သတင်း

ကျောက်တော်မြို့ တပ်စခန်းနှစ်ခုကို AA ဆက်လက်ထိုးစစ်ဆင်

ရခိုင်ပြည်နယ်၊ ကျောက်တော်တွင် AA က စစ်စခန်းတစ်ခု ထပ်မံ ရရှိသွားပြီး စခန်းနှစ်ခုသာ ကျန်တော့သဖြင့် မြို့တစ်ခုလုံး ထိန်းချုပ်နိုင်ရန် နီးစပ်လာပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၃၇၄) ကို ယမန်နေ့ (ဇန်နဝါရီ ၃၀) တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကျန်တပ်ရင်း နှစ်ခုကို သိမ်းနိုင်ရေး ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဒေသခံများက ပြောကြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) သည် ကျောက်တော်မြို့တွင် အခြေစိုက်ပြီး ၎င်းလက်အောက်တွင် အမှတ် (၃၇၄)၊ ( ၃၇၅)၊ (၃၇၆) (၅၃၉) ခြေမြန်တပ်ရင်းများ ရှိကြသည်။ 

ကျောက်တော်မြို့နှင့် တစ်မိုင်ခန့်အကွာ ကစ္ဆပနဒီတံတားအရှေ့ဘက်တွင်ရှိသော ခမရ ၃၇၄ တပ်ရင်းစခန်းကို လေကြောင်းမှ အဆက်မပြတ် ပစ်ခတ်နေသည့်ကြားမှ သိမ်းယူခဲ့ဖြစ်ကြောင်း AA က ယမန်နေ့က ထုတ်ပြန်ထားသည်။

ထိုစခန်းသည် စစ်ရေးအရ အရေးပါသည်ဟု စစ်ရှောင်နေသည့် ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီနားမှာ တောင်တွေများတယ်။ အဲဒါကို အရင်ဆုံး ဖြုတ်လိုက်တယ် ထင်တယ်။ ပြောရမယ်ဆိုရင် (ခမရ ၃၇၄ က)  တပ်မထက်တောင်မှ အင်အားများတယ်လို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ တောင်တွေမှာ ဗျူဟာကုန်းပုံစံမျိုး လက်နက်ကြီးတွေ တပ်ဆင်ထားတာတွေ အများကြီးပဲ။ အဲ့ပွိုင့်ကို အရင်ဆုံး ထိုးလိုက်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကျောက်တော်မြို့မှ ၂ မိုင်ခန့်ဝေးသည့် ဒေါင်းတောင်ယိုးရွာအနီးတွင် ရှိသည့် ခမရ ၃၇၅ နှင့် ခမရ ၃၇၆ တို့ကို AA က တိုက်ခိုက်နေသည်။

အဆိုပါ တပ်စခန်းနှစ်ခုကိုပါ ရရှိလျှင် ကျောက်တော်မြို့ကို AA က အလုံးစုံထိန်းချုပ်နိုင်မည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“ကျန်တဲ့တပ်တွေလည်း ကြာမယ်မထင်ဘူး။ အားလုံးကို ဝိုင်းထားတာလေ။ ဝိုင်းထားပြီးတော့ တစ်ခါ အဓိကကျတဲ့ ၃၇၄ ကို သိမ်းထားပြီ။ ၃၇၄ ကျပြီးတာနဲ့ တပ်မကို ဝိုင်းထားတော့ ထွက်လို့မရတော့ဘူး”

လက်ရှိတွင် ကျောက်တော်မြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဘဲ မြို့နယ်တစ်ခုလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်လျက်ရှိသည်ဟု သိရသည်။

ကျောက်တော်မြို့တွင် အရေးပါသည့် တပ်စခန်းများဖြစ်သည့် တင်းမရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်း၊ အမြောက်တပ်စခန်း (အမတ) ၃၇၇၊ ခမရ ၅၃၉ တို့ကို AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

ရန်ကုန်-စစ်တွေ ကားလမ်းမဘေး ကန်စောက်ရွာအခြေစိုက် ခမရ ၅၃၉ တပ်ကို ဇန်နဝါရီ ၁၅ ရက်တွင် AA က စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်နေ့တွင် တပ်ရင်းတစ်ခုလုံး AA ထံ လက်နက်ချခဲ့ကြသည်။

အွန်လိုင်းလူမှုကွန်ရက်တွင် ရှိနေသည့် ရုပ်သံဗီဒီယိုထဲတွင် AA တပ်က စစ်ကောင်စီတပ်သားအများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များကို ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

ကန်စောက် ခမရ (၅၃၉) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ မှတ်တမ်းဓာတ်ပုံ AA က ထုတ်ပြန်ခဲ့သည်။ (ဓာတ်ပုံ – AA Info Desk)

အလားတူ မင်းပြားမြို့တွင်လည်း ခြေမြန်တပ်ရင်း ၃ ခုရှိသည့်အနက် ခမရ ၃၈၀ ကိုလည်း ဇန်နဝါရီလ၂၈ တွင် AA က သိမ်းပိုက်ထားသည်။

ကျန်ရှိသည့် ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တပ်ရင်းတို့အနက် ခမရ ၃၇၉ ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ်အစုံသုံးပြီး ခုခံနေသည်ဟု သိရသည်။

မင်းပြားမြို့ အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့။ (ဓာတ်ပုံ-AA Info Desk)

မြောက်ဦးမြို့တောင်ဘက် မင်းပြားမြို့နယ် ကမ်းနီ အမှတ် (၉) တိုင်း ဗဟိုလေ့ကျင့်ရေးကျောင်းကို တိုက်ခိုက်ရေးမှာ လွယ်ကူဖွယ် ရှိသည်ဟု ရခိုင်စစ်ရေးအခြေအနေစောင့်ကြည့်သူ အမျိုးသားတစ်ဦးက ပြောသည်။

“​တိုင်းဗဟို ၉ ကတော့ ၂၀၁၉ ကတည်းက AA က ဝင်တိုက်ထားတာ။ အဲဒါကို တိုက်ဖို့တောင် မလိုတဲ့သဘော။ အင်အားလည်း မရှိဘူး။ အရင်တစ်ခါ ဝင်တိုက်ကတည်းက အင်အားမထားတော့ဘူး။ အစောင့်လောက်ပဲ ကျန်လိုက်တာ” ဟု သူက ပြောသည်။

မင်းဂံချောင်းဘက်မှ လာသော စစ်ကောင်စီ၏ အင်အား ၇၀ ခန့်က ယနေ့ နံနက် ၈ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဆားကုန်ဘုတ်ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ တစ်ရွာလုံးနီးပါး မီးလောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်လခန့်ကတည်းက မင်းဂံချောင်းအတွင်း စုန်ဆန်သွားလာနေသည့် စစ်ကောင်စီတပ်က ချောင်းဘေးရှိ ကျေးရွာများကို မကြာခဏ ဝင်ရောက်ဖျက်ဆီးလေ့ရှိကြောင်း သိရသည်။

ဆားကုန်ဘုတ်ရွာတွင် အိမ်ခြေ ၃၀ ခန့်သာရှိသည့် ရွာငယ်တစ်ခုဖြစ်ပြီး၊ စစ်ကောင်စီ လက်နက်ကိုင်များ ကျေးရွာအနီးရောက်ရှိလာချိန်တွင် ရွာနေအရပ်သားအများစု ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဖမ်းဆီးခံရသူအချို့ရှိကြောင်း သိရသည်။

AA သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်ရှိ ကျန်ရှိနေသေးသော တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်။ ထိုစခန်းများကို မကြာမီ အပြီးသတ်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်သည်၊ အခြေအနေကောင်းနေသည်ဟု AA က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ယမန်နေ့က ရမ်းဗြဲမြို့တွင် မြို့တွင်းတိုက်ပွဲ ဖြစ်ခဲ့သည်။ စစ်ကောင်စီက ရမ်းဗြဲကို စစ်သည်အင်အား ၁၂၀ ပို့ထားသည်။

ရမ်းဗြဲမြို့အနီး စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့အပြင် ဇန်နဝါရီ ၂၉ ရက်က လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး အထက်ပါတိုက်ပွဲအတွင်း ၎င်းတို့ဘက်ကလည်း အထိအခိုက်ရှိခဲ့သည်ဟု AA က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။ မြို့တွင်းတိုက်ပွဲလည်း ပိုမိုပြင်းထန်လာနိုင်သည်ဟု ဆိုသည်။

လက်ရှိတွင် မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်တို့တွင်လည်း တိုက်ပွဲ ပြင်းထန်လာသည်။ စစ်ကောင်စီသည် ရခိုင်ဒေသတွင် ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားသည့်အပြင် အင်တာနက်၊ ဖုန်းလိုင်းကိုလည်း ဖြတ်တောက်ထားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် မြို့နယ်များအနက် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်တို့သည် ချင်းပြည်နယ်အတွင်း AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်နှင့် နယ်ချင်းဆက်စပ်နေသည်။

Show More

Related Articles

Back to top button