သတင်း

ဝမ်ပေါင်တွင် လုံခြုံရေးယူမည့် ပျူစောထီး ၁၄ ဦး ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်အစိုးရကုမ္ပဏီ ဝမ်ပေါင်၏ ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရမည့် ပြည်သူ့စစ်သင်တန်းဆင်း ၁၄ ဦးကို ယမန်နေ့ (ဩဂုတ် ၂၄) နံနက်ပိုင်းတွင် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

သိမ်းဆည်းရမိသည့် စာရွက်စာတမ်း အထောက်အထားများ၊ စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အခြေစိုက် အမှတ် (၃၀၈) ခြေမြန်တပ်ရင်းတွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ခဲ့သူများဖြစ်ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထက်နိုင်က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်ဟု သတ်မှတ်၊ စစ်ရေး၊ လုံခြုံရေး ပူးတွဲလုပ်လေ့ရှိသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ကို ပျူစောထီးဟု လူသိများသည်။ ထိုအဖွဲ့လှုပ်ရှားမှုကို နိုင်ငံအလယ်ပိုင်းတွင် ထင်ရှားစွာ တွေ့ရသည်။

လက်ပံတောင်းတောင်ဒေသ ကြေးနီတူးဖော်ရေးစီမံကိန်းနယ်မြေသို့ လာသည့် ပျူစောထီးများကို ဆားလင်းကြီးမြို့နယ်ထဲတွင် လုံခြုံရေးဆောင်ရွက်နေသည့် Alpha Column တပ်ခွဲ (၁) Alpha Special Force နှင့် တပ်ခွဲ (၃) ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားအဖွဲ့တို့က ဆားလင်းကြီးမြို့နယ်အတွင်း ဖမ်းခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ အရွယ် အမျိုးသား ၂ ဦး ပါဝင်ပြီး ကျန် ၁၂ ဦးမှာ အသက် ၂၀ နှင့် ၃၀ အရွယ်များဖြစ်သည်၊ အများစုမှာ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှ ဖြစ်သည်ဟု သိရသည်။

ပြည်သူ့စစ်တို့၏ ကျင့်ဝတ်များ၊ တစ်ဦးချင်း လိုက်နာရမည့် အချက်များပါဝင်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ သာပေါင်းမြို့နယ်၊ ပြည်သူ့စစ်လုပ်ငန်းလမ်းညွှန်စာအုပ် အပါအဝင် စာရွက်စာတမ်းအထောက်အထားများ သိမ်းဆည်းရမိကြောင်း ချင်းတွင်းဂဠုန်ရာဇာအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးအဖွဲ့က ဖမ်းမိသည့် ပျူစောထီးများထံမှ ရရှိသည့် အထောက်အထားများ။ ဓာတ်ပုံ – ပေးပို့

“ဝမ်ပေါင်မှာ ကင်းယူရမယ်။ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး အဲဒီလိုထွက်ဆိုတယ်။ နောက်တစ်ချက်က သူတို့ကို ခေါ်ပေးတဲ့ ချိတ်ဆက်တဲ့ဟာတွေကလည်း စစ်မှုထမ်းဟောင်းနဲ့ ပတ်သက်တဲ့၊ ဆက်နွှယ်တဲ့ဟာတွေ ဖြစ်တယ်” ဟု ချင်းတွင်းဂဠုန်ရာဇာအဖွဲ့မှ ကိုထက်နိုင်က ဆိုသည်။

“လမ်းမှာ လာရင်းနဲ့ ယင်းမာပင်မြို့နယ် ပုသိမ် – မုံရွာလမ်းဘေး အမှတ် (၂၈) ရဲတပ်ရင်းမှာ သူတို့ထဲက ခေါင်းဆောင်ပါတဲ့တစ်ယောက်က ရဲဂိတ်ကို ဝင်ပြီး ပြောခဲ့သေးတယ်။ ဝမ်ပေါင်ကုမ္ပဏီမှာ သွားပြီးတော့ တာဝန်ထမ်းဆောင်မယ့်လူတွေဖြစ်တယ်လို့ ပြောပြီး ဖြတ်လာတယ်လို့ ပြောတယ်”

ဖမ်းဆီးရမိထားသူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံ လွှဲပြောင်းအပ်နှံထားသဖြင့် တရားဥပဒေကြောင်းအရ ဆက်လက်စီစဉ်ဆောင်ရွက်သွားလိမ့်မည်ဟု ကိုထက်နိုင်က ဆိုသည်။

ယခုဖမ်းဆီးရမိသူများမှာ ၂၅ ရက်ကြာ စစ်သင်တန်းကို တက်ရောက်ပြီးထားသူများဖြစ်ပြီး ၎င်းတို့အပတ်စဉ်တွင် အင်အား ၃၀ နီးပါး ပါဝင်ကြောင်း၊ အမှတ် (၃၀၈) ခြေမြန်တပ်ရင်းမှ စစ်သားများက ဧရာဝတီတိုင်းအတွင်း လူစုဆောင်းကာ စစ်သင်တန်းပေးထားခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ရာမှ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ပွဲများ ဖြစ်ပွားနေချိန်တွင် တရုတ်နှင့် ပေါင်း၍ ဆက်လက် လုပ်ကိုင်နေသည့် ကြေးနီတူးဖော်ရေးစီမံကိန်းနယ်မြေ လုံခြုံရေးမှာ စစ်ကောင်စီအတွက် ခေါင်းခဲစရာဖြစ်နေသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးအဖွဲ့က ဖမ်းမိသည့် ပျူစောထီးများထံမှ ရရှိသည့် အထောက်အထားများ။ ဓာတ်ပုံ – ပေးပို့

ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ဆားလင်းကြီးမြို့နယ်အတွင်း ကြေးနီထုတ်လုပ်မှုလုပ်ငန်း ရပ်ဆိုင်းထားရန် သတိပေးထားသလို ဝမ်ပေါင်ကုမ္ပဏီကလည်း အာဏာသိမ်းပြီးကတည်းက လုပ်ငန်းရပ်ထားသည်ဟု ၂၀၂၂ ခုနှစ်တွင် ကြေညာချက်ထုတ်ပြန်ထားရသည်။

စီမံကိန်းနယ်မြေအတွင်း လက်နက်ကိုင်အင်အား ၂၀၀ နီးပါး တပ်စွဲထားရာ ထိုအထဲတွင် ယင်းမာပင်ခရိုင်ရဲတပ်ရင်းမှ ၁၈၀၊ စစ်သား ၃၀ မှ ၅၀ ကြား ပါဝင်သည်ဟု ထိုစီမံကိန်းဝင်းအတွင်း တစ်နှစ်နီးပါး လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ပြီး ယမန်နေ့ (ဩဂုတ် ၂၄) တွင် တော်လှန်ရေးအဖွဲ့ထံ ပူးပေါင်းလာသည့် ရဲတပ်သားတစ်ဦးက ပြောသည်။

ကြေးနီးစီမံကိန်းဝင်းအတွင်း လက်နက်ကြီးပစ်ခတ်သည့် သင်တန်းများပေးလေ့ရှိသည်ဟု ထိုရဲတပ်သားက ထုတ်ဖော်ပြောဆိုသည်။

ယခုဖမ်းမိသည့် ပျူစောထီးများကို ဝမ်ပေါင်စီမံကိန်းဝင်းအတွင်း စစ်သင်တန်းထပ်ပေးရန် စစ်ကောင်စီက စီစဉ်ထားသည်ဟု သိရကြောင်း ချင်းတွင်းဂဠုန်ရာဇာအဖွဲ့မှ ကိုထက်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးအဖွဲ့က ဖမ်းမိသည့် ပျူစောထီးများ။ ဓာတ်ပုံ-ပေးပို့

လက်ရှိတွင် စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့က လုပ်ငန်း ပြန်လည်စတင်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု ထိုစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ လူမှုစီးပွား ပျက်ယွင်း၍ ဆယ်စုနှစ်နှင့်ချီ စောင့်ကြည့် ကန့်ကွက်နေသည့် ဒေသခံတချို့က သုံးသပ်ထားသည်။

လက်ပံတောင်းတောင်စီမံကိန်းတွင် ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ကို အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ရရှိနေသည်။

စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် ဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ နောက်ထပ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

အဆိုပါ ကြေးနီတူးဖော်ရေးစီမံကိန်းများကို ဒေသခံများနှင့် ပြည်သူလူထုက အစိုးရအဆက်ဆက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီနှင့် ၎င်း၏ကုမ္ပဏီခွဲနှစ်ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အမေရိကန်က ဒဏ်ခတ်အရေးယူခဲ့သည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သည်လည်း ၂၀၂၁ မတ်လတွင် အမေရိကန်နှင့် ဗြိတိန်တို့၏ ဒဏ်ခတ်အရေးယူမှု ခံရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးအဖွဲ့က ဖမ်းမိသည့် ပျူစောထီးများထံမှရရှိသည့် အထောက်အထားများ။ ဓာတ်ပုံ – ပေးပို့

၁၉၉၄ ခုနှစ်တွင် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီ Ivanhoe (လက်ရှိ Turquoise Hill Resources) တို့ စတင်ပူးပေါင်းလုပ်ကိုင်ခဲ့သည့် ချင်းတွင်းမြစ်တစ်ဖက်ကမ်းရှိ ကြေးနီစီမံကိန်းကို ၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဝမ်ပေါင်ကုမ္ပဏီက လွှဲပြောင်းရယူကာ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ပျူစောထီးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်ကောင်စီထံမှ သတင်းထုတ်ပြန်ချက် ထွက်ပေါ်မလာသေးပေ။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်လာရာ ယခင်က ပုန်ကန်လေ့မရှိသော နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှ ဒေသများလည်း ခုခံမှုတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။

စစ်ကိုင်းတိုင်းအတွင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ပေါင်းများစွာ ရှိနေပြီး ကြေးနီစီမံကိန်းတည်ရှိရာ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်လည်း ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ အခြေစိုက်လှုပ်ရှားကာ စစ်ကောင်စီကို ရံဖန်ရံခါတိုက်ခိုက်နေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button