
စစ်ကောင်စီက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာများကို ယမန်နေ့ (ဇန်နဝါရီ ၅) ညနေက ညတွင်းချင်း ထွက်ခွာရမည်ဟု ခြိမ်းခြောက်လာသဖြင့် လူထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။
ထိုနေရာသည် စစ်တွေနှင့် နယ်မြေထိစပ်နေပြီး စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက် မီးရှို့မည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်သည့်အတွက် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးနေရခြင်း ဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက အချိန်မရသဖြင့် ၎င်းတို့အနေဖြင့် လူလွတ်သာ ထွက်ခဲ့ရသည်ဟု ယမန်နေ့ ညနေ ၅ နာရီ အချိန်က ပြောသည်။
“မနေ့က ညနေ ၆ နာရီလောက်မှာ ရွာက လူတွေအားလုံး ထွက်သွားရမယ်လို့ စစ်ကောင်စီက ပြောလာတယ်။ ဒါကြောင့် တစ်ရွာလုံးက လူတွေ ည ၇ နာရီကစလို့ ဘေးလွတ်ရာကို ရရာဆွဲပြီး ထွက်ပြေးကြတယ်။ ညဘက်ကြီး သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေနဲ့ ပြေးကြရတာ ဝမ်းနည်းဖို့ကောင်းတယ်။ အဲဒီအချိန်မှာ တစ်ရွာလုံး ထွက်ပြေးဖို့ ကားလည်း မရှိဘူး။ အထုပ်ကိုယ်စီနဲ့ ခြေလျင် လျှောက်သွားရတာပဲ။ အိမ်က ဘာမှ ယူဖို့ အချိန်မရခဲ့ဘူး” ဟု ဆိုသည်။
ထွက်ပြေးနေရသည့် ကျေးရွာများမှာ စစ်တွေမြို့နယ်မှ ဝါဘို၊ စပါးထား၊ ညိုရောင်ချောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကွမ်းတောင်၊ တံဘက်လှန်း၊ ပဒေသာ၊ အိုင်ဒင်နှင့် အနီးအနားကျေးရွာများ ဖြစ်ကြသည်။
ထိုသို့ ထွက်ခွာခိုင်းခြင်းမှာ ယမန်နှစ် နိုဝင်ဘာလအတွင်း ပေါက်တောမြို့ပေါ်ကို စစ်ကောင်စီတပ်က စီးနင်းပြီးနောက် နာရီပိုင်းသာ ပေးကာ ထွက်ခွာခိုင်းသကဲ့သို့ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။
“ပေါက်တောမှာလည်း စစ်ကောင်စီက နာရီပိုင်းအတွင်း အပြီးထွက်ခိုင်းသလို ကျွန်မတို့ကိုလည်း ထွက်ပြေးခိုင်းတာ။ လူတွေ ထွက်ပြေးနေချိန်မှာ လက်နက်ကြီး ပစ်တာ ရပ်ပေးတယ်။ မနက် ၃ နာရီလောက်ကစလို့ လက်နက်ကြီး ပစ်နေတာ။ ပစ်လိုက် ရပ်လိုက်နဲ့ အခုလည်း ပစ်တုန်း” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ထားသောကြောင့် စစ်တွေမြို့ပတ်ဝန်းကျင်မှ ကျေးရွာများထဲမှ ဝါဘို၊ စပါးထား၊ ညိုရောင်ချောင်း၊ ကွမ်းတောင်၊ အိုင်ဒင် အစရှိသော ရွာများအပါအဝင် အခြားကျေးရွာများမှ ရွာသူရွာသားများကို လေကြောင်းရန် ၊ လက်နက်ကြီးရန်မှ အန္တရာယ်ကင်းစေရေး သတိရှိရှိ နေထိုင်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၄ ရက် ညက သတိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထိနာနေသော စစ်ကောင်စီတပ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားရာ ရခိုင်ဒေသတွင် ဒေသခံများကို ဖမ်းဆီး၊ ပစ်ခတ်ခြင်း၊ လူနေကျေးရွာများကို ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည်။
ယနေ့ ဇန်နဝါရီ ၆ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်မှစတင်ကာ ညနေ ၅ နာရီခန့်အထိ စစ်တွေအခြေစိုက်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ရခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ (Arakan Responders for Emergency-ARE) ၏ ဇန်နဝါရီ ၅ ရက်အထိ စာရင်းများအရ လတ်တလော ရခိုင်ပြည်တွင်း စစ်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၂၆၀,၀၀၀ ကျော်ရှိပြီး မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် ခိုလှုံနေရကာ ယခင် ၂၀၁၈ နှင့် ၂၀၂၀ ကြား စစ်ပွဲကာလကတည်းက စစ်ဘေးရှောင်နေသူ ၆၀၀၀၀ ခန့်ရှိသည်။
ဇန်နဝါရီ ၂ ရက်ကလည်း စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာထဲသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက် ပစ်ခတ်ခဲ့ရာ ရေကူးထွက်ပြေးသည့် အသက် ၂၃ နှစ်အရွယ် အဝေးသင်တက္ကသိုလ် ကျောင်းသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။
အလားတူ ဇန်နဝါရီ ၄ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဒေသခံလက်လုပ်လက်စားများအပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် စက်လှေသမား စုစုပေါင်း ၆၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ထိုသို့အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုမျိုးကို ဒီဇင်ဘာ ၁၂ ရက်ကလည်း စစ်တွေဆိပ်ကမ်းတွင် အလားတူ ပြုလုပ်ခဲ့ပြီး ဒေသခံ ၅၀ ကျော် အဖမ်းခံခဲ့ရသည်။
ယင်းနေ့ ညနေ ၄ နာရီကျော်အချိန်မှစ၍ စစ်တွေမြို့ရှိ အထိုင်တပ်များက လက်နက်ကြီးများဖြင့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်သို့ ပြန်လည်ပစ်ခတ်နေသည်ဟု သိရသည်။
“လက်နက်ကြီး ပစ်သံကတော့ နီးနီးကပ်ကပ် ကြားလာရတယ်။ ပထမဆုံး ပစ်တာက (ရဲ) တပ်ရင်း ၁၂ ဘက်ကလို့ ကြားတယ်။ အခုနောက်ပိုင်း ပစ်တဲ့အသံကတော့ ရွှေမင်းဂံ (ရပ်ကွက်) ဘက်က ပစ်တဲ့အသံလို့ ကြားတယ်။ ပေါက်တောဘက်ကို ပစ်တာတော့မဟုတ်ဘူး ။ သူတို့ ခြိမ်းခြောက်ထားတဲ့ ရွာတွေဘက်ကို ပစ်နေတာ။ အခုထိ ပစ်တုန်း” ဟု စစ်တွေမြို့ခံတစ်ဦးက ယမန်နေ့ ညပိုင်းက ပြောသည်။
စစ်ကောင်စီသည် မြို့တော် စစ်တွေတွင် အဖမ်းအဆီးများ ဆက်တိုက်ပြုလုပ်နေသလို ရခိုင်တောင်ပိုင်း ကျောက်ဖြူနှင့် ရမ်းဗြဲတို့တို့တွင် တပ်အင်အားများ တိုးချဲ့နေကာ ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေးပြင်းထန်နေသည်။
AA ၏ စာရင်းများအရ “၁၀၂၇” စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ဇန်နဝါရီ ၆ ရက်အထိ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ဗျူဟာကုန်း ၄ ခုအပါအဝင် စစ်တပ်စခန်း ၁၄၈ ခုကို သိမ်းပိုက်ရရှိထားသည်။