သတင်း

အိုးဘိုထောင်တွင် အကျဉ်းသား ၂ ဆများပြား၊ ကျောတစ်ခင်းစာအိပ်ရန် သိန်းချီ လာဘ်ထိုးရ

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် ဝင်ဆံ့နိုင်သည့် အကျဉ်းသားအရေအတွက်ထက် နှစ်ဆပိုမိုများပြားနေပြီး အိပ်ရန်ကျောတစ်ခင်းစာကိုပင် ဝန်ထမ်းများထံ လာဘ်ပေးကာ နေရာဝယ်ယူနေကြရသည်ဟု သိရသည်။

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် ဝင်ဆံ့နိုင်သည့် အကျဉ်းသားအရေအတွက်ထက် နှစ်ဆပိုမိုများပြားနေပြီး အိပ်ရန်ကျောတစ်ခင်းစာကိုပင် ဝန်ထမ်းများထံ လာဘ်ပေးကာ နေရာဝယ်ယူနေကြရသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထိုထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများက ပြောသည်။

အကျဉ်းသားဦးရေ ၄,၀၀၀ ခန့်သာ ထားနိုင်သည့် အိုဘိုထောင်တွင် လက်ရှိတွင် အကျဉ်းသားဦးရေ ၉,၀၀၀ ကျော်ရှိသည်ဟုသိရသည်။ အနံ ပေ ၃၀၊ အလျား ပေ ၈၀ အခန်းတစ်ခန်းလျှင် လူဦးရေ ၂၀၀ ကျော် ထည့်သွင်းထားရာ လူတစ်ဦးနေထိုင်ရန်ရရှိသည့် အကျယ်အဝန်းမှာ ၁၂ စတုရန်းပေ သာရှိသည်။

ထိုသို့သောအခြေအနေများကြောင့် လေဝင်လေထွက်ကောင်းသည့် ပြတင်းပေါက်နား၊ နံရံဘေးတို့တွင် ကျောတစ်ခင်းစာအတွက် ထောင်ဝန်ထမ်းတို့ထံ နေရာဝယ်ယူ အိပ်ကြရခြင်းဖြစ်သည်။

“အထဲမှာ လူတွေက သိပ်များနေ၊ ကျပ်နေတယ်။ ကျောတခင်းစာအတွက်တောင် နေရာဝယ်ယူပြီး နေကြရတယ်။ အိပ်ကြရတယ်” ဟု ဖေဖော်ဝါရီလတွင် ထိုထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

နေရာဝယ်ယူရာတွင် ငွေကျပ်တစ်သိန်းကျော်မှ သုံးသိန်းအထိ ထောင်အရာရှိများကို လာဘ်ငွေပေးကာ နေထိုင်ကြရသည်၊ ငွေမပေးနိုင်သူများသည် အလယ်လျှောက်လမ်းကဲ့သို့သော လူသွားလူလာများသည့် မလွတ်မလပ်နေရာများတွင် ကျပ်တည်းစွာ အိပ်ကြရသည်ဟု ဆိုသည်။

“အိပ်ရတာက တစ်ယောက်က တောင်ကို ခေါင်းပြုရင် တစ်ယောက်က မြောက်ကို ခေါင်းပြုပြီး တစ်ယောက်ရဲ့ပေါင်ကြားကို တစ်ယောက်က ခြေထောက်ထည့် အိပ်ကြရတယ်။ ဘေးဘီလည်း မလှည့်သာဘူး” ဟု ပြီးခဲ့သည့် ၈ လခန့်က ပြန်လည်လွတ်မြောက်လာသည့် သံဃာတစ်ပါးက မိန့်သည်။

“ဦးဇင်းတို့တုန်းကတော့ ဒီဘေးနေရာလေးတွေ မက်ကြတာပေါ့။ အဝင်အထွက်လည်း ကျော်ခွမသွားရဘူး။ ကိုယ့်ပစ္စည်းလေးတွေလည်း ထားလို့ရတော့ ဒါမျိုးနေရာကို ဦးဇင်းတို့တုန်းကတော့ ၃၀,၀၀၀ ကနေ ၇၀,၀၀၀ ပေးကြရတယ်” ဟုလည်း ဆက်မိန့်သည်။

ထောင်ဒဏ် ၁၀ နှစ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးကလည်း ထောင်တွင်းရှိနေသူက နေရာထိုင်ခင်း အဆင်ပြေစေရန် မိသားစုထံ ငွေတောင်းခံပြီး ထောင်အာဏာပိုင်များထံ ငွေပေးဖြေရှင်းရန် တောင်းဆိုဖူးသည်ဟု ပြောသည်။

အချုပ်ဆောင်တွင် နေထိုင်ရစဉ် ငွေကျပ် ၁၀၀,၀၀၀၊ အကျဆောင်တွင် နေထိုင်ရစဉ် ငွေကျပ် ၁၀၀,၀၀၀ ပေးရသည်ဟုဆိုသည်။

“သူက အထဲကနေ စာရေးပေးပြီး ထောင်ဝန်ထမ်းက အပြင်မှာ ကိုယ်တိုင်လာယူတယ်” ဟု ပြောသည်။

မန္တလေးအိုးဘိုထောင်တွင် အဆောင် ၁ မှ ၆ အထိရှိသည်၊ မိန်းကလေးအဆောင်၊ အလုပ်ရုံ၊ ဆေးရုံနှင့် တိုက်၁၊ တိုက် ၂ စသည်ဖြင့် အဆောက်အအုံ ၁၀ ခု ကျော်ရှိသည်။ အဆောင်တစ်ဆောင်ကို ပေ ၃၀၊ ပေ ၈၀ အခန်း ၁၀ ခန်းဖြင့် ဖွဲ့စည်းထားသည်။ အခန်းတစ်ခန်းလျှင် လူ ၂၀၀ ကျော် ထည့်သွင်းထားရာ အဆောင်တစ်ဆောင်လျှင် လူဦးရေ ၁,၀၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

ပေ ၃၀၊ ပေ ၈၀ အခန်းများကို သွပ်မိုးနှစ်ထပ်ခန်းများအဖြစ် ထပ်မံဖွဲ့စည်းထားသည်။ အပေါ်ထပ်တွင် နေထိုင်ရသည့် အကျဉ်းသားများသည် နွေရာသီတွင် အပူချိန် ၄၀ ဒီဂရီ ဆဲစီးယက် ပူပြင်းတတ်သည့် မန္တလေးနွေ အပူဒဏ်ကို ထပ်မံခံစားကြရသည်ဟုလည်း ပြီးခဲ့သည့်လတွင် ပြန်လည်လွတ်မြောက်လာသူက ဆိုသည်။

“နွေရာသီဆို ပူအိုက်လွန်းတဲ့အပြင် ရေပြတ်တဲ့ဒုက္ခကလည်း တော်တော်ကြီးတယ်။ ရေက မော်တာစက်နဲ့နှိုးတာကိုမှ မီးပျက်တော့ မီးစက်နဲ့မောင်းမပေးဘူး။ နွေဆိုပူရတဲ့အထဲ ရေချိုးရဖို့က အတော်ခက်ခဲတယ် မီးကလည်းပျက်၊ ညဆို ပူတော့ အိပ်ရေးတွေပျက် ငုတ်တုတ်ထထိုင်နေကြရတယ်၊ ထောင်ကအပင်တွေလည်း သိပ်မရှိဘူးလေ အုတ်တံတိုင်းခတ်ထားတာဆိုတော့ လေဝင်လေထွက်ကလည်း မရှိဘူး” ဟု ပြောသည်။

ယမန်နှစ်က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက အကျဉ်းထောင်တွင်း အခြေအနေကို ပန်းချီဆွဲသရုပ်ဖော်ထားစဉ်။ (ဓာတ်ပုံ − Myanmar Now)

မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦး၏ မှတ်တမ်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက မန္တလေး အကျဉ်းထောင်တွင် ၄,၅၀၀ ကျော်ရှိခဲ့သည်ကို တွေ့ရသည်။ ထိုမှတစ်ဆင့် အကျဉ်းသားဦးရေ လစဉ်များပြားလာပြီး ၂၀၂၃ နိုဝင်ဘာတွင် အကျဉ်းသားဦးရေ ၇,၀၀၀ နီးပါး မြင့်တက်လာသည်ကို တွေ့ရသည်။

ထိုအရေအတွက်သည် ထောင်တွင်းယာယီဆောင်တွင်နှင့် ထောင်တွင်း ငါးပိဂိုထောင်တွင် ထားရှိသည့် ကျား၊ မ စုစုပေါင်း ၁,၂၂၄ ယောက်နှင့် ရဲဘက်ထုတ်သွားသူများ မပါဝင်သေးဟု ထိုနိုင်ငံရေး အကျဉ်းသားဟောင်းက ပြောသည်။

မန္တလေးအိုးဘို (ဗဟို) ထောင်တွင် ထားရှိနိုင်သော အကျဉ်းသားဦးရေမှာ ၃,၀၀၀ ဦးဖြစ်သည်ဟု မန္တလေးတိုင်း ၂၀၁၇-၁၈  ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြခဲ့ဖူးသည်။ ထိုထောင်တွင် နိုင်ငံရေးအကျဉ်းသားသီးသန့်ပင် ၂,၉၆၇ ဦး ရှိနေသည်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ မတ်လ ၁၃ ရက် ဖော်ပြချက်တွင် တွေ့ရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သည်ယူဆသည့် ရဟန်း၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဆရာမများ၊ NLDပါတီဝင်များ အပါအဝင် ဒေသခံထောင်နှင့်ချီကာ မန္တလေးအိုးဘိုထောင်တွင် ထိန်းသိမ်းခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၌ပင် မြို့ခံလူငယ်အများအပြားအပါအဝင် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များကို ၎င်းတို့ကိုဆန့်ကျင်သည် စွပ်စွဲချက်အကြောင်းအရာမျိုးစုံဖြင့် လူဦးရေရာနှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးအိုးဘိုထောင်တွင် သွေးကင်ဆာဝေဒနာသည် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ NLD နာယက ဦးဝင်းထိန်၊ တိုင်းလျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်နှင့် NLD ပါတီဝင်များ နာမည်ကျော် ဗစ်တိုးရီးယားအမှုမှ ရှေ့နေဒေါ်ရွက်နုအောင်၊ ဆိုင်းဆရာစိန်ဒူးဝါးစသည့် လူသိများသူအများအပြားလည်း ထိန်းသိမ်းခံထားရသည်။

AAPP က ပြုစုထားသော သတင်းအချက်အလက်များအရ နိုင်ကျဉ်းအရေအတွက် ၂၀,၁၁၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၈,၈၂၉ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်။

နိုင်ငံတစ်ဝန်း၌ ထောင် ၄၀ ဝန်းကျင်ရှိသည့်အနက် ရန်ကုန်အင်းစိန်၊ မန္တလေးအိုးဘို၊ သာယာဝတီ၊ မြင်းခြံ၊ ဒိုက်ဦးနှင့် ကျိုက်မရောထောင်တို့သည် အကျဉ်းသားများ အဖိနှိပ်ခံရဆုံးနှင့် နာမည်ကျော်သည်။

အကျဉ်းသားများကို ထောင်ဝင်စာတွေ့ခွင့်မပေးခြင်း၊ လုံလောက်သည့် ဆေးကုသခွင့်မပေးခြင်းတို့ ဖြစ်ပေါ်နေသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) က Myanmar Nowကို ပြောသည်။

Show More

Related Articles

Back to top button