သတင်း

မိတ္ထီလာထောင်တွင် မူးယစ်ဆေး အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်

မူးယစ်ဆေး ရောင်းသည့် မိတ္ထီလာထောင်တွင် အကျဉ်းသားများထံမှ ငွေညှစ်ထုတ်ယူနည်းမျိုးစုံ ရှိနေရာ ထိုအထဲတွင် ရိုက်နှက်မှုများမှ ကင်းလွတ်ကြေး၊ ထောင်တွင်း ပုံစံထိုင်နည်း သင်တန်းကြေး တောင်းခံမှုလည်း ပါဝင်သည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့အကျဉ်းထောင်အတွင်း မူးယစ်ဆေး ရောင်းနေသဖြင့် ဝယ်ယူသုံးစွဲသူများ ရှိနေသလို အကျဉ်းသားကို အနိုင်ကျင့် နှိပ်စက်သည့်နည်းဖြင့် ထောင်အာဏာပိုင်များနှင့် ၎င်းတို့၏ လက်ပါးစေများက ငွေရှာနေကြသည်ဟု လွတ်မြောက်လာသူတချို့နှင့် နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) တို့က ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် ရာဇဝတ်မှုဖြင့် လွတ်မြောက်လာသူတစ်ဦး ရေးသားထားသည့် စာတစ်စောင်တွင် ထောင်အာဏာပိုင်တို့က အကျဉ်းသားများကို နိုင့်ထက်စီးနင်းပြုမှုခြင်း၊ ငွေကြေးတောင်းခံခြင်း၊ မူးယစ်ဆေး ထောင်တွင်းရောင်းချနေခြင်းတို့ကို  ဖော်ပြထားသည်။

ထောင်ပိုင် စောဘောနီ၊ ထောင်မှူး မြတ်ကိုကိုထွန်း (ကိုယ်ပိုင်နံပါတ် ၃၈၉၁)၊ အဆောင်မှူး(ဗိုလ်လေး) လှိုင်မင်းထွန်း (ကိုယ်ပိုင်နံပါတ် ၄၈၀၄)၊ စည်းကမ်းထိန်း ကျော်မင်းထိုက်၊ စိုးမိုးထွန်းနှင့် ၎င်းတို့၏ လက်ပါးစေလူမိုက်များက ထောင်အတွင်းဖိနှိပ်မှုနှင့် အဓမ္မငွေရှာမှုများကြောင့် ဆိုးဆိုးဝါးဝါး ခံနေရသော အကျဉ်းသားများ၏ငရဲဟု ရေးသားထားသည်။

စာရွက်ဖြတ်ပိုင်း ၅ ခုတွင် မင်အပြာဖြင့် ရေးသားထားသည့် ထိုစာကို Myanmar Now ကလည်း ဖတ်ရှုခွင့် ရရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီကို ဆန္ဒပြမှုဖြင့် ဖမ်းဆီးထောင်ချခံရပြီး ၂၀၂၃ ခုနှစ်ဆန်းပိုင်းတွင် ပြန်လည် လွတ်မြောက်လာသူနောက်တစ်ဦးကလည်း မိတ္ထီလာထောင်အတွင်း အထက်ပါ ဖြစ်ရပ်များ အမှန်တကယ် ဖြစ်ပွားနေသည်ဟု Myanmar Nowကို ယနေ့ (မတ် ၁၁) နံနက်တွင် မှတ်ချက်ပြုသည်။

မိတ္ထီလာထောင်အခြေအနေနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာန အရာရှိများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မြို့အနောက်ဘက် ကျောက်ပန်းတောင်းနှင့် မိတ္ထီလာ ကားလမ်းနံဘေးရှိ အဆိုပါထောင်သည် အကျဉ်းသားအရေအတွက် ၅၀၀ ကျော်ရှိပြီး ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာမြို့တို့မှ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူအများအပြား အကျဉ်းချခြင်းခံထားရသည့် အကျဉ်းထောင်တစ်ခု ဖြစ်သည်။

နိုင်ငံအနှံ့ ထောင်များတွင် အကျဉ်းသားအခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်မှုများအပြင် ထောင်အာဏာပိုင်တို့၏ မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချမှုများလည်း ဆိုးရွားလာနေသည်ဟု မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။

“ထောင်တော်တော်များများမှာ ဖြစ်နေတာပေါ့နော်။ မိတ္ထီလာထောင်မှ မဟုတ်ဘူး။ ဒီ မူးယစ်ဆေးသွင်း ရောင်းနေတဲ့ကိစ္စက ဟိုးအရင်ကတည်းက ရှိတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်က တအား ဆိုးသွားတဲ့အခြေအနေပေါ့” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ၎င်းတို့အနေဖြင့် မူးယစ်ဆေးပြဿနာကြီးမားနေသည့် ထောင်များကို စာရင်းပြုစုထားကြောင်း Myanmar Now ကို ပြောသည်။

“သေချာတာကတော့ မန္တလေးဗဟိုအကျဉ်းထောင်၊ မြင်းခြံထောင်နဲ့ မြိတ်ထောင်ပါမယ်၊ အခု မိတ္ထီလာ။ အဲဒီမှာ အရာရှိဝန်ထမ်းတွေက သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီးတော့ အကျဉ်းထောင်တွေထဲ မူးယစ်ဆေးဝါး ဖြန့်တယ်” ဟု  သူက ဆိုသည်။

“မူးယစ်ဆေးဝါးအမှုတွေနဲ့ ရောက်ရှိနေတဲ့ သူတွေက အဲဒီ ဆေးဖြန့်တာကို တာဝန်ယူနေတယ်”

၂၀၁၉ ဖေဖော်ဝါရီအတွင်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အနီး ထောင်ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

မိတ္ထီလာထောင်မှ ဖိနှိပ်မှုများ

အကျဉ်းသားတစ်ဦး‌ မိတ္ထီလာအကျဉ်းထောင်သို့ ဝင်ရောက်လာပါက စစ်ဆေးရေးလုပ်သည့်ဘူးဝကို ဖြတ်သန်းရပြီး ပါလာသမျှပစ္စည်းများ ယူဆောင်ခံရကြောင်း၊ ထောင်တွင်း ပုံစံတကျပြုမူနည်းသင်တန်းကြေး သုံးသောင်းနှင့် စာရွက်စာတမ်းကြေး ကျပ် ငါးသောင်း အပါအဝင် အိပ်ရာလိပ်ကြေး၊ အလုပ်မလုပ်လိုပါက ပေးရသည့်ကြေး အစရှိသည်တို့ အကြောင်းပြကာ ငွေအဆင့်ဆင့်ပေးရကြောင်း၊ ဘုတ်အဆောင်တွင် ယာယီနေထိုင်ရစဉ် ကနဦးနေ့၌ပင် ရိုက်နှက်ညှဉ်းပန်းခံရကြောင်း ဆိုထားသည်။

ထောင်အရာရှိများရှေ့တွင် ရိုသေစွာ မတ်တတ်ရပ်နည်း၊ ထိုင်နည်း ရှင်းပြမှုအတွက်လည်း ငွေတောင်းနေသည်ဟု ဆိုသည်။

“ရောက်ရောက်ချင်း စည်းကမ်းထိန်းမျိုးညွန့် (ကုလား) က အိမ်သာဆေးခိုင်းတယ်။ ဘာအပြစ်မှ မရှိဘဲ ဆဲတယ်။ (အသက်) အကြီးအငယ် မခွဲခြားဘူး ခေါင်းတွေချည်း ရိုက်တယ်။ ၅ မိနစ်တောင် မသင်ရတဲ့ ပုံစံထိုင်နည်းကို သင်တန်းပေးတယ်ဆိုပြီး သုံးသောင်းပေးရတယ်။ သင်နေစဉ်အတွင်းမှာ အချက် ၂၀ အနည်းဆုံး ရိုက်ခံရတယ်။ ပါးစပ်ကိုလည်း တုတ်နဲ့ထိုးတယ်” ဟု ထိုစာတွင် ဖော်ပြထားသည်။

“အိတ်ရာလိပ်ကြေးဆိုပြီး မတန်တဆ ထပ်တောင်းတယ်။ အတွေ့အကြုံမရှိတော့ ကြောက်ကြောက်နဲ့ ပေးကြရတယ်။ နောက်နေ့ မနက်လင်းတာနဲ့ အဆဲတွေက ပလူပျံနေတာပဲ။ တုတ်နဲ့က ရိုက်သေး။ မျက်စိသူငယ် ..နားသူငယ်နဲ့ ငရဲကျနေတာပဲ”

ထိုအခြေအနေများသည် ထောင်ထဲသို့ ရောက်လာသူတိုင်း ကြုံဆုံရခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများမှာ ထိုထက်မက ဖိနှိပ်ခံရကြောင်းလည်း ဖော်ပြထားသည်။

“နိုင်ငံရေးသမားတွေကိုဆို ထောင်ထဲ စဝင်ဝင်လာချင်း အပိုးကျိုးအောင် နှိမ်ထားတယ်။ နိုင်ငံရေးသမားတွေကို ဘောင်ထဲကနေ အရေးယူလို့ရအောင် ပြဿနာရှာကြတယ်“ ဟု ထိုစာတွင် ပါရှိသည်။

“အိမ်သာကျင်းထဲက အပေါ်ယံရေတွေကို ပုံးနဲ့ခပ်ပြီး အဝေးကြီးကို သွားသွန်ရတယ်။ ဘယ်သူတွေနားနား နိုင်ငံရေးနဲ့ ပတ်သက်ပြီး (ထောင်ထဲ) ရောက်လာသူတွေ မနားရဘူး။ အလုပ်မရှိတောင် တံမြက်စည်းတော့ လှဲနေမှ၊  ရပ်နေတာ တွေ့ရင် ဆဲတယ်….ရိုက်တယ်”

ထိုသို့သော အလုပ်များ၊ ရိုက်နှက်ခံရခြင်းများ ကင်းလွတ်လိုပါက အပြီးအစီး ကျပ်နှစ်သိန်းခွဲဟု ဆိုကာ တောင်းခံကြောင်း ရေးသားထားသည်။

အထက်ပါ အကျဉ်းသားအမျိုးသား ထောင်တွင်းလျှို့ဝှက်ရေးခဲ့သည့် စာတစ်စောင်တွင် “ပိုက်ဆံမပါဘူးဆိုရင် အိမ်ဖုန်းနံပါတ် သိလား…. ဆက်သွယ်ပေးမယ် ပြောတယ်။ ဒါမှမဟုတ် ဝန်ထမ်းဆီက ချေးပေးတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူတို့ ပေးတဲ့ဖိအားကို မခံနိုင်ဘူး။ သူတို့တောင်းတဲ့ပိုက်ဆံကို လုပ်ပေးလိုက်ရတယ်။ ပိုက်ဆံနဲ့မကာနိုင်တဲ့လူက တော်တော်ဆိုးဆိုး ခံရတယ်” ဟု ရေးသားထားသည်။

အထက်ပါ ဖြစ်စဉ်များသည် ယာယီဘုတ်အဆောင်တွင် နေထိုင်ရစဉ် ကြုံတွေ့ရခြင်းဖြစ်ပြီး အဆောင်များသို့ ပြောင်းရွှေ့ပြီးပါက ထိုမျှမကဆိုးရွားသော ရိုက်နှက်ဖိနှိပ်မှုများ၊ ငွေကြေးအဓမ္မတောင်းခံမှုများကို ခံကြရသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး

ထောင်အတွင်း ရောက်ရှိအပြီး ၄ ရက်အကြာတွင် အဆောင်များသို့ ပြောင်းရွှေ့နေထိုင်ရပြီးနောက် ထောင်အာဏာပိုင်တို့၏ လက်ပါးစေအကျဉ်းသားများက မူးယစ်ဆေးသုံးရန် စည်းရုံးကြသည်ဟု ဆိုသည်။

ဆေးခြောက်၊ WY စသည့် မူးယစ်ဆေးများကို ထောင်အရာရှိများကိုယ်တိုင် ထောင်အတွင်း သွင်းထားပြီး ၎င်းတို့၏ လက်ပါးစေတပည့်များမှတစ်ဆင့် ရောင်းချ ဖြန့်ဖြူးနေကြောင်း သိရသည်။

“ဆေးသမား ချဉ်းကပ်လာတယ်။ မိတ်ဖွဲ့တယ်။ ဆေးသုံးတတ်လား …..မသုံးတတ်ဘူးပြောရင် နှစ်ရက်လောက် အလကားပေး စည်းရုံးတယ်။ နောက်ကြတော့ ဝယ်ရတယ်။ မူးယစ်ဆေးအကုန် စည်းကမ်းထိန်း ကျော်မင်းထိုက်ဆီက ဝယ်ရတယ်”

“သူက လိုက်နာရမယ့်စည်းကမ်းတွေ ပြောပြတယ်။ လက်ထဲ အများကြီး မထားရဘူး။ သူ့ဆီ အပ်ထားပြီး ကိုယ်သုံးသလောက်ပဲ ထုတ်ကြဖို့ ပြောတယ်။ စနေနေ့၊ ရဲဘက်ရှာဖွေမယ့်နေ့ မရောက်ခင် ဆေးသုံးတဲ့လူတွေလက်ထဲက ရှိတဲ့ဆေးတွေကို တန်းစီး စိုးမိုးထွန်းနဲ့ စည်းကမ်းထိန်း ကျော်မင်းထိုက်ကို အပ်ရတယ်။ သူတို့က အကုန်စုပြီး ဗိုလ်လေး လှိုင်မင်းထွန်းဆီမှာ သွားအပ်ရတယ်”

“အားလုံး ဗိုလ်လေးလှိုင်မင်းထွန်းရဲ့ အစီအစဉ်နဲ့ ထောင်ထဲကို သွင်းတယ်။ ဘယ်လိုသွင်းလဲဆိုတာတော့ မသိဘူး။ အဲ့ဗိုလ်လေးက ထောင်ပိုင်ကို တစ်လ သိန်း ၃၀ ရှာပေးနေရတယ်လို့လည်း သိရ မြင်ခဲ့ရပါတယ်” ဟု စာတွင် ရေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း၌ နိုင်ငံရေးအကျဉ်းသားများထားရှိသည့် အကျဉ်းထောင် ၄၀ ဝန်းကျင်ရှိသည့်အနက် ရန်ကုန် အင်းစိန်၊ သာယာဝတီ၊ မန္တလေးအိုးဘို၊ မြင်းခြံ၊ ဒိုက်ဦးနှင့် ကျိုက်မရော အကျဉ်းထောင်တို့တွင် အကျဉ်းသားများ အဖိနှိပ်ခံရမှုအများဆုံးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) က ဆိုသည်။

“အကျဉ်းထောင်ရဲ့အဓိပ္ပာယ်မှာက အကျဉ်းသားတွေကို ကောင်းမွန်စွာပြုစုဖို့၊ ပြီးတော့ ဆိုးသွမ်းတဲ့သူတွေကိုတောင်မှ ကောင်းမွန်တဲ့ရပ်ဝန်းတစ်ခု ဖန်တီးပြီးတော့ လောကမှာ အသက်မွေးဝမ်းကျောင်း ပြန်ပြုနိုင်ဖို့အတွက် အကျဉ်းထောင်တွေကိုဖွဲ့စည်းခဲ့တာပေါ့နော်။ လက်ရှိမှာ အကျဉ်းသားတွေကို ဖိနှိပ်ဖို့ထားတဲ့နေရာ ဖြစ်နေတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

“မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေဟာ နာဇီတွေကျင့်သုံးခဲ့တဲ့ အနေအထားဖြစ်နေတယ်”

အခြားလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသော သတင်းအချက်အလက်များအရ နိုင်ကျဉ်းအရေအတွက် ၂၀၁၀၂ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၈၈၂၀ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

Show More

Related Articles

Back to top button