သတင်း

ရခိုင်ဒေသ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသား ၅ ဦး သေဆုံး၊ ၁၃ ဦး ဒဏ်ရာရ

မင်းပြားနှင့် အမ်းမြို့နယ်တို့တွင် လက်နက်ကြီးကျည်ကြောင့် ရွာသား ၅ ဦး သေဆုံးသွားသည်။ AA နှင့် စစ်ကောင်စီတို့၏ ကန့်သတ်ထုတ်ပြန်ချက်များတွင် အရပ်သားထိခိုက်မှုကို များစွာမတွေ့ရသေးပေ။

ယမန်နေ့ (နိုဝင်ဘာ ၁၄) ညပိုင်းက ရခိုင်ပြည်နယ် မင်းပြားနှင့် အမ်းမြို့နယ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး တစ်နှစ်အရွယ်ကလေး အပါအဝင် ၁၃ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

မင်းပြားမြို့မှ နာရီဝက်သာ သွားရသည့် ဆင်ကြီးပြင်ရွာအတွင်း ရိုဟင်ဂျာ ၄ ဦး သေဆုံးရာ ၎င်းတို့မှာ ဆော်ယောစ်ဟူဆောန် (၂၅ နှစ်)၊ မာတာလောမ် (၃၀ နှစ်)၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ ဒဏ်ရာရသူလည်း ၄ ဦးရှိသည်။

ရွာနှင့် မိုင်ဝက်ခန့်သာ ဝေးကွာသည့် အမှတ် ၃၈၀ ခြေမြန်တပ်ရင်း၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်၊ ညဘက် မီးမထွန်းကြရန် စစ်တပ်က ညနေ ၄ နာရီခန့်တွင် အမိန့်ပေးခဲ့သေးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆင်ပြင်ကြီးရွာသားတစ်ဦးက ပြောသည်။

“ရွာမှာ မီးမထွန်းနဲ့လို့ ပြောထားတယ်။ ဒါကြောင့် လူတွေ မီးတွေလည်း မထွန်းကြဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေကြတယ်။ အဲဒီလိုနေတာမှာ လက်နက်ကြီးတစ်လုံး ကျလာတယ်။ အိမ်ကို ထိပေမဲ့ လူတော့ မထိဘူး။ ဘဲနှစ်ကောင် သေသွားတယ်” ဟု ၎င်းက ဆိုသည်။

“အိမ်ကိုလည်း မီးလောင်မလိုဖြစ်နေတော့ လူတွေ မီးငြှိမ်းဖို့ သွားတယ်။ အဲဒါမှာ ထပ်ပစ်လို့ လူတွေ ဒဏ်ရာရ၊ သေဆုံးတာတွေ ရှိတယ်”

အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား ကလေး ၃ ဦးအပါအဝင် ဒဏ်ရာရသူများကို ယနေ့ နံနက်က မင်းပြားဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ​် အမျိုးသမီး သေဆုံးသွားခြင်းဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“သေသွားတဲ့သူတွေမှာ ခေါင်းတွေပြိုသွားတယ်။ လည်ပင်းတွေ ပိုင်းထွက်သွားတယ်၊ ခြေတွေလက်တွေ ပြတ်သွားတယ်။ အဲလိုမျိုးဖြစ်သွားတယ်။ ကျည်ထိထားတဲ့သူတွေလည်း ဒဏ်ရာပြင်းထန်လို့ မင်းပြားဆေးရုံကို ပို့ထားရပါတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရထားသော ဆင်ပြင်ကြီးရွာမှ ကလေးငယ်များ။ (ဓာတ်ပုံ- သွင်ထွန်းခိုင်)

အိမ်ခြေ ၅၀၀ ကျော်ရှိသော ဆင်ပြင်ကြီးကျေးရွာတွင် လူဦးရေ ၅၀၀၀ ခန့်ရှိပြီး လက်ရှိတွင် စစ်တပ်က ရွာမှ ထွက်သွားရန် မောင်းထုတ်သဖြင့် ယနေ့ မွန်းတည့်ချိန်ကတည်းက အနီးအနားရှိ ရိုဟင်ဂျာကျေးရွာများသို့ ထွက်ပြေးနေရသည်ဟု ရွာသားနောက်တစ်ဦးက ပြောသည်။

“ရွာက အုပ်ချုပ်ရေးမှူးကို စစ်တပ်က ဖုန်းဆက်ပြီး ပြောပါတယ်တဲ့။ မင်းတို့ရွာမှာ တစ်ယောက်မှ မနေနဲ့တော့။ အဲဒီဘက်ကို ပစ်ဖို့ရှိတယ်လို့ ပြောတယ်တဲ့။ မထွက်ရင် မင်းတို့ နာသွားမယ် ပြောတယ်တဲ့။ အဲဒါကို အုပ်ချုပ်ရေးမှူးက ရွာသားတွေကို ပြောလို့ အခု မိန်းမတွေ ငိုပြီးတော့ တစ်ရွာလုံး ထွက်ပြေးနေရပြီ ” ဟု ၎င်းက ဆိုသည်။

အလားတူ ယမန်နေ့ ည ၈ နာရီကျော်ခန့်က မင်းပြားမြို့၊ ကျိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မြို့ပေါ် ကျွန်းညိုရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲရာ ၄၂ နှစ်အရွယ် မမြင့်မြင့်ဆိုသူ ဦးခေါင်းနှင့် နောက်ကျော ကျည်စ ထိသဖြင့် ဆေးရုံတင်ထားရသည်။

မင်းပြားမြို့နယ်၊ ဘူးပင်ရွာကိုလည်း လက်နက်ကြီးကျရောက်သဖြင့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်တပ်က တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန်များတွင် ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် အသက်အန္တရာယ် မလုံခြုံတော့ကြောင်းနှင့် အလွန်စိုးရိမ်နေရကြောင်း ကျွန်းညိုရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ မှန်းခြေမရှိဘဲ ပစ်နေတာ။ ထိချင်တာကို ထိပါစေဆိုပြီး ပစ်နေတာ။ မြို့ထဲမှာ ကျတယ်။ ပြည်သူတွေပဲ နစ်နာတယ်။ ဒီနေ့တစ်ရက်ကိုလည်း ဘယ်လိုဖြတ်သန်းရမယ် မသိဘူး” ဟု ၎င်းက ဆိုသည်။

အမ်းမြို့နယ်အတွင်း သေဆုံးမှု

အလားတူ အမ်းမြို့နယ်တွင် ယမန်နေ့ ညနေက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် သဲကမ်းထောင်းကျေးရွာမှ သက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားသည်။

အလယ်ကျွန်းကျေးရွာမှ အသက် တစ်နှစ်အရွယ် ကလေးငယ်များအပါအဝင် ၆ ဦး ဒဏ်ရာရရှိသွားသည်ဟု အလယ်ကျွန်းနှင့် အမ်းဒေသခံနှစ်ဦးတို့က ပြောသည်။

“ကဇူးကိုင်းအုပ်စု၊ တောဟိန်းတောင်မှာ အထိုင်ချထားတဲ့ ဗျူဟာကုန်းကနေ သဲကမ်းထောင်းရွာကို လှမ်းပစ်တယ်။ အဲဒီမှာ တစ်ယောက် သေသွားတယ်၊ တစ်ယောက် ဒဏ်ရာရတယ်။ ပြီးတော့ အလယ်ကျွန်းရွာကိုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်လို့ လူတွေ ဒဏ်ရာရတယ်။ တစ်နှစ်လောက်ရှိတဲ့ ကလေးတွေပင် ဒဏ်ရာရသွားတယ်” ဟု အလယ်ကျွန်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ကလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်တို့တွင် ဒေသခံ ၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၅ ဦးထက်မနည်း ရှိသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် AA အခြေစိုက်ရာ ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်က “၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရဲစခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့တွင်လည်း ပလက်ဝရှိ စစ်တပ်ဗျူဟာ ၂ ခုကို ဝင်ရောက် တိုက်ခိုက်နေသည်။

ကိုးကန့် (MNDAA) ၊ တအာင်း (TNLA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထိုစစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်မှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်း-မန္တလေးနယ်စပ်တွင်ပါ တိုက်ပွဲများ ပြင်းထန်နေသည်။

ရခိုင်တွင် စစ်ဆင်ရေး အစပြုသည်နှင့် အလုံးအရင်းလက်နက်ချသည့် ဒေသတချို့ ရှိလာသည်။

လက်နက်ချ အညံ့ခံရန် အသိပေးထားသော်လည်း လက်မခံသော စစ်ကောင်စီတပ်စခန်းများကို ယနေ့ (နိုဝင်ဘာ ၁၅) နံနက် ၅ နာရီခွဲတွင် မောင်တော၊ ကံပြင်သာစည်ရွာ၏ အရှေ့မြောက်တွင် တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူများ၊ ဖမ်းမိသူများရှိကြောင်း AA က ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“နိုဝင်ဘာလ (၁၃) ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းတို့သည် စခန်းပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင်လည်းကောင်း၊ ရဲစခန်း ၃ ခုကို တစ်ခုအဖြစ် စုပေါင်း၍လည်းကောင်း သွားရောက် ပူးပေါင်းသွားကြသည်ကို တွေ့ရှိရသည်” ဟု AA က နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်သည့် တိုက်ပွဲသတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီကလည်း စခန်းများ ပေါင်းစည်းထားကြောင်း ထိုနေ့တွင်ပင် သတင်းထုတ်ခဲ့သည်။

“အင်အားနည်း စခန်းလေးများကို စစ်ရေးနည်းဗျူဟာအရ ပြန်လည်ပေါင်းစည်းဖို့ လုပ်နေတာ ရှိတယ်” ဟု စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော်လည်း ရခိုင်ဒေသ ပစ်ခတ်မှုများအတွင်း အရပ်သားများ သေဆုံးမှု၊ စခန်းများ တိုက်ခိုက်ခံရမှုတို့နှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

ဖမ်းမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – AA Info Desk)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button