သတင်း

ရေတပ်၊ လေတပ် ပစ်ခတ်မှုကြောင့် ရမ်းဗြဲတစ်မြို့လုံး ပျက်စီးနေပြီဟု ဆို

တရုတ်စီမံကိန်းစတင်ရာ ရမ်းဗြဲကျွန်းပေါ်တွင် လေတပ်နှင့် ရေတပ်က ရက်သတ္တပတ်တစ်ပတ်ကြာ ပြင်းပြင်းထန်ထန်ဗုံးကြဲနေ၍ မြို့ပျက်စီးသွားပြီဟု ဒေသတွင်းသတင်းဌာနများနှင့် ဒေသခံများက ပြောသည်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ပေါ်တွင်လည်း စစ်ကောင်စီ လေတပ်၊ ရေတပ်တို့က ရက်သတ္တပတ်တစ်ပတ်ကြာ ပစ်ခတ်ဗုံးကြဲခဲ့၍ တစ်မြို့လုံးနီးပါး ပျက်စီးနေပြီဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။

ပြည်နယ်မြောက်ပိုင်း ရှေးဟောင်းမြို့တော် မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲမြို့တို့အနီး  ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်လာသည့် ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ရမ်းဗြဲမြို့ကို အကြီးအကျယ် တိုက်ခိုက်နေခြင်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုမှာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်ကြောင်း တိမ်းရှောင်နေရသည့် သက်လတ်ပိုင်းအရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မြို့ကတော့ မြို့ပျက်ကြီးလို ဖြစ်နေပါပြီ။ မြို့ထဲမှာ လူနေလို့ မရတော့ဘူး။ လေယာဉ်နဲ့ လာ..လာပြီး ဗုံးကြဲနေတာ၊ မြေပြင်တိုက်ပွဲ မရှိဘဲနဲ့လည်း ဗုံးက တစ်ရက် နှစ်ခါ သုံးခါလောက် လာ..လာကြဲနေတာ၊ မြို့ထဲမှာက ဟိုနားတစ်ကွက် သည်နားတစ်ကွက် အပျက်အစီးတွေဖြစ်နေတယ်” ဟု သူက ဆိုသည်။

မြို့အဝင် ကလိန်တောင်မြစ်အတွင်း ရပ်နားထားသည့် စစ်ကောင်စီရေယာဉ်က ယနေ့ နံနက်မှ စတင်၍ အမြောက်များဖြင့် ပစ်နေသဖြင့် မြို့နှင့် ၁၂ မိုင်ခန့်ဝေးသည့်နေရာမှပင် ပစ်ခတ်သံများကြားနေရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ရေယာဥ်ပေါ်မှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်း မြို့သို့ ချဉ်းကပ်လာပြီးနောက် နံနက် ၁၀ နာရီခန့်တွင် မြို့ပြင်၌ တိုက်ပွဲဖြစ်ကြသည်ဟု ဒေသခံ နောက်တစ်ဦးက ယနေ့ (ဇန်နဝါရီ ၃၀) ညနေပိုင်းတွင် ပြောသည်။

“ဂျက်တိုက်လေယာဉ်နဲ့ အခု ဗုံးလာကြဲသေးတယ်။ မနက်ကလည်း ၁၀ နာရီလောက်မှာ တစ်ကြိမ် လာကြဲသေးတယ်။ ဒီနေ့တော့ စစ်ကောင်စီဘက်က ထပ်တိုးအင်အားတွေ တိုးလာတယ်။ သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး (မြို့ပြင်မှာ) ပစ်ကြတယ်။ နေဗီ (စစ်ရေယာဉ်) ကနေ တက်လာတာ။ အရင်တစ်ရက်နေ့ကတည်းက တက်လာတာ။ ဒီနေ့မှ တွေ့ကြတာထင်တယ်”

ယနေ့နံနက်ပိုင်းတွင် စစ်လေယာဉ်က မြို့ပေါ်ကို ဗုံးကြဲခဲ့ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်များအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ ချပေးခဲ့ကြောင်း ဒေသခံကို ကိုးကား၍ ရခိုင်သတင်းဌာနဖြစ်သော Western News ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရမ်းဗြဲမြို့ပေါ် တိုက်ပွဲများမှာ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်၊ နံနက်တွင် ရမ်းဗြဲမြို့မဈေးအနီး၊ အမှတ် (၅) ရပ်ကွက်နှင့် မြို့တောင်ဘက် စစ်တပ်တပ်စွဲထားရာ ဘုရားကုန်းနေရာတို့ကို AA က ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုခဲ့သည်။

ပေါင် ၅၀၀ ဗုံးများကိုပါ အသုံးပြုသည့် လေတပ်က မြို့ကို အကြိမ်ရေအများအပြား ဗုံးကြဲခဲ့သလို မြို့တောင်ဘက် သိမ်တောင်ဘုရားကုန်းပေါ်ရှိ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ မြို့ပေါ်ရှိ နေရာအများစု မီးလောင် ပြာကျထားသည်။

ရမ်းဗြဲမြို့ကို ဇန်နဝါရီ ၂၄ တစ်ရက်တည်းမှာပင် လေကြောင်းမှ ၃၃ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကြဲခဲ့ရာ မြို့မရဲစခန်းအနောက်ဘက်ရှိ ရမ္မာဝတီစျေး ဆိုင်တန်းမှ ဆိုင်ခန်းများလည်း မီးလောင်ခဲ့သည်။ နောက်တစ်နေ့ (ဇန်နဝါရီ ၂၅) တွင် လေကြောင်းမှ ၃၅ ကြိမ် ဗုံးကြဲခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် လေတပ်က ၁၇ ကြိမ် ဗုံးကြဲခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများကို ကိုးကား၍ သိရသည်။

အမှတ် (၂) ရပ်ကွက်၊ လမ်းမကြီးတစ်လျှောက် လူနေအိမ်များ၊ ရမ်းဗြဲမြို့လယ် ဓမ္မာရုံဝန်းကျင်ရှိ အဆောက်အအုံများလည်း  မီးလောင်ကျွမ်းခဲ့သည်။

ရမ်းဗြဲမြို့ ရွှေတုံးရပ် လေကြောင်းမှ ဗုံးကြဲခံရပြီး နောက်တစ်နေ့ ဇန်နဝါရီ ၂၈ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

လက်ရှိတွင် ဒေသခံ လူဦးရေ ရှစ်သောင်းဝန်းကျင်ခန့်မှာ မြို့ကို စွန့်ကာ ကျေးလက်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။

ရမ်းဗြဲမြို့တွင်းသို့  တိုက်လေယာဉ်များ၊ ထောက်ပို့လေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသလို ဓာတုအဆိပ်ငွေ့ဗုံးများဖြင့်လည်း တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကလည်း ဇန်နဝါရီ ၂၉ ညပိုင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ သတင်းဌာနများ၏ ဖော်ပြချက်မှာ မှားယွင်းနေကြောင်း နေ့စဉ် ထုတ်ပြန်လျက်ရှိသည်။

ရမ်းဗြဲမြို့လူနေရပ်ကွက်များကို စစ်တပ်က ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ခဲ့ကြောင်းနှင့် မြောက်ဦးမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို ရေးသား ဖြန့်ဝေလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

AA က သိမ်းယူရန် ပစ်မှတ်ထားသော မြို့များတွင် အပါအဝင်ဖြစ်သည့် ရမ်းဗြဲမြို့မှာ သိမ်းယူနိုင်ရေး နီးစပ်နေပြီဖြစ်၍ စစ်ကောင်စီ လေတပ်နှင့် ရေတပ်က အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံတချို့က ယူဆကြသည်။

ပေါက်တောမြို့ AA လက်အောက် မရောက်ခင်ကလည်း စစ်ကောင်စီက ရန်သူရှိနိုင်မည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့၍ မြို့တစ်ခုလုံး ပျက်စီးခဲ့သည်။

ပေါက်တောတစ်မြို့လုံး ပျက်စီးသွားစေရန် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ မျိုးစုံ တိုက်ခိုက်မှုဖြင့် ဖျက်ဆီးခဲ့သည့်နည်းတူ ရမ်းဗြဲမြို့ကိုလည်း လက်နက်ကြီးများ လှမ်းပစ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်သည်ဟု မြောက်ပိုင်းအဖွဲ့က ဇန်နဝါရီ ၂၅ တွင် ထုတ်ပြန်ထားသည်။

ရေပတ်လည်ဝိုင်းနေသည့် ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကျွန်းမကြီးတစ်ခုဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်တို့ကြားတွင် တည်ရှိသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲကျွန်းသည် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး ရေနံစိမ်းပိုက်လိုင်းမှာမူ ကျောက်ဖြူအနီးရှိ မဒေးကျွန်းမှ စတင်သွယ်တန်းထားသည်။

တရုတ်နယ်စပ်အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်တည်းက စတင် လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။

တိုက်ပွဲပြင်းထန်နေသည့် မင်းပြားနှင့် မြောက်ဦး

မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မင်းပြားမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ၃ ခုအနက် တစ်ခုကို AA က သိမ်းယူထားသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ၃ ခုနေရာပြ မြေပုံ။ (ဓာတ်ပုံ – မြောက်ပိုင်းညီနောင်မဟာမိတ်)

မြို့အနောက်ဘက် ကပ်လျက် တစ်ဆက်တည်း တည်ရှိသည့် ခမရ (၃၈၀) ၊ (၃၇၉) ၊ (၅၄၁) တို့ကို AA က တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၈ တွင် ခမရ (၃၈၀) ကို သိမ်းယူလိုက်သည်။

ဇန်နဝါရီ ၁၈ ရက်က ပေါက်တောဘက်မှ မင်းပြားမြို့သို့ စစ်ကူလာသော စစ်ကောင်စီရေတပ်က မင်းပြားမြို့နယ်၊ င / တန်ပျင်းရွာနေ မဦးသန်းနု ၃၃ နှစ်၊ ဒေါ်မစိန်ဖြူ ၆၄ နှစ်နှင့် ဘားဘူတောင်ရွာနေ ဦးမောင်စောသိန်း ၆၂ နှစ်တို့ကို သတ်ဖြတ်ခဲ့သည်။

နေရာအများစု AA က ထိန်းချုပ်ထားသော မြောက်ဦးမြို့တွင် ဇန်နဝါရီ ၂၇ ညပိုင်းက စစ်ကောင်စီ တပ်ရင်းများ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ နေအိမ် ၂၀ ကျော် ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသအခြေစိုက် Western News တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့ပေါ် နေအိမ်အများအပြား မီးလောင်နေသော ရုပ်သံ၊ ဓာတ်ပုံများကိုလည်း အွန်လိုင်းစာမျက်နှာများတွင် တွေ့ရှိရသည်။

စစ်ကောင်စီက ထိုးစစ်ဆင်နေသည့် AA တပ်ဖွဲ့ကို ခုခံနိုင်ရေး၊ ရေတပ်၊ လေတပ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး၊ အရပ်သားပြည်သူများနေထိုင်ရာ မြို့အတွင်းသို့လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ အကြိမ်ကြိမ်လုပ်နေသည်ဟု မြောက်ပိုင်း ၃ ဖွဲ့က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားသည့်အတွက် ဒေသခံများထံ ဆက်သွယ်မှုများ ခက်ခဲနေပြီး၊ မြောက်ဦး၊ မင်းပြားတို့မှ ဒေသခံများနှင့် အဆက်အသွယ်ရရန် ခက်ခဲနေသည်။

ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် မီးလောင်သွားသည့် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ-APM)

 

Show More

Related Articles

Back to top button