးဌာနမှ အလုပ်ရုံမှူးနှင့် အခြားအရာရှိတစ်ဦးဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ဆေးအရေးယူခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေ မသိရသော်လည်း စက်ရုံမှူးဖြစ်သူ ဗိုလ်မှူးကြီးဝင်းကြူမှာ စစ်မှုထမ်းသက် လျှော့ချခံရနိုင်ဖွယ်ရှိသည်ဟု ကပစစက်ရုံတွင် တာဝန်ထမ်းဆောင်သူ စစ်သားဟောင်းက ခန့်မှန်းသည်။
လက်ရှိတွင် ဗိုလ်မှူးကြီးဝင်းကြူနေရာ၌ ကပစ ၃ နှင့် ကပစ ၆ တို့တွင် စက်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဦးကို အစားထိုးခန့်အပ်ထားကြောင်း ကြားသိရသည်လည်း ၎င်းက ပြောသည်။
စစ်ဆေးအရေးယူခံရသော စစ်တပ်အရာရှိများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုန်ကြမ်းတင်ကားများ အတိုက်ခံရပြီးနောက် ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က တစ်လနီးပါးကြာ ရွာစဉ်လှည့် စီးနင်းတိုက်ခိုက်ခဲ့သည်။ အချို့ရွာများကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပေါက် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီကောင်တွေက အဲဒီကားတွေ အသိမ်းခံလိုက်ရကတည်းက ကြမ်းနေတာပဲ။ အဲဒါသိမ်းပြီး သူတို့ဘက်က နောက်ဆက်တွဲတော့ မကြားသေးဘူး။ ပေါက်တောင်ပိုင်းမှာက တစ်ပိုင်းလုံးနီးပါးပဲ။ ကျန်ရင် နည်းနည်းပဲ။ ပျူစောထီးတွေရွာလောက်ပဲ ကျန်တာ” ဟု ထို PDF အဖွဲ့ဝင်က ပြောသည်။
ဧပြီ ၇ မှစ၍ ပေါက်နှင့် ဆိတ်ဖြူမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာ ၇ ရွာမှာ တစ်ရွာလုံးနီးပါး ပျက်စီးကာ ဒေသခံ ၁၂ ဦးလည်း သတ်ဖြတ်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)