သတင်း

မြို့တော်စစ်တွေသို့ ချဉ်းကပ်လာသော AA က ၅ မြို့ထက်မနည်း ထိန်းချုပ်ထား

ရန်သူဝိုင်းနေသည့် စစ်ကောင်စီက ရှေ့တန်းသို့ စစ်ကူမပို့နိုင်ဘဲ လေတပ်ကို အားပြုနေရချိန်တွင် နိုင်ငံအနောက်ပိုင်း ဒေသအများအပြား AA ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။

ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီတပ်ကို နိုင်ငံအနောက်ဘက်ဒေသတွင် အကြီးအကျယ် ထိုးစစ်ဆင်နေရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေအထိ ချဉ်းကပ်လာနိုင်ပြီးနောက် သိမ်းယူထားသော ၂ မြို့ အပါအဝင် မြို့ကြီး ၅ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။​

ပလက်ဝမြို့နှင့် ပေါက်တောမြို့တို့ကို သိမ်းယူပြီးနောက် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့တို့ကို ထိန်းချုပ်သိမ်းယူနိုင်ရန် AA က ကြိုးပမ်းနေကြောင်း ဇန်နဝါရီလ တတိယပတ်တွင် ဒေသခံများက ပြောထားကြသည်။

ထို့နောက် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လာရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချခဲ့သလို အိန္ဒိယဘက် ဆုတ်ခွာထွက်ပြေးသူ ၆၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသူ ၂၀၀ ကျော် ရှိနေသည်။

နှစ်လကျော် သုံးလနီးပါး တိုက်ပွဲများအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းများအပါအဝင် စစ်ကောင်စီအခြေစိုက်တပ်စခန်းအများအပြား AA လက်အောက် ကျရောက်သွားသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်သော AA ၏ ထိုးစစ်အတွင်း ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း  ပေါက်တောမြို့တို့ကို အပြီးသတ်သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲစတင်ကတည်းက ယနေ့အထိ စစ်ကောင်စီစခန်း ၂၀၀ နီးပါး တိုက်ခိုက်သိမ်းပိုက်ထားရာ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော ကုလားတန်မြစ်ကြောတစ်လျှောက် တည်ရှိသည့် စစ်ကောင်စီ၏ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်၊ နှုံးဘူး၊ ခဝဲ စသည့် ဗျူဟာကုန်း ၃ ခုလည်း ပါဝင်သည်။

AA ထိုးစစ်ဆင်သည်နှင့် စစ်တပ်က ရခိုင်ပြည်နယ်တွင်း တစ်မြို့နှင့် တစ်မြို့သာမက ပြည်နယ်ပြင်ပနှင့်ပါ အဆက်အသွယ်ဖြတ်တောက်ထားသဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး အစားအစာနှင့် အခြေခံအသုံးအဆောင်များ ပြတ်လပ်နေသည်။

AA သည် ကိုးကန့်တပ် (MNDAA)၊ တအာင်း/ပလောင်တပ် (TNLA) တို့နှင့်အတူ အောက်တိုဘာ ၂၇ မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းများကို တရစပ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ထိုးစစ်ကို “၁၀၂၇ စစ်ဆင်ရေး” ဟု ညီနောင် ၃ ဖွဲ့က အမည်ပေးခဲ့သည်။

တရုတ်၏ ဖိအားကြောင့် ထိုးစစ်ကို တရုတ်နှင့် ကပ်လျက်တည်ရှိသော ရှမ်းပြည်နယ်တွင် ရပ်တန့်ပေးလိုက်ရသော်လည်း ရခိုင်ပြည်နယ်တွင်မူ ထိုးစစ် ဆက်ရှိနေသည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင်ပါ အပစ်ရပ်စေရန် ကြိုးစားလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်သံအမတ်က ဖွင့်ပြောထားသည်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားပြီးသော စစ်ကောင်စီတပ်စခန်းများနှင့် ထိုးစစ်ဆင်နေဆဲ တပ်စခန်းများပြမြေပုံ။

တောင်ပြိုလက်ဝဲမြို့

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရှိ နယ်ခြားစောင့်ရဲစခန်းတစ်ခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နယ်စပ်တစ်လျှောက် ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားကြောင်း သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၆) တွင် တောင်ပြို (လက်ဝဲ) စခန်းကို အပြီးသတ်ရရှိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၄၊ ညနေ ၆ နာရီခန့်တွင် တောင်ပြို (လက်ယာ) စခန်းကို သိမ်းပိုက်ထားပြီး ဖြစ်သည်ဟု ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

နယ်စပ်မျဉ်းအနီး ကပ်လျက်တည်ရှိသော ထိုစခန်း ၂ ခုကို ဖေဖော်ဝါရီ ၃ ရက်က ညပိုင်းမှ စတင်၍ AA က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းနှစ်ခုမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများက နယ်စပ်ဖြတ် ထွက်ပြေးခဲ့ကြရာ ယမန်နေ့ညအထိ ပြေးလာသူ ၂၆၄ ဦး ရှိကာ ၁၅ ဦးမှာ ဒဏ်ရာရထားသဖြင့် ကုသပေးနေရကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်သော Dhaka Tribune တွင် ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားစဉ် ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျသဖြင့် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း၊ နယ်စပ်ကျေးရွာများမှ ဒေသခံတို့ ထွက်ပြေးနေကြကာ ခိုလှုံရန် ရောက်ရှိလာသော မြန်မာဘက်မှ ရိုဟင်ဂျာ ၆၅ ဦးကို ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

တောတွင်းတစ်နေရာမှာ တွေ့ရသော AA တပ်ဖွဲ့ဝင်များ။

ကျောက်တော်

ပလက်ဝမြို့တောင်ဘက် ကျောက်တော်မြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အခြေစိုက်ပြီး ၎င်းလက်အောက်တွင် တပ်ရင်း ၁၀ ရင်းရှိကာ ကျောက်တော်မြို့အနီး အမှတ် (၃၇၄)၊ ( ၃၇၅)၊ (၃၇၆) (၅၃၉) ခြေမြန်တပ်ရင်းများနှင့် အမတ (၃၇၇) အမြောက်တပ်ရင်းတို့ ရှိကြသည်။

AA က ကျောက်တော်မြို့နှင့် တစ်မိုင်ခန့်အကွာ ကစ္ဆပနဒီတံတားအရှေ့ဘက်တွင် ရှိသော ခမရ (၃၇၄) တပ်ရင်းစခန်းကို ဇန်နဝါရီ ၃၀ တွင်လည်းကောင်း၊ ကျောက်တော်မြို့မှ ၂ မိုင်ခန့် ဝေးသည့် ဒေါင်းတောင်ယိုးရွာအနီးတွင် ရှိသည့် ခမရ ၃၇၅ နှင့် ခမရ ၃၇၆ တို့အနက်မှ ခမရ (၃၇၆) တပ်ရင်းကို ဖေဖော်ဝါရီ ၂ တွင် အပြီးသတ်သိမ်းလိုက်သည်။

ကျောက်တော်မြို့တွင် အရေးပါသည့် တပ်စခန်းများဖြစ်သည့် တင်းမရွာအနီးရှိ တောင်ရှည်တောင် ဗျူဟာစခန်း မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သည် ဇန်နဝါရီ ၉ တွင် လက်နက်ချခဲ့ပြီး အမတ (၃၇၇) အမြောက်တပ်ရင်းကို ဇန်နဝါရီ ၁၄ တွင် ရရှိခဲ့ကာ နောက်နှစ်ရက်အကြာတွင် ခမရ (၅၃၉) တပ်ရင်းကို သိမ်းပိုက်ရှိခဲ့သည်ဟု AA က သတင်းထုတ်ခဲ့သည်။

ရန်ကုန်-စစ်တွေ ကားလမ်းမဘေး ကန်စောက်ရွာအခြေစိုက် ခမရ (၅၃၉) တပ်ကို ဇန်နဝါရီ ၁၅ ရက်တွင် AA က စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် တပ်ရင်းတစ်ခုလုံးနှင့် မိသားစုဝင်များ အပါအဝင် လူ ၃၀၀ နီးပါး AA ထံ လက်နက်ချခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ကျောက်တော်မြို့တွင် စကခ (၉) နှင့် ခမရ (၃၇၅) တပ်ရင်းတစ်ရင်းသာ ကျန်ရှိတော့ပြီး AA က ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။

၂၀၂၄ နှစ်ဆန်းက တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-APM)

မင်းပြားမြို့

မင်းပြားမြို့တွင် စကခ (၉) အောက်မှ ခြေမြန်တပ်ရင်းများ ဖြစ်ကြသည့် ခမရ (၃၇၉) ၊ (၃၈၀) နှင့် (၅၄၁) တို့ အခြေစိုက်ရာ ခမရ (၃၈၀) တပ်ရင်းကို ဇန်နဝါရီ ၂၈ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

မြို့နှင့် ၂ မိုင်ကျော်အကွာတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသော ထိုတပ်ရင်း ၃ ရင်းမှ လက်ကျန် ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တို့ကို ယမန်နေ့ (ဖေဖော်ဝါရီ ၆) တွင် AA က သိမ်းယူနိုင်ခဲ့ပြီး တစ်မြို့လုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ ခမရ တပ်ရင်း ၂ ခုမှ တပ်မမှူး အပါအဝင် စစ်သား ၁၀၀ ကျော်နှင့် တပ်မိသားစုဝင်များ၊ မင်းပြားမြို့မှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အကြီးအကဲများ အပါအဝင် လူ ၅၀၀ ကျော် AA ထံ ယမန်နေ့က လက်နက်ချခဲ့ကြသည်။

လက်ရှိတွင် နယ်မြေရှင်းလင်းရေးလုပ်နေပြီး အသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့တွင် Myanmar Now ကို ပြောထားရာ မင်းပြားမြို့သည် AA ထိန်းချုပ်မှုအောက် ကျရောက်သွားပြီဖြစ်သည်။

သို့ရာတွင် မင်းပြားမြို့မှ ၁၀ မိုင်ခန့်အကွာ ကမ်းနီ အမှတ်(၉) တိုင်းဗဟိုတန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် မင်းပြားမြို့အနီး ကျိန်းတောင်တပ်စခန်းလည်း ကျန်ရှိနေသေးသည်။

မင်းပြားမြို့ကို AA က ထိန်းချုပ်လိုက်ပြီး မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကို သိမ်းပိုက်နိုင်ပါက မြို့နယ်တစ်ခုလုံး AA လက်ထဲ ကျရောက်သွားမည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ဒါသင်တန်းကျောင်းပဲ၊ အင်အားတော့ရှိမယ်ထင်တယ်၊ သေချာတော့မသိဘူး။ အဲ့ဒါကိုလည်း AA က ဝိုင်းထားပြီး၊ သူတို့လည်း ခံနိုင်ပါ့မလား၊ ဒီဘက်တစ်ရိုးမှာ ပြေးစရာမရှိတော့ဘူး”

“မြို့အခြေအနေက ပေါက်တော၊ ရမ်းဗြဲတို့လိုမျိုး မဆိုးဘူး။ နည်းနည်းသက်သာတယ်လို့ ပြောရမယ်။ ကျွန်တော်တို့ အစ်မအိမ်အပါအဝင် အိမ် ၂၀ လောက်တော့ ပျက်စီးတယ်။ တစ်ပိုင်းတစစ်နဲ့ ပျက်စီးတာ ဆိုရင် ရာနဲ့ချီလို့ ရှိနိုင်တယ်“ ဟု ထိုသူက ဆက်ပြောသည်။

AA အနေဖြင့် အလွယ်တကူ သိမ်းယူရရှိခဲ့ခြင်းမဟုတ်ကြောင်း အထက်ပါ မင်းပြားဒေသခံအမျိုးသားက ဆိုသည်။

“လွယ်လွယ်လေးနဲ့ ရတာတော့မဟုတ်၊ တိုက်ရည်ခိုက်ရည်ကောင်းလို့ရတာ၊ အသာတကြည်အညံ့ခံတာ မဟုတ်၊ အသည်းအသန် ခုခံနေကြတာ၊ လေယာဉ်ဆိုရင် မနားတမ်း၊ နေဗီလို တစ်မျိုး၊ ဒရုန်းလို တစ်မျိုး၊ အဲ့ဒါကို တိုက်ပြီးမှ ရတာ၊ သေနတ်သံတွေ မနေ့ညကမှ တိတ်ဆိတ်သွားတာ” ဟု ၎င်းက ယနေ့ ပြောသည်။

AA သိမ်းပိုက်ခဲ့သော မင်းပြားမြို့ ခြေမြန်တပ်ရင်း ၃ ခုပြမြေပုံ။

ရခိုင်နိုင်ငံရေးလေ့လာသူ အမတ်ဟောင်း ဦးဖေသန်းကလည်း ရခိုင့်အိပ်မက်များ အကောင်အထည်ပေါ်လာပြီဟု ဆိုသည်။ 

“နှစ်ပေါင်း ၂၄၀ အတွင်းမှာ ဒီလိုတစ်ခါမှ အင်အားမကြီးဖူးဘူး။ ရန်သူကို ထိုးစစ်အနေအထားနဲ့ …ရန်သူကို ခံစစ်ဖြစ်သွားအောင် တစ်ခါမှ မလုပ်နိုင်ခဲ့၊ အခု ကိုယ့်ဘက်က အင်အားအသာနဲ့ တိုက်တယ်၊ တိုက်တိုင်းလည်း နိုင်တယ်။ ရခိုင့်သမိုင်းတစ်လျှောက်မှာတော့ ရခိုင်တွေမျှော်လင့်ချက်၊ ကိုယ့်ထီးကိုယ့်နန်း နေချင်တယ်၊ ကိုယ့်လုပ်ပိုင်ခွင့် ရချင်တယ်၊ အိပ်မက်တွေတော့ အကောင်အထည်ပေါ်လာတယ်” ဟု ပြောသည်။

မြောက်ဦးခရိုင် မင်းပြားမြို့အရှေ့ဘက်တွင် ရာမောင်မြစ်၊ အနောက်ဘက်တွင် လေးမြို့မြစ်တို့ ရှိပြီး ဌာနဆိုင်ရာတို့၏ ၂၀၁၉ ခုနှစ်အထိ စာရင်းများအရ မြို့ပေါ်တွင် အိမ်ခြေ ၄၇၀၀ ကျော်၊ လူဦးရေ ၂၃၀၀၀ ကျော် ရှိကာ ကျေးလက်နေသူ ၂ သိန်းဝန်းကျင်ရှိသည်။

မင်းပြားမြို့မြောက်ဘက်တွင် မြောက်ဦးမြို့၊ အနောက်တောင်ဘက်တွင် ပေါက်တောမြို့တို့ရှိသည်။

ရှေးဟောင်းမြို့တော် မြောက်ဦး

၂၀၂၃ ဒီဇင်ဘာ ၂၄ တွင် ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်းနှင့် သူတော်မတောင်ကုန်း စခန်းတို့ကို AA က ဝင်တိုက်ရာမှ ရှေးဟောင်းမြို့တော် မြောက်ဦးတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ရှေးဟောင်းအမွေအနှစ်များ ပျက်စီးသွားကာ ထိုပစ်ခတ်မှုသည် စစ်ကောင်စီ၏ ရည်ရွယ်တိုက်ခိုက်မှု ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) က နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။ စစ်ကောင်စီကမူ ၎င်းတို့လက်ချက်မဟုတ်ဟု ဒီဇင်ဘာ ၂၆ ဝါဒဖြန့်သတင်းစာများတွင် ငြင်းဆန်ထားသည်။

 မြောက်ဦးမြို့ဟောင်းကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ခွန်းလတ်/Myanmar Now)

မြို့နယ် မြောက်ဘက်ရှိ မြောက်ဦးခရိုင်ရဲစခန်းကို ဒီဇင်ဘာ ၂၇ တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီး မြို့၏တောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ မြောက်ဦး-မင်းပြား ကားလမ်းဘေးရှိ စစ်သားနှင့် ရဲ ၇၀ ခန့် တပ်စွဲနေရာယူထားသည့် မြောင်းဘွေကျေးရွာရဲစခန်းကို ဒီဇင်ဘာ ၃၀ တွင် AA က သိမ်းယူခဲ့သည်။

မြောက်ဦးအခြေစိုက် ခမရ(၃၇၇) နှင့် (၃၇၈) တို့က ဇန်နဝါရီ ၁၃ တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ပေါ် ထမ္မရာဇ်ရပ်ကွက်ရှိ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့တွင် ခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၅၄၀) ၊ (၃၇၇)  (၃၇၈) နှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့ အခြေစိုက်ထားသည်။

ဇန်နဝါရီ ၃၀ တွင် ခမရ (၅၄၀) တပ်ရင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါ ရီ ၅ နံနက်တွင် ခမရ (၃၇၈) တပ်ရင်းတစ်ခုလုံးကိုလည်း အပြီးသတ် ချေမှုန်း သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် မြောက်ဦးမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ခမရ (၃၇၇) နှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့သာ ကျန်ရှိတော့သည်။

ဇန်နဝါရီ ၁၈ က ပလက်ဝမြိုရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ထားသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- AA Info)

တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူနှင့် ရမ်းဗြဲ

ကျောက်ဖြူမြို့မှ သုံးမိုင်ကျော်အကွာရှိ သစ်ပုတ်တောင်ရွာတွင် ရှိသည့် ဓညဝတီရေတပ်စခန်းကို ဇန်နဝါရီ ၈ နံနက်တွင် AA က စတင် တိုက်ခိုက်ခဲ့သည်။ ကျောက်ဖြူမြို့နှင့် ကျောက်ဖြူဆိပ်ကမ်းကြားရှိ ရွာဖြစ်သည်။

ရေတပ်စခန်းသည် တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သင်္ဘောများ ဝင်ထွက်ရာ လမ်းကြောင်းပေါ်တွင် တည်ရှိကာ ကျောက်ဖြူဆိပ်ကမ်းနှင့် ၅ မိုင်ခန့်သာ ကွာဝေးသည်။

ကျောက်ဖြူမြို့တောင်ဘက် ရမ္မာဝတီ ဟု ခေါ်သော ရမ်းဗြဲမြို့တွင် ဒီဇင်ဘာ ၁၈ တွင် ရမ်းဗြဲမြို့မဈေးအနီး၊ အမှတ် (၅) ရပ်ကွက်၊ မြို့တောင်ဘက် စစ်တပ်တပ်စွဲထားရာ ဘုရားကုန်းနေရာတို့ကို AA က ဝင်တိုက်ရာမှ မြို့ပေါ်တိုက်ပွဲ စတင်ခဲ့ သည်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ပေါ်တွင်လည်း နေရာအများစုကို AA က ထိန်းချုပ်ထားရာ စစ်ကောင်စီ လေတပ်၊ ရေတပ်တို့က ဇန်နဝါရီ ၂၄ မှ အစပြုပြီး ရက်သတ္တပတ်တစ်ပတ်ကြာ ပစ်ခတ်ဗုံးကြဲခဲ့၍ တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံတချို့က ဆိုကြသည်။

“မြို့ကတော့ မြို့ပျက်ကြီးလို ဖြစ်နေပါပြီ။ မြို့ထဲမှာ လူနေလို့ မရတော့ဘူး။ လေယာဉ်နဲ့ လာ..လာပြီး ဗုံးကြဲနေတာ၊ မြေပြင်တိုက်ပွဲ မရှိဘဲနဲ့လည်း ဗုံးက တစ်ရက် နှစ်ခါသုံးခါလောက် လာ..လာကြဲနေတာ၊ မြို့ထဲမှာက ဟိုနားတစ်ကွက် သည်နားတစ်ကွက် အပျက်အစီးတွေဖြစ်နေတယ်” ဟု တိမ်းရှောင်နေရသည့် သက်လတ်ပိုင်းအရွယ် မြို့ခံအမျိုးသားတစ်ဦးက ဇန်နဝါရီ ၃၀ တွင် Myanmar Now ကို ပြောထားသည်။

ရမ်းဗြဲမြို့ကို ဇန်နဝါရီ ၂၄ တစ်ရက်တည်းမှာပင် လေကြောင်းမှ ၃၃ ကြိမ်ထက်မနည်း၊ နောက်တစ်နေ့ (ဇန်နဝါရီ ၂၅) တွင် လေကြောင်းမှ ၃၅ ကြိမ် ဗုံးကြဲခဲ့ပြီး ဇန်နဝါရီ ၂၆ တွင် လေတပ်က ၁၇ ကြိမ် ဗုံးကြဲခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြကြသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ရမ်းဗြဲမြို့ အမှတ် (၂) ရပ်ကွက်၊ လမ်းမကြီးတစ်လျှောက် လူနေအိမ်များ၊ မြို့လယ် ဓမ္မာရုံဝန်းကျင်ရှိ အဆောက်အအုံများ၊ မြို့မရဲစခန်းအနောက်ဘက်ရှိ ရမ္မာဝတီစျေးဆိုင်တန်းမှ ဆိုင်ခန်းများလည်း မီးလောင်ပျက်စီးထားသည်။

AA က သိမ်းယူရန် ပစ်မှတ်ထားသော မြို့များတွင် အပါအဝင်ဖြစ်သည့် ရမ်းဗြဲမြို့ကို သိမ်းယူနိုင်ရေး နီးစပ်နေပြီဖြစ်၍  လေတပ်နှင့် ရေတပ်က ထိုကဲ့သို့ အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံတချို့က ယူဆကြသည်။

ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီးတစ်ခုဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်တို့ကြားတွင် တည်ရှိသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲကျွန်းသည် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး ရေနံစိမ်းပိုက်လိုင်းမှာမူ ကျောက်ဖြူအနီးရှိ မဒေးကျွန်းမှ စတင်သွယ်တန်းထားသည်။ တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။

ရမ်းဗြဲမြို့တွင်းသို့ တိုက်လေယာဉ်များ၊ ထောက်ပို့လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၂၉ ညပိုင်းက ထုတ်ပြန်ထားသည်။

ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း

ဇန်နဝါရီ ဒုတိယပတ်အတွင်း စစ်တွေခရိုင် ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်ခဲ့စဉ် ရေစိုးချောင်းဗျူဟာကုန်းမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတချို့ လက်နက်ချခဲ့ပြီး လက်နက်ချရန် ငြင်းဆိုသူများမှာ စစ်ကောင်စီ ဇက်ရေယာဉ်ဖြင့် ဆုတ်ခွာ လွတ်မြောက်သွားကြသည်။

 ပြည်နယ်မြို့တော် စစ်တွေကို ယခုရက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ကာလရှည် ပိတ်ဆို့ခံထားရသည့် အဆိုပါ ရေစိုးချောင်းဗျူဟာကုန်းကို ဇန်နဝါရီ ၁၄ မွန်းတည့်ချိန်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု AA က နေ့တွင်းချင်း ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလဆန်းမှစတင်ကာ ရသေ့တောင်မြို့နယ် တောင်ဘက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကိုရှင်းလင်းကာ နီးကပ်လာသော AA ထိုးစစ်အတွက် ခံစစ်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြသည်။

စစ်ကောင်စီကလည်း စစ်တွေနှင့် ပုဏ္ဏားကျွန်းကြား ကျေးရွာများကိုလည်း အတင်းအကျပ် ပြောင်းရွှေ့ခိုင်းသလို ၁၀ ရွာထက်မနည်း ထွက်ပြေးခဲ့ရကာ လူနေကျေးရွာများ မီးရှို့ခြင်း၊ လူဖမ်းဆီးစစ်ဆေးခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ဇန်နဝါရီ ၃ ရက် ညနေက စစ်တွေနှင့် သုံးမိုင်ခန့်သာ ဝေးသည့် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာနှင့် ခမောင်းတော ရွာတို့ကို စစ်တပ်က မီးရှို့ကာ ပစ်ခတ်သဖြင့် နေအိမ်များ မီးလောင်ခဲ့သည်။

ထို့နောက် ပြည်နယ်အရှေ့ခြမ်း တိုက်ပွဲများသည် ဇန်နဝါရီလကုန်ခန့်တွင် စစ်တွေမြို့နယ်ဝန်းကျင်တွင် ဖြစ်ပွားလာပြီး ဇန်နဝါရီ ၃၀ နှင့် ၃၁ တွင် စစ်တွေမြို့နယ်၊ ဇော်မဒတ်ရွာနှင့် မြစ်နား (ကင်းမော်) ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ပြည်နယ်မြို့တော် စစ်တွေတွင် စစ်ရေးခြိမ်းခြောက်မှုများရှိလာပြီးနောက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁ မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၃၁ တွင် စစ်တွေနှင့် ၃ မိုင်ခန့် ဝေးကွာသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြေကုန်းရွာနှင့် အောင်ဇေယျရွာအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ တပ်ဆုတ်လာသည့် စစ်တပ်သည် အိမ်ခြေ ၃၀ ခန့်ရှိ ဆားကုန်ဘုတ်ရွာကို မီးရှို့ခဲ့ပြီး မထွက်ပြေးနိုင်သည့် အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ထိုသို့ ထိုးစစ် ပြင်းထန်နေချိန်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ဒေသတစ်ခုလုံး ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်သွားမည်၊ AA တပ်ဖွဲ့၏ မျှော်လင့်ချက်များ ပိုမို နီးကပ်လာပြီဟု BBC မြန်မာဌာန၏ ဖေဖော်ဝါရီ ၁ အွန်လိုင်းရုပ်သံအင်တာဗျူးတွင် ပြောဆိုခဲ့သည်။

ညီနောင် ၃ ဖွဲ့ကလည်း ရက္ခိုင်‌ဒေသတွင်း၌ ပြည်သူလူထုကို လက်နက်ကြီးများဖြင့် နှစ်ရှည်လများ ဗိုလ်ကျ အနိုင်ကျင့်နေခဲ့သည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်များ၊ တပ်ရင်းများနှင့် တပ်စခန်းများကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး အကြမ်းဖက်၊ ပစ်သတ်သဖြင့် လူငယ်အများအပြားက နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ခုခံလာကြပြီး AA ထံတွင် စစ်ပညာသင်ယူခဲ့သူများလည်း ရှိခဲ့သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်က AA ကို ပြန်လည်ခုခံရာတွင် စစ်ကူပို့နိုင်ခြင်း မရှိတော့ဘဲ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကိုသာ အားပြုနေရသည်။

AA သည် စစ်တပ်နှင့် ကာလရှည် တိုက်ပွဲဖြစ်ခဲ့ရာမှ ၂၀၂၀ နိုဝင်ဘာ၊ ၂၀၂၂ နိုဝင်ဘာတို့တွင် အပစ်ရပ်သဘောတူညီမှု ရခဲ့ဖူးသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ပြန်လည် စတင်သည့် တိုက်ပွဲများကြောင့် ရခိုင်တစ်ပြည်လုံးတွင် စစ်ရှောင်ဦးရေ သိန်းချီရှိလာပြီး ယခင်တိုက်ပွဲများမှ စစ်ရှောင်များပါ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

၂၀၂၃ အောက်တိုဘာ ၂၆ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယား၊ ရခိုင်၊ ချင်း၊ ကရင်၊ မွန်ပြည်နယ်၊  မန္တလေး၊ ပဲခူးအရှေ့၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇန်နဝါရီ ၈ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button