
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှု၊ မီးရှို့မှုများကြောင့် ယမန်နေ့ (ဒီဇင်ဘာ ၃) က ကုလားတန်မြစ်ကမ်းဘေး ကျေးရွာ ၂ ရွာမှ နေအိမ်အများအပြား မီးလောင်သွားကြောင်း ဒေသခံများက ပြောကြသည်။
မွန်းလွဲ ၂ နာရီခန့်တွင် စစ်တွေမြို့တော်မြောက်ဘက် ၃ မိုင်ခန့်အကွာ ရဲရိုးပြင်ရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီးနောက် နေအိမ် ၁၅၉ လုံးအနက် ၁၄၀ ခန့် မီးလောင်သွားသည်၊ ယနေ့ နံနက်အထိ မီးလောင်ကျွမ်းနေဆဲဖြစ်သည်ဟု ရွာအနီး သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။
“၂ နာရီအချိန်မှာ (ရွှေ)မင်းဂံဘက်က စစ်တပ်လာတဲ့အချိန်မှာ ရွာသားတွေက အကုန်ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတဲ့အချိန်မှာ ကျွန်တော်တို့ကို (စစ်တပ်က) လှမ်းပြီးပစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တယ်။ ပစ်တဲ့အချိန်မှာ ကျွန်တော်တို့ လယ်ကွင်းမှာ ဝပ်ခံတယ်။ ဝပ်ခံတဲ့အချိန်မှာ ၂ နာရီခွဲမှာတော့ ကျွန်တော်တို့ရွာကို မီးရှို့တယ်” ဟု အထက်ပါရဲရိုးပြင်ရွာသားက ဆိုသည်။
ထိုရွာ မီးလောင်နေစဉ် ရဲရိုးပြင်ရွာအရှေ့ဘက် တစ်မိုင်ခန့်အကွာ ကုလားတန်မြစ်အနောက်ဘက် ခမောင်းတောကျေးရွာအနီး စစ်ရေယာဉ်တစ်စီး ရောက်ရှိလာပြီး ညနေ ၅ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ် ၅ အိမ်ခန့် မီးလောင်သွားသည်ဟု အသက် ၃၀ အရွယ် ခမောင်းတောရွာသား အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ကျွန်တော်တို့ ဒီနေ့ ရွာကို သွားကြည့်တော့ အသေးစိတ် တွေ့ခဲ့ရတယ်။ အိမ် ၅ ဆောင် ပျက်စီးသွားတယ်။ ဘာမှ မကျန်ခဲ့ဘူး။ တိုင်အငုတ်တောင် မကျန်ခဲ့ဘူး….လုံးဝပြာကျသွားတယ်” ဟု ယနေ့နံနက် သွားရောက် ကြည့်ရှုခဲ့သည့်အခြေအနေကို ၎င်းက ပြောပြသည်။
“လူတွေတော့ ထိခိုက်မှုမရှိဘူး။ မနေ့က သူတို့ပစ်တဲ့အချိန်ကပင် အပြင်ထွက်ပြီး ပြေးသွားပါတယ်။ ကျွန်တော်လည်း ထွက်ပြေးတယ်။ ကျွန်တော့အနီးမှာပဲ လက်နက်ကြီးနှစ်လုံး ကျသေးတယ်။ ကျွန်တော်တို့ ဆည်မြောင်းနားမှာ ပုန်းခိုနေခဲ့ရတယ်”
ခမောင်းတောကျေးရွာတွင် အိမ်ခြေ ၉၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ခန့် နေထိုင်ကာ ကုလားတန်မြစ်သွယ်ဘေးတွင် ကပ်လျက်တည်ရှိကာ ထို ၂ ရွာ၏ တစ်ဖက်ကမ်း စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် စစ်ရေယာဉ်များ နေရာယူထား၍ ရွာတွင် ဆက်လက်နေထိုင်ရန် ကြောက်လန့်နေကြသည်ဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ကို နှိပ်စက်တာက သူတို့ (စစ်တပ်) ကြာနေပြီ။ အရင်တုန်းကလည်း လက်နက်ငယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်တဲ့အချိန်မှာ ဒီလို မီးမရှို့ဘူး” ဟု အထက်ပါရဲရိုးပြင်ရွာသား သတင်းရင်းမြစ်က ပြောသည်။
“ကျွန်တော်တို့ နေစရာ…ထိုင်စရာ မရှိတော့ဘူး။ ဟိုရွာကို ထွက်ပြေး၊ ဒီရွာကို ထွက်ပြေး။ ကလေးတွေလည်း အဝတ်တွေ အစားတွေ မပါတော့ဘူး။ လူကြီးတွေမှာလည်း အင်္ကျီတစ်လုံး၊ ပုဆိုးတစ်ထည်ပဲ ပါတယ်။ ဘာမှ မပါတော့ဘူး။ ပင်ပန်းဆင်းရဲတဲ့သူမှာ ပိုက်ဆံလည်း မရှိတော့ဘူး။ ပိုက်ဆံမရှိတော့ ဟိုက တောင်းစား၊ ဒီက တောင်းစား ဖြစ်နေတယ်”
နိုဝင်ဘာ ၂၆ နှင့်၂၇ ရက် နှစ်ရက်တွင် ရဲရိုးပြင်ရွာကို ဒရုန်း၊ စစ်သင်္ဘောတို့မှ ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့သလို ရဲရိုးပြင်ရွာဘုန်းကြီးကျောင်း မီးလောင်ပြာကျခဲ့ကာ ခမောင်းတောကျေးရွာလည်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံထားရသည်။

ထိုစဉ်ကတည်းက ဒေသခံအများအပြား ပိုမိုလုံခြုံနိုင်မည့် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
ပေါက်တောမြို့တွင် တိုက်ပွဲပြင်းထန်နေပြီးနောက် နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ နယ်မြေကပ်လျက်ဖြစ်သော ပုဏ္ဏားကျွန်းမြို့အတွင်းလက်နက်ကြီးကျည်ကျကာ မြို့မဈေး မီးလောင်သွားသလို စစ်ကောင်စီက ရေကြောင်းအတိုင်း ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာကို အမှတ် ၂၇၀ ခြေလျင်တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအတွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ရွာသားတစ်ချို့ကို ဖမ်းဆီးခဲ့သည်ဟု AA က ယမန်နေ့ညက ထုတ်ပြန်သည်။ အလားတူ ခမောင်းတောကျေးရွာကို မီးရှို့ခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
စစ်တပ်သည် စပါးရိတ်သိမ်းနေသော တောင်သူလယ်သမားများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ရှိ ဈေးများကို မီးရှို့ခြင်း၊ ညအချိန်များတွင် ရပ်ရွာများကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရပ်ရွာများကို ဗုံးကြဲခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပလက်ဝမြို့နယ် “တရွန်အိုင်ဗျူဟာ” နှင့် ”နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုကို စခန်းသိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေသည်၊ ဒီဇင်ဘာ ၃ တွင် လေတပ်က အကြိမ် ၃၀ ကျော်အထိ လာရောက် တိုက်ခိုက်ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက AA က ထိုစခန်းကြီးများကို ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ပုဏ္ဏားကျွန်းဈေး မီးလောင်ရခြင်းမှာ ရှို့မီးကြောင့် ဖြစ်နိုင်သည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်နဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်” ဟူသော စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၃၀ တွင် သူက သတိပေးထားသည်။
“စစ်ရေးဆိုင်ရာအခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားတဲ့နေရာ၊ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ် မပစ်မခတ်မချင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာ မူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု သူက ဆိုသည်။
ထိုသို့ ပြောဆိုခြင်းမှာ ပြီးခဲ့သည့် ၃ နှစ် တိုက်ပွဲဒေသများတွင် အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက်လေ့ရှိသည့် စစ်ကောင်စီ၏ ပထမဆုံးအကြိမ် ကြိုတင်အသိပေးချက်ဖြစ်သည်။
ပေါက်တောမြို့တွင်လည်း လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုတို့ကြောင့် နေအိမ်အများအပြား မီးလောင်ဆုံးရှုံးနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ် ၂ သိန်းနီးပါးအထိ တိုးလာကြောင်း၊ ပေါက်တောမြို့နယ်တစ်ခုတည်းမှ စစ်ဘေးရှောင် ၇ သောင်းကျော်အထိ ရှိကြောင်း ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ (Arakan Responders For Emergency) မှ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနဖြစ်သော နိရဥ္စရာတွင် ဖော်ပြထားသည်။
DMG သတင်းဌာနက ကောက်ယူထားသည့်စာရင်းအရ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ မှ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အရပ်သားသေဆုံးသူ ၂၃ ဦးနှင့် ဒဏ်ရာရသူ ၈၄ ဦးအထိ ရှိလာသည်ဟု သိရသည်။ ထိုအထဲတွင် ရိုဟင်ဂျာ၂၀ ကျော် ပါဝင်သည်ဟု ဆိုသည်။
ပေါက်တောမြို့တွင်းတွင် စစ်တပ် ဆက်ရှိနေသဖြင့် ထိခိုက်သေဆုံးသူများစာရင်း အတိအကျ စုံစမ်းနိုင်ကြခြင်း မရှိသေးပေ။