သတင်း

မြောက်ဦး-မင်းပြားကားလမ်း‌ပေါ်ရှိ မြောင်းဘွေရဲစခန်းကို AA သိမ်းပိုက်

ပလက်ဝရှိ စစ်တပ်ဗျူဟာ ၃ ခုအပါအဝင် စစ်တပ်စခန်းပေါင်း ၁၅၀ နီးပါး သိမ်းပိုက်ထားသည့် AA က ၂ ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် ရခိုင်ပြည်နယ် မြောက်ဦးမြို့၏ တောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ မြောင်းဘွေကျေးရွာရဲစခန်းကို ယနေ့ နံနက်တွင် သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၇၀ ခန့် တပ်စွဲနေရာယူထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဒီဇင်ဘာ ၃၀) နံနက် ၃ နာရီခန့်က သိမ်းပိုက်လိုက်ပြီဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့၏ တောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ မြောင်းဘွေကျေးရွာရှိ ထိုရဲစခန်းကို AA က ဒီဇင်ဘာ ၂၈ ရက် နံနက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“ရွာထဲကို ကိုယ့်ဘက် (AA) က ဝင်ခွင့်တော့ မပေးသေးဘူး။ ဘာလို့လဲဆိုတော့ စခန်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဘက်က လူတွေက ထွက်ပြေးသွားတာလည်း ရှိတော့ နယ်မြေရှင်းလင်းနေတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြောင်းဘွေစခန်းသည် မြောက်ဦး-မင်းပြား ကားလမ်းဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးအထိုင်စခန်းတစ်ခုအဖြစ် တပ်စွဲအခြေချထားသည့်စခန်းဖြစ်သည်ဟု AA က ဆိုထားသည်။

ထိုစခန်းကို သိမ်းပိုက်ရရှိပြီဆိုသည့်သတင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်အတွက် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

ထိုစခန်းကို ထိုးစစ်ဆင်တိုက်သည့်အချိန်ကစပြီး စစ်ကောင်စီလက်အောက်ခံ မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်းများဖြစ်သော အမှတ် (၅၄၀) နှင့် (၃၇၇) အပြင် မင်းပြား၊ ကျိန်းတောင်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။

မြောက်ဦးမြို့၏ တောင်ဘက် ၁၁ မိုင်ခန့်အကွာရှိ မြောင်းဘွေရဲစခန်းကို Google Maps တွေ တွေ့ရပုံ။

ထို့ပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ပေါင်းတုတ်ကျေးရွာရှိ အသက် ၁၂ နှစ်အရွယ် ရိုဟင်ဂျာကလေးတစ်ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနေ့မှာပင် ကိုင်းတောကျေးရွာမှ ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးတို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် အလားတူ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ကိုင်းတောကျေးရွာရှိ ရိုဟင်ဂျာအမျိုးသားငယ် ၂ ဦး သေဆုံးခဲ့ပြီး မိန်းကလေးငယ်၂ ဦးနှင့် အမျိုးသား ၄ ဦးတို့မှာလည်း ဒဏ်ရာရရှိခဲ့ရကာ ကိုင်းတောကျေးရွာလည်း မီးလောင်ခဲ့ သည်ဟု သိရသည်။

ဘူးတစ်လုံးကျေးရွာမှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အမျိုးသားတစ်ဦးမှာလည်း ဗုံးစထိမှန်သဖြင့် ခြေထောက်ပြတ်ထွက်သွားကာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု AA က ထိုနေ့တွင် ထုတ်ပြန်ထားသည်။

AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်၊ ည ၉ နာရီခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

နောက်တစ်နေ့ (ဒီဇင်ဘာ ၂၇) တွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် ဒီဇင်ဘာ ၂၈ ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ပွိုင့် (၃၇၇) စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ပလက်ဝမြို့နယ်ရှိ ခဝဲဗျူဟာကုန်းနှင့် ပွိုင့် (၃၇၇) ခြေကုပ်စခန်းတို့ကို Google Maps တွေ တွေ့ရပုံ။

AA အနေဖြင့် ဒီဇင်ဘာ ၁၄ ရက်အထိ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့အပါအဝင် စခန်း စုစုပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ထားသည်ဟု ထုတ်ပြန်ထားရာ စစ်ကောင်စီ ဗျူဟာကုန်းတစ်ခု အပါအဝင် နေရာတချို့ကို ထပ်မံထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်နှင့် AA တို့သည် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရမ်းဗြဲ စသည့် မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး ကျောက်တော်မြို့နယ်အထက်ပိုင်း တင်းမကျေးရွာရှိ တောင်ရှည်တောင် ဗျူဟာကုန်းတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ တစ်ရက်အတွင်း စစ်ကောင်စီက မြောက်ဦးမြို့တွင် ပစ်ခတ်မီးရှို့မှုများရှိသကဲ့သို့ ကျောက်တော်မြို့နှင့် ၎င်းအနီးအနားရှိ ဝက်မကျ၊ သားပုံ၊ လောင်းရှည်နှင့် ကွမ်းစည်း စသည့်ကျေးရွာများကို Y12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

ထို့ပြင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ အရပ်သား ၂ ဦး ဖမ်းဆီးခံရသလို ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက မြို့ပေါ်ရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသား ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ည ၈ နာရီခွဲ အချိန်ခန့်ကလည်း ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံစေတီတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တပ်ရင်းက လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ရာ စေတီတောင် (မွတ်ဆလင်) ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ရပြီး အနီးအနားမှ ဒေသခံ ၄ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ကန့်သတ်ပိတ်ဆို့ထား၍ တောင်ကုတ်မြို့တွင် လာရောက်ဆေးကုနေသည့် မာန်အောင်မြို့နယ်မှ ဒေသခံလူနာများ အပါအဝင် လူ ၁၀၀ ကျော် နေရပ်ပြန်ခွင့်မရ ဖြစ်လျက်ရှိပြီး စစ်တွေမြို့၊ ဆိပ်ကမ်းကပ်ခွင့် တားမြစ်ပိတ်ပင်ထားသည်ဟု မြောက်ပိုင်းပိုင်း ၃ ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button