သတင်း

ရမ်းဗြဲမြို့တွင် စစ်ရေးပြင်းထန်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

၂၀၁၇ စစ်ဆင်ရေးသည် ရခိုင်ပြည်နယ်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အစပြုရာ ရမ်းဗြဲမြို့သို့လည်း ရောက်သွားပြီး AA က တပ်စခန်းတချို့ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေတပ်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရခိုင်တောင်ပိုင်း ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်နေရာ မြို့ပေါ်တွင် နေထိုင်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ယနေ့ (ဒီဇင်ဘာ ၁၉) တွင်  ပြောသည်။

ရေပတ်လည်ဝိုင်းနေပြီး ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်မြို့နယ်များကြားတွင် တည်ရှိသော ရမ်းဗြဲတွင် ယနေ့ တိုက်ပွဲ မဖြစ်သော်လည်း စစ်တပ်က  လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်၊ လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်နေသည်ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြောသည်။

“ဒီကနေ့ မှာတော့ တိုက်ပွဲသံ မကြားရပေမဲ့ လက်နက်ကြီးသံ ကြားနေရတယ်။ မနက်ပိုင်းက လေးငါးချက် ကြားတယ်။ အခု ၁၂ နာရီကျော်မှာ လက်နက်ကြီးသံ ပြန်ကြားရတယ်။ အခု နည်းနည်းငြိမ်နေချိန်မှာ မြို့မှာ ပိတ်ကျန်နေခဲ့တဲ့သူတွေ တိမ်းရှောင်နေကြတယ်။ လျှပ်စစ်မီးလည်း ဖြတ်ခံထားရလို့ ဖုန်းတွေ စက်ပိတ်ကုန်တယ်” ဟု ရမ်းဗြဲမြို့ခံတစ်ဦးက ပြောသည်။

“မနေ့က တိုက်ပွဲသံ စကြားကတည်းက လူတွေ ထွက်ပြေးသွားကြတာပါ။ တိုက်ပွဲကြားမှာ ပိတ်မိ ကျန်ခဲ့တဲ့သူတွေလည်း ရှိတယ်။ အခုထိ မြို့မှာ လူတွေ ရှိနေသေးတယ်၊ အများစုကတော့ ထွက်ပြေးသွားကြပြီ၊ မနေ့က သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်။ လေယာဉ်နဲ့ လာဗုံးကြဲတာကတော့ ညဘက်အထိ လာကြဲတယ်။ ည ၁၀ နာရီ ထိုးခါနီးမှ ငြိမ်သွားတယ်”

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ လူဦးရေ ၉၈၃၇၀ နေထိုင်သော ရမ်းဗြဲတွင် လတ်တလော တိုက်ပွဲများအတွင်း အရပ်သားထိခိုက်မှုအရေအတွက်ကို မသိရသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နေ့ နံနက် ၈ နာရီကတည်းက မြို့တောင်ဘက် သိမ်တောင်စေတီကုန်းရှိ စစ်တပ်တပ်စွဲထားသည့် နေရာကို AA သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ် အမှတ် (၅) ရပ်ကွက်အနီးနှင့် မြို့မဈေးတို့ အနီးဝန်းကျင်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ရေတပ်နှင့် လေတပ်ကပါ ပစ်ကူခဲ့ပြီး ည ၉ နာရီကျော်အထိ တိုက်ပွဲလည်း ပြင်းထန်ခဲ့သောကြောင့် ယမန်နေ့က မြို့ခံအများစု ပိတ်မိနေခဲ့ကြသည်။

အလားတူ မွန်းတည့် ၁၂ နာရီခန့်တွင် လေယာဉ် ၂ စီးက ရမ်းဗြဲမြို့နှင့် အနီးအနား ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်မှ နေအိမ်တချို့နှင့် ဆီဆိုင်တန်း မီးလောင်ပျက်စီးခဲ့သည်။

ညပိုင်းတွင်လည်း စစ်ကောင်စီက ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းပျံဝဲနေသံများ အတိုင်းသား ကြားနေရကြောင်း မြို့ခံတချို့က ဆိုသည်။

လောင်းချောင်းရပ်ကွက်မှ ‌သက်ကြီးပိုင်းအမျိုးသားတစ်ဦး ကျည်စ ထိမှန်၍ သေဆုံးခဲ့ကြောင်း၊ အသက်မပြည့်သေးသော မိန်းကလေး ၂ ဦး အပါအဝင် ညောင်ပင်လှကျေးရွာမှ အမျိုးသားတစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့သည်ဟုလည်း ပါရှိသည်။

ရမ်းဗြဲမြို့မြေပုံ။

ရမ်းဗြဲမြို့တည်ရှိရာ ရမ်းဗြဲကျွန်းမှာ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်သည့် နေရာဖြစ်ပြီး  ပိုက်လိုင်းမှာ တရုတ်နယ်စပ်အထိ အရှည် ၇၀၀ ကီလိုမီတာကျော် ရှိသည်။

ရမ်းဗြဲတွင် လေးတောင်၊ အောင်လှပြင်၊  ကျောက်နီမော် စသည့် နယ်မြေရဲစခန်းများ၊ အမှတ် (၃၂) ရဲတပ်ရင်းခွဲ၊ မာယာတောင် ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ၏ ဒီဇင်ဘာ ၁၄ ရက်စွဲတပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရမ်းဗြဲကျွန်းတောင်ဘက် တောင်ကုတ်မြို့နယ်တွင်လည်း ယမန်နေ့ညက သံတွဲမြို့ဘက်မှလာသော စစ်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း အွန်လိုင်းသတင်းဌာန သတင်းများ၌ ဖော်ပြထားကြသည်။

စစ်တွေအခြေစိုက် အမှတ် (၁၂) ရဲ တပ်ရင်းကလည်း အနီးရှိ ပေါက်တောမြို့ဘက်သို့ ညပိုင်းတွင် ပစ်ခတ်နေသလို ရှေးဟောင်းမြို့တော် မြောက်ဦးမြို့အနီးတွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နှင့် မြို့နယ် ၄ ခုတွင် AA နှင့် စစ်တပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ကတည်းက ထိတွေ့ တိုက်ပွဲများ ဖြစ်နေသည်။

စစ်ကောင်စီသည် အမ်းမြို့နယ်အပါအဝင် မြို့နယ်တချို့၌ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ကဇုကိုင်းအနီးရှိ ကျေးရွာများကို  ရဟတ်ယာဉ်ဖြင့် ဗုံးကြဲချခဲ့သည်ဟု သိရသည်။

ယခင်တည်းက တိုက်ပွဲများ ပြင်းထန်လေ့ရှိသည့် ကဇုကိုင်းအနီးတစ်ဝိုက်တွင် ဒီဇင်ဘာ ၁၂ ရက်က တိုက်ပွဲဖြစ်နေပြီးနောက်ရက်များတွင်လည်း ထိတွေ့ပစ်ခတ်မှုများ ရှိနေရာ ဒေသခံ ၃ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့သည်။

အရပ်သားထိခိုက်သေဆုံးမှုများ ရှိသလို ဒေသခံများကိုလည်း စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေရာ ယမန်နေ့ည တစ်ညအတွင်း မြောက်ဦးမြို့မှ တစ်ဦး၊ ကျောက်ဖြူမြို့မှ ၈ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

AA တိုက်ပွဲဖော်သည့် နယ်မြေသည် ၁၀၂၇ စစ်ဆင်ရေး ကာလတွင် ပိုမို များပြားလာသည်။

၁၀၂၇ စစ်ဆင်ရေး ၄၅ ရက်တာကာလအတွင်း စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်တို့၏  စခန်း ၁၄၂ ခုကို AA က သိမ်းပိုက်ရယူခဲ့ကြောင်း သိရသည်။ ထိုစခန်းများမှာ ချင်းပြည်နယ်ထဲမှ ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲမှ ၁၅ မြို့နယ် အတွင်း တည်ရှိသည်။

AA ထုတ်ပြန်ချက်အရ ဆိုလျှင် ရခိုင်ပြည်နယ်တွင် စခန်းသိမ်းတိုက်ပွဲ မရှိသေးသည့် မြို့နယ်များတွင် ဂွနှင့် မာန်အောင်မြို့နယ်သာ ကျန်သည်။

AA ၏ တပ်များသည် အခြား ပြည်နယ်၊ တိုင်းများရှိ ၁၀၂၇ စစ်ဆင်ရေးနယ်မြေများတွင်လည်း မဟာမိတ်တပ်များနှင့်အတူ ရှိနေသည်။

Show More

Related Articles

Back to top button