
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပုဏ္ဏားကျွန်းနှင့်ပေါက်တောမြို့နယ်တို့ကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသလို အဆောက်အအုံတချို့ မီးလောင်ပျက်စီးကြောင်း သိရသည်။
ယနေ့ နံနက် ၃ နာရီခန့်တွင် ကုလားတန်မြစ်ကြောင်းအတိုင်း တက်လာသော စစ်သင်္ဘောက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာတွင်း ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း မီးလောင် ပြာကျသွားကြောင်း Arakan Princess Media တွင် ဖော်ပြထားပြီး အခြေအနေအသေးစိတ် မသိရသေးပေ။
နိုဝင်ဘာ ၂၄ မွန်းလွဲ ၂ နာရီခန့်က ပုဏ္ဏားကျွန်းမြစ်နှင့် ကုလားတန်မြစ်အတွင်း ရှိနေသည့် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်နယ်မြို့တော် စစ်တွေ၏ မြောက်ဘက် ကပ်လျက်ဖြစ်သော ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မစျေးအတွင်း ကျရောက်ပေါက်ကွဲကာ တစ်စျေးလုံး မီးလောင်ပြာကျခဲ့သည်။
သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ပေါက်တောမြို့တွင် နိုဝင်ဘာ ၂၅ မွန်းတည့် ၁၂ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ မြို့တွင်းရပ်ကွက်များ မီးလောင်ခဲ့သည်။
ထိုနေ့က ပေါက်တောမြို့ဈေးတန်းနှင့် ရွှေပြည်တန်ဆိပ်ကမ်းတို့ မီးလောင်သွားကြောင်း၊ နိုဝင်ဘာ ၂၆ ရက် နံနက် ၃ နာရီခန့်တွင် စစ်တွေမြို့ဘက်သို့ စစ်ရေယာဉ်က ပြန်ဆုတ်သွားကြောင်း ဒေသတွင်းသတင်းဌာနများက ရေးသားထားသည်။
နောက်တစ်နေ့ (နိုဝင်ဘာ ၂၆ )တွင် ပေါက်တောမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၆ ဦးထက်မနည်း ဒဏ်ရာရကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ညပိုင်း၌ သတင်းထုတ်ပြန်သည်။
မွန်းလွဲ ၂း၃၀ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခမောင်းတောနှင့် ရဲရိုးပြင်ကျေးရွာတို့ကို စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ရေတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ကျောက်ဆိပ်ကျေးရွာဆိပ်ကမ်းရှိ လှေတစ်စီ မီးလောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မွန်းလွဲ ၃း၃၀ နာရီအချိန်ခန့်ကလည်း ပေါက်တောမြို့အတွင်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ မြို့အတွင်း ပိတ်မိနေသော မြို့ခံ ၄ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ရေတပ်သင်္ဘောက ကျောက်ဆိပ်ကျေးရွာ၊ ယိုးငူကျေးရွာအပါအဝင် ရွာများသို့ လက်နက်ကြီးများဖြင့် တစ်ညနေလုံး ပစ်ခတ်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနေ့ မွန်းလွဲတွင် ရေတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်ခု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာ ရွာလယ်လမ်းမထက်သို့ ကျရောက်ရာ ပေါက်ကွဲခြင်းမရှိသော်လည်း ရွာခံများ စိုးရိမ်နေကြောင်း Arakan Princess Media တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော် (AA) က “၁၀၂၇” စစ်ဆင်ရေးကို ရခိုင်ဒေသတွင် နိုဝင်ဘာ ၁၃ ရက်က စတင်အကောင်အထည်ဖော်သည့်အနေဖြင့် နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နောက်တစ်နေ့တွင် ဒေသတွင်းရှိ အထိုင်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြခြင်းဖြစ်သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယမန်နေ့ကအထိ “တရွန်အိုင်” ဗျူဟာနှင့် “နှုံးဘူး” ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော် (AA) က ဆက်လက်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီကလည်း လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။
ပေါက်တောမြို့တွင်လည်း စစ်တပ် အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့ကို ပိတ်ဆို့ ထားရာ AA နှင့် မြို့တွင်းတိုက်ပွဲများ ဖြစ်နေသလို ဒေသခံ ၂၀၀ ကျော်ခန့်လည်း လွတ်မြောက်ခဲ့ကြောင်း AA ဘက်က ပြောထားသည်။

ဒေသတွင်းအနေအထားအရ စစ်ရေးပြင်းထန်နေသော နေရာများဖြစ်သော စစ်တွေမြို့မြောက်ဘက်ကပ်လျက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိပြီး စစ်တွေမြို့အရှေ့ဘက်တွင် ပေါက်တောမြို့ရှိသည်၊ ပေါက်တောနယ်မြို့အထက်ဘက်တွင် မင်းပြားမြို့နယ် ကပ်လျက်တည်ရှိကာ ပင်လယ်ရေကြောင်းထိစပ်သော ဒေသများဖြစ်ကြသည်။
ပုဏ္ဏားကျွန်းဈေးမီးလောင်သွားခြင်းသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်းဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ၂၄ ညပိုင်းက ငြင်းဆန်ထားပြီး စျေးမီးလောင်ခြင်းသည် အချိန်ကိုက်ရှို့မီးဟု သံသယရှိကြောင်း သူက ထည့်သွင်းပြောဆိုထားသည်။
“AA အနေနဲ့ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
အလားတူ မင်းပြားမြို့နယ်အတွင်း နိုဝင်ဘာ ၁၄ မှ ၁၆ ရက်အတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ဒေသခံ ၆ ဦး သေဆုံးပြီး၂၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အထက်ပါ ဒေသတွင်းမီဒီယာ၌ ဖော်ပြထားသည်။
သေဆုံးသူ ၆ ဦးမှာ ကေသလာချောင်းဝရွာမှ ဦးဖြူလုံး ၇၃ နှစ်၊ မင်းပြားမြို့ အလယ်ပိုင်းရပ်ကွက်မှ ဦးတင်အောင် ၇၂ နှစ်၊ ဆင်ကြီးပြင်ရွာဒေသခံ ရိုဟင်ဂျာများဖြစ်ကြသော ကိုဆွေယောက်ဟူဆောန် အသက် ၂၀၊ ကိုမာမောက်အာလောင် ၂၅ နှစ်၊ ဒေါ်အရော်မာ ၄၅ နှစ်၊ ဒေါ်ဆော်မူဒါ ၅၅ နှစ်တို့ဖြစ်သည်ဟု သိရသည်။
ဒဏ်ရာရသူများမှာ မင်းပြားမြို့ပေါ် မြို့သစ်ရပ်ကွက်မှ ၆ ဦး၊ ဥက္ကာပျံရပ်ကွက်မှ ၂ ဦး၊ ကျွန်းညိုရပ်ကွက်မှ တစ်ဦး၊ ရွှေပြည်စိုးရပ်ကွက်မှ တစ်ဦး၊ ဆင်ကြီးပြင်ရွာမှ ၈ ဦး၊ ဖဲသာပြင်ရွာမှ တစ်ဦး၊ ဘူးပင်ရွာမှ ၂ ဦး၊ ဆင်ကြီးပြင် (ရခိုင်) ရွာမှ တစ်ဦးတို့ ဖြစ်ကြသည်။
ထိုရက်များက ပြည်နယ်အလယ်ပိုင်း အမ်းမြို့နယ်တွင်လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး မင်းပြားဒေသခံများအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ကလေးများအပါအဝင် ၁၃ ဦး ဒဏ်ရာရကြောင်း Myanmar Now က ကနဦးသတင်းဖော်ပြထားပြီး ဖြစ်သည်။