သတင်း

ပေါက်တောမြို့တွင် AA အလံလွှင့်ထူထားပြီး နယ်မြေရှင်းလင်းရေးလုပ်နေ

ဇန်နဝါရီ ၁၉ ရက်တွင် တစ်နေကုန် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က လေတပ်နှင့် ရေတပ်ပစ်ကူများဖြင့် ခုခံခဲ့သော်လည်း ညနေပိုင်းတွင် မြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို စစ်ရေယာဉ်ဖြင့် လာရောက် ခေါ်ဆောင်သွားပြီးနောက် AA က မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် မလှမ်းမကမ်းရှိ ပေါက်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ရက္ခိုင့်တပ်တော် (AA) နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီး မြို့တွင်း၌ AA အလံများ လွှင့်ထူထားသည်ဟု ဒေသခံများက ပြောသည်။

AA သည် ပေါက်တောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ထိုသတင်းကို ယမန်နေ့ညပိုင်းမှ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပေါက်တောမြို့တွင်းရှိ စစ်ကောင်စီ၏ အထိုင်စခန်းချခဲ့ရာနေရာများတွင် AA အလံများ စိုက်ထူထားကာ နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒေသခံများ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဟု သိရသည်။

စစ်တွေမှ ရေမိုင် ၁၆ မိုင်သာ ကွာဝေးသည့် ပေါက်တောတစ်မြို့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့ကာ ဈေးအပါအဝင် နေရာအနှံ့အပြား မီးလောင်ထားသည်ဟုလည်း သိရသည်။ ဇန်နဝါရီ ၁၉ ရက်တွင် တစ်နေကုန် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က လေတပ်နှင့် ရေတပ်ပစ်ကူများဖြင့် ခုခံခဲ့သော်လည်း ညနေပိုင်းတွင် မြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို စစ်ရေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် AA က မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

နယ်မြေချင်းထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့ကို ယခုလ ၁၄ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် AA အနေဖြင့် ရခိုင်မြောက်ပိုင်းတွင် ပေါက်တောမြို့ကို ပထမဆုံးသိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။

ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA Info Desk)

ပေါက်တောမြို့နယ်မှာ ရခိုင်ပြည်နယ်အတွင်း လူဦးရေထူထပ်သည့် မြို့နယ်တစ်ခုဖြစ်ပြီး အရှေ့ဘက်တွင် မင်းပြားမြို့နယ်၊ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်ရှိသည်။ အနောက်ဘက်တွင် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိပြီး မြောက်ဘက်တွင် မြောက်ဦးမြို့နယ်ရှိသည်။

မြို့အနောက်ဘက်တွင် ကုလားတန်မြစ်နှင့် အရှေ့ဘက်တွင် ကျွဲကူးမြစ်ရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပေါက်တောမြို့ပေါ်တွင် လူဦးရေ ၁၂,၀၀၀ ကျော် နေထိုင်ပြီး တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိကာ ရဲစခန်းသာရှိပြီး စစ်တပ်စခန်းမရှိသောမြို့ဖြစ်သည်။

ပေါက်တောနှင့်အနီးဆုံး ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်လည်း ယခုလဆန်းပိုင်းကတည်းက စစ်တပ်က ခံစစ်ပြင်နေပြီး မြို့ကို ကာကွယ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

ပလက်ဝမြို့တောင်ဘက် ရခိုင်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အပါအဝင် ရသေ့တောင်၊ ရမ်းဗြဲမြို့တို့တွင် ဆက်လက်တိုက်ပွဲပြင်းထန်နေသည်။ စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်စခန်းများကို သိမ်းပိုက်ရရှိရန် AA ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းက တိုက်ပွဲစဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများပြင်းထန်နေသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်သည်။ ယမန်နေ့တွင် စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ တစ်နေ့လုံး တိုက်ခိုက်ခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အစကတည်းက လူတွေက မြို့ကနေ ထွက်သွားပါပြီ။ အခုတော့ မြို့က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မီးလောင်နေပြီ။ အနည်းဆုံး မြို့ထဲနေရာ ငါးခုလောက်မှာ မီးခိုးတွေထွက်နေတာ မြင်ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် AA က မြို့ကို ပိတ်ဆို့ထား၍ ရဟတ်ယာဉ်ဖြင့် ထောက်ပို့ပစ္စည်း လာရောက်ချထားပေးကြောင်း၊ မြို့ပေါ်မှ ဒေသခံ ၃၀၀၀ ကျော်သည် အနီးဝန်းကျင် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

ရမ်းဗြဲမြို့ကို ယမန်နေ့တစ်ရက်တည်း၌ပင် လေကြောင်းမှ ၃၃ ကြိမ်တိုက်ခိုက်ခဲ့ကာ အရေအတွက် အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့ပေါ်ရှိ လူနေအိမ်များ၊ တံတားများ၊ ဆိုင်ခန်းများ ထိခိုက်ပျက်စီးသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆိုသည်။

မင်းပြားမြို့နယ်တိုက်ပွဲတွင် ရေတပ်က လက်နက်ကြီးလေးလုံး ပစ်ခတ်ရာ သဲတန်းရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ဦးရာကျော် ၅၅ နှစ်၊ ဒေါ်အောင်ညွှန့်စိန် (ခ)ဒေါ်အလှချေ ၅၆ နှစ်တို့ သေဆုံးခဲ့သည်။

နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ဒေါ်အောင်ညွှန့်စိန် ပွဲချင်းပြီးသေဆုံးပြီး ကျောကုန်းထိမှန်သည့် ဦးရာကျော်မှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်ဟု သိရသည်။

သဲတန်းရွာမှ မောင်နိုင်နိုင်စိုး ၁၃ နှစ်၊ မဆန်းမေစိုး ၁၇ နှစ်၊ မစိုးစိုးစံ ၁၉ နှစ်၊ မသန်းသန်းရီ ၂၃ နှစ်၊ ဦးအေး ကျော် ၂၉ နှစ်၊ ဒေါ်မသာနု ၄၅ နှစ်၊ ဒေါ်လှမြသိန်း ၅၈ နှစ်တို့လည်း အပြင်းအထန်ဒဏ်ရာရသည်ဟု ရခိုင်အခြေစိုက် မီဒီယာများအရ သိရသည်။

ထို့အတူ မောင်တောအခြေစိုက်၊ မောရဝတီဗျူဟာစခန်းမှ လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်ကာ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) ကလည်း ပစ်ခတ်တိုက်ခိုက်ခြင်းများရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် မောင်နှမပုလဲတောင်ရွာမှ ရိုဟင်ဂျာကလေးငယ် ၃ ဦး သေဆုံးခဲ့ပြီး၊ ကလေး ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၈ ဦး ရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများတွင် ပါဝင်နေသော AA က ရခိုင်ပြည်နယ်အနှံ့ တပ်ဖြန့်ထားကာ မြို့ငါးမြို့ကို တစ်ပြိုင်နက် တိုက်ခိုက်နေသည်။

လွန်ခဲ့သည့် နိုဝင်ဘာမှ ယခုလ ၁၃ ရက်အထိ တိုက်ပွဲများအတွင်း ဒေသခံ ၈၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၆၀ ဦးရှိကာ ဖမ်းဆီးခံရသူ ၂၇၇ ဦးရှိသည်ဟု AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (Humanitarian and Development Coordination Office – HDCO) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button