ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံစစ် နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် စစ်တပ်က ထောက်ပံ့ပို့ဆောင်ရေးအတွက် အသုံးပြုနေသည့် လမ်း၊ တံတားများကို တော်လှန်ရေးအင်အားစုများက ပစ်မှတ်ထား၍ တိုက်ခိုက်နေကြသည်။
လေကြောင်းရန်ကြောင့် ရေရှည်ထိန်းချုပ်ရန် မဖြစ်နိုင်သေးသဖြင့် မြို့သိမ်းတိုက်ပွဲများကို စိတ်ကူးမယဉ်သေးဘဲ လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်ကာ ၎င်းတို့နယ်မြေများအတွင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်းများကို ထိန်းချုပ်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းလာခြင်းဖြစ်သည်။
စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးလမ်းကြောင်းများ နှောင့်နှေးစေရန် တော်လှန်ရေးအဖွဲ့များ လုပ်ဆောင်သည့် ထိုသို့သော စစ်ဆင်ရေးများကို လတ်တလောတွင် သက်တမ်းရင့် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဩဇာမြင့်မားသည့် မြန်မာနိုင်ငံတောင်ပိုင်း၌ အများဆုံး တွေ့နေရသည်။
နိုင်ငံတောင်ပိုင်းသို့ သွားလာရာတွင် အချက်အချာကျသည့်၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် အဓိကကျသည့် ရန်ကုန်၊ မော်လမြိုင်၊ မြဝတီ၊ မြိတ် စသည့် မြို့များကို သွားလာနိုင်သည့် လမ်းပေါ်မှ တံတားများကို ဖောက်ခွဲခြင်း၊ လျှပ်စစ်ဓာတ်အားပေးရုံများကို ဖျက်ဆီးခြင်းတို့ကို KNU နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်နေကြသည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်မည်ဟု NUG က ကြုံးဝါးခဲ့သည့် ၂၀၂၃ နှစ်ဆန်းမှစ၍ ၇ လ ဝန်းကျင်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ တံတားအစင်း ၂၀ ထက်မနည်း၊ ဓာတ်အားပေးစက်ရုံ ၁ ရုံတို့ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်ကို တွေ့ရသည်။
ထိုကာလအတွင်း ပဲခူးတိုင်းအရှေ့ခြမ်းဒေသများဖြစ်သည့် ကျောက်ကြီး၊ ရွှေကျင်၊ ကျောက်တံခါး၊ ရေတာရှည်မြို့နယ်အတွင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ တံတား ၁၀ စင်းကျော် ဖျက်ဆီးခံခဲ့ရသည်။
စစ်ကောင်စီကမူ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ နှစ်နှစ်နီးပါးအတွင်း နိုင်ငံအနှံ့အပြား လမ်း၊ တံတား ၇၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ၂၀၂၂ နိုဝင်ဘာလအတွင်း သတင်းထုတ်ပြန်ဖူးသည်။
KNU, NUG နှင့် ထိုဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများကမူ စစ်ကောင်စီ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှ တံတားများကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကမူ တံတားနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ပြည်သူကို ဒုက္ခပေးလို၍ မဟုတ်ဘဲ ပြည်သူကို လေကြောင်းဖြင့်ပါ ပစ်ခတ်နေသည့် စစ်ကောင်စီကို အနိုင်တိုက်နိုင်ရန် ၎င်းတို့၏ ထောက်ပို့လမ်းကြောင်းများကို မဖြစ်မနေ ဖျက်ဆီးရခြင်းသာဖြစ်ကြောင်း ပြောသည်။
“စကစ (စစ်ကောင်စီ) ရဲ့ စစ်ရေးအတွက် အရေးပါတဲ့ တံတားအချို့ကို ဖြိုဖျက်ပြီးတော့ စကစရဲ့ စစ်ရေးလှုပ်ရှားနိုင်မှု စွမ်းအားကို လျှော့ချထားနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးကိစ္စတွေ ဆောင်ရွက်ပြီးတဲ့အခါမှာလည်း စကစကရဲ့ (တပ်) ရွေ့လျားနိုင်တဲ့ စွမ်းအားလျော့သွားတယ်” ဟု ဦးနိုင်ထူးအောင်က ပြောသည်။
စစ်တောင်းမြစ်ဝှမ်းဒေသမှ တိုက်ခိုက်မှုများ
လက်တွေ့တွင်လည်း နိုင်ငံတောင်ပိုင်းအခြေစိုက် KNU,NUG နှင့် တော်လှန်ရေးအဖွဲ့များက ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် လမ်းပိုင်းများပေါ်မှ တံတားများကို အမှန်တကယ် တိုက်ခိုက်ခဲ့ကြသည်။
ဇွန် ၁ ရက်နေ့တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ဒူးရင်းဆိပ် (ဒုံသမိ) တံတား စစ်ဆေးရေးဂိတ်ကို KNU တပ်မဟာ (၁) အခြေစိုက် သထုံခရိုင်အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များက ဝင်တိုက်ကြသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၄၀ ကျော် သေဆုံးခဲ့ကြောင်း PDF ဘက်က ထုတ်ပြန်ထားသည်။ တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုကိုမူ မသိရပေ။
ယင်းအပြင် ဇွန် ၆ ရက်နေ့တွင် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတားတစ်စင်းဖြစ်သည့် နတ်သံကွင်းတံတား အပါအဝင် တံတား ၅ စင်းကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သည်။
နတ်သံကွင်းတံတားသည် စစ်တောင်းမြစ် အနောက်ဘက်ခြမ်း ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နှင့် မြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့ကို ဆက်သွယ်ရာတွင် အချက်အချာကျသည်။ ထိုတံတားကို အသုံးပြုကာ ကျောက်ကြီးနှင့် မုန်းဒေသများဘက်သို့ စစ်ကောင်စီက အင်အားတိုးချဲ့ခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်းများ လုပ်နေသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။
ထိုဒေသတွင် စစ်ရေးတာဝန်ယူထားသည့် NUG တောင်ပိုင်း အမှတ် (၂) စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက “စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်ခဲ့တာပါ” ဟု ပြောသည်။
ချိုးဖျက်ခံထားရသည့် နတ်သံကွင်းတံတားနေရာတွင် သစ်သားဖြင့် တံတားပြန်လည်ထိုးထားရာ ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာ၍ ရသည့် အခြေအနေသာရှိသည်ဟု ကျောက်ကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နတ်သံကွင်းရွာ ဒေသခံအများစုလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီး ဆယ်အိမ်လျှင် တစ်အိမ်ခန့်သာ လူနေထိုင်လျက်ရှိနေကြောင်း၊ ရွာများ မီးရှို့ခံနေရသည့် မြန်မာပြည်အလယ်ပိုင်းဒေသခံများ၏ အခြေအနေသည် ၎င်းတို့ထက် ပိုဆိုးကြောင်း ၎င်းက ဆိုသည်။
“သူများတွေမှာ အိမ်တောင် မရှိကြတော့တဲ့ အခြေအနေမှာ ကျွန်တော်တို့က အိမ်ရှိသေးတယ်ဆိုတော့ တော်သေးတာပေါ့။ နည်းနည်းခံသာသေးတာပေါ့၊ ဒီလောက်ကတော့ ပေးဆပ်ရမှာပဲလေ”
တော်လှန်ရေးအဖွဲ့များ၏ အထက်ပါ စစ်ရေးလှုပ်ရှားမှုများကို ကြည့်လျှင် နိုင်ငံတောင်ပိုင်း တောင်ကုန်း၊ တောင်တန်း ပေါများသည့် ကရင်ပြည်နယ်နှင့် နိုင်ငံအလယ်ပိုင်းကို ကန့်လန့်ဖြတ်တည်ရှိသည့် ပဲခူးရိုးမကြားတွင် ရှိသော စစ်တောင်းမြစ်ဝှမ်းဒေသကို စစ်ရေးအရ ထိန်းချုပ်နိုင်ရန် အားထုတ်နေသည်ဟု ယူဆဖွယ်ရာရှိသည်။
ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်း
ထို့အတူ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းကို ထိန်းချုပ်နိုင်ရန် ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုကိုလည်း တော်လှန်ရေးအဖွဲ့များက ပိုမို အာရုံစိုက်လာကြသည်။
စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မွန်ပြည်နယ် မော်လမြိုင်မြို့၏ မြောက်ဘက်၊ သထုံခရိုင်အတွင်းတွင်လည်း KNU နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ဖြတ်တောက်ပိတ်ဆို့မှုများကို စစ်တပ်က ရင်ဆိုင်နေရသည်။
ဇွန် ၁၉ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကျုံအိတ်တံတားကို KNU တပ်မဟာ (၁) သထုံခရိုင် လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးသည်။ ထိုနေ့တွင်ပင် တံတားကို လာရောက်ကြည့်ရှုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရသွားသည်။
ယင်းနောက် ကျုံအိတ်တံတားကို ယာယီဘေလီတံတားအဖြစ် ပြန်လည် ပြင်ဆင်အသုံးပြုရန် လုပ်ငန်းဆောင်ရွက်နေစဉ် KNU ဘက်က ထပ်မံတိုက်ခိုက်ခဲ့ရာ နှစ်ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ကျုံအိတ်တံတားသည် ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးအတွက် အဓိက အချက်အချာကျသည့် တံတားဖြစ်သောကြောင့် ဖျက်ဆီးရခြင်း ဖြစ်သည်ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။
“ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန်-မြဝတီ အကုန်လုံး ရောက်တာပေါ့နော်၊ အဓိကလမ်းမကြီးပဲ၊ စစ်တပ်က ကားတန်းတွေ၊ ထောက်ပို့တွေ ပို့တာတို့၊ လူအင်အား စစ်ကူပို့တာတို့ ဘာတို့ ဒီလမ်းကြောင်းတစ်ကြောင်းပဲ ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဖြတ်တောက်ပြီး သူတို့ရဲ့ စစ်ကူသွားလာမှု နှောင့်နှေးအောင် အဟန့်အတားဖြစ်အောင် ကျွန်တော်တို့အနေနဲ့ တံတားကို ဖောက်ခွဲလိုက်တာပါ”
ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-သထုံ လမ်းမကြီး၊ ဘုရင့်ညီဂူနှင့် ဝါးဘိုးတောလမ်းဆုံအကြားရှိ တံတားတစ်စင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ ထိုတံတားသည် မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ကို ဆက်သွယ်ရာတွင် အရေးပါသည်။
မိုင်းဒဏ်ကြောင့် တံတားလက်ရန်း၊ တံတားကြမ်းခင်းတို့တွင် ပျက်စီးမှုအချို့ ရှိခဲ့သည်ကို Facebook တွင် ပျံ့နှံ့လာသော ဓာတ်ပုံများတွင် တွေ့ရသည်။ တံတားကြံ့ခိုင်မှုအခြေအနေအရ ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်ကြောင်း ဒေသတွင်းသတင်းဌာနများက ရေးထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို PDF ပူးပေါင်းတပ်ဖွဲ့များက ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
စက်ရုံမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ပြည်သူလူထုသုံးရန် ဖြန့်ဝေခြင်းမရှိဘဲ စစ်တပ်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ CCTV များနှင့် ၎င်းတို့၏ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) က သတင်းထုတ်ပြန်ခဲ့သည်။
မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းကို ထိန်းချုပ်ခြင်း
ထို့အတူ စစ်ကောင်စီလက်အောက်ခံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မော်လမြိုင်မြို့ တောင်ဘက် အမှတ် (၈) လမ်းဟု ခေါ်သော သံဖြူဇရပ်-ရေး-ထားဝယ် လမ်းပိုင်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) နှင့် PDF ပူးပေါင်းအင်အားစုများက ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းနေသည်။
အမှတ် (၈) လမ်းသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများအတွင်း လမ်းပန်းဆက်သွယ်ရေးတွင် အဓိကအချက်အချာကျပြီး မိုင် ၃၀၀ ကျော် ရှည်လျားကာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ တနင်္သာရီတိုင်း မြိတ်မြို့နယ်အထိ ခရီးပေါက်သည်။
ထိုလမ်းပိုင်းတွင် သွားလာနေသည့် အရပ်သားယာဉ်များအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သည့်အရာများ သယ်ဆောင်ခြင်းမပြုရန် ဇွန်လကတည်းက KNU က စာထုတ်ပြန်ထားသလို လမ်းများတွင် သွားလာနေသည့် ယာဉ်များကို ရှောင်တခင်စစ်ဆေးခြင်းများ ဆက်တိုက် ပြုလုပ်နေသည်။
ဇွန် ၁၈ ရက်နေ့တွင် KNLA နှင့် PDF တို့က အမှတ် (၈) လမ်းတစ်လျှောက် သုံးနေရာခွဲ၍ စစ်ဆေးစဉ် စစ်ကောင်စီနှင့် ဆက်စပ်သည်ဟု ယူဆရသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးပြီး နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု KNU တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောထားသည်။
တော်လှန်ရေးအဖွဲ့များ စစ်ဆေး၍ လူ ၄ ဦးကို ဖမ်းဆီးခဲ့သည့် အမှတ် (၈) လမ်းပေါ်မှ နေရာသည် စစ်ကောင်စီ အမှတ် (၅၈၈) ခြေမြန်တပ်ရင်း အခြေစိုက်ရာ ရေးမြို့နယ်၊ မော့ကနင်ရွာနှင့် နီးကပ်စွာ တည်ရှိကြောင်း၊ စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခြင်းပင် မရှိကြောင်း ပဒိုစောလစ္စတန်က ပြောသည်။ အသေးစိတ်အချက်အလက်များကိုမူ မသိရပေ။
စစ်ကောင်စီကလည်း လမ်းဖြတ်တောက်သည့် ဗျူဟာသုံးစွဲ
နိုင်ငံအနှံ့ ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြင့်နေချိန်တွင် မြေပြင်တပ်များဖြင့် နေရာစုံ၌ စစ်ကစားရန် မစွမ်းသာသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အဓိကအားပြုနေသလို မြေပြင်တပ်ရင်းတပ်ဖွဲ့များအခြေစိုက်ရာ နေရာများသို့ တော်လှန်ရေးအဖွဲ့များ ရုတ်တရက် လာရောက် တိုက်ခိုက်ခြင်းမပြုနိုင်ရန် နိုင်ငံတောင်ပိုင်းတွင် ကျေးရွာချင်းဆက်လမ်းပိုင်းတချို့ကို ဖျက်ဆီးထားသည်။
တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဟောင်သရောမြစ်ကူးတံတားအနီးရှိ တောင်ကြာအင်းရွာလမ်းပိုင်းကို စစ်တပ်က မေ ၁၅ ရက်နေ့တွင် ဖျက်ဆီးသည်။
ယင်းအပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းပိုင်းတချို့ကိုလည်း မေလကုန်ပိုင်းတွင် စစ်တပ်က စက်ယန္တရားများ အသုံးပြုကာ လိုက်လံဖျက်ဆီးနေသည်။ စစ်ကောင်စီ၏ ထိုလုပ်ရပ်မှာ PDF များ၏ ရိက္ခာသယ်ယူရေးလမ်းကြောင်းကို ပိတ်ဆို့ရန် ဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက ပြောသည်။
နိုင်ငံတောင်ပိုင်းသို့ အဓိကဆက်သွယ်ထားရာ လမ်းမကြီးများပေါ်တွင် တော်လှန်ရေးအဖွဲ့က ယာဉ်အသွားအလာ ကန့်သတ်လိုက်သော်လည်း စစ်ဆေးချိန် ပိုကြာမြင့်သည်မှလွဲ၍ ယာဉ်များ ပုံမှန်သွားလာနေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် ယာဉ်မောင်းတချို့က ဆိုထားသည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့များကြောင့် တံတားနှင့် လမ်းများ ပျက်စီးမှုနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများကိုမူ သာမန်ပြည်သူတို့က ထုတ်ဖော်ပြောဆိုလိုခြင်းမရှိပေ။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ကျုံအိတ်တံတားအနီး ဝန်းကျင်တွင် နေထိုင်သူတစ်ဦးနှင့် နတ်သံကွင်းတံတား တည်ရှိရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့တွင် နေထိုင်သူတစ်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အခြေအနေများကို ဖြေဆိုရန် ငြင်းဆိုသည်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးကမူ မြန်မာနိုင်ငံတောင်ပိုင်း ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အမှတ် (၈) လမ်းမကြီးပေါ်တွင် တံတားပျက်စီးမှုနှင့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့၏ ဟန့်တားစစ်ဆေးမှုကို ကြုံနေရသော်လည်း အချိန်ကြန့်ကြာသည်မှလွဲ၍ ပုံမှန်သွားလာနေနိုင်ကြောင်း ဇူလိုင်လဆန်းတွင် ပြောထားသည်။
“ပုံမှန်တော့ ကားတွေ သွားနေကြပါတယ်။ သိပ်အခက်အခဲမရှိပါဘူး။ ကားတွေက သူလိုကိုယ်လိုပဲ သွားနေကြပါတယ်။ အစစ်ဆေးခံရတဲ့ အခက်အခဲကတော့ ပုံမှန်ထက် ပိုအချိန်ပေးရတဲ့သဘောပါပဲ။ ထူးထူးခြားခြားတော့ ဘာမှ မရှိပါဘူး” ဟု သူက ပြောသည်။
ထိုလမ်းပိုင်းများ၌ နှစ်ဖက်တပ်များက စစ်ဆေးမှု တင်းကျပ်နေပြီး စစ်တပ်ဂိတ်စခန်းများက ငွေတောင်းနေသည်ဟု ကုန်ကားယာဉ်မောင်းများကို ကိုးကား၍ ၎င်းနှင့် အခြားယာဉ်မောင်းတစ်ဦးက ပြောသည်။
NUG ထုတ်ပြန်ချက်အတိုင်း လိုက်နာပြီး ပူးပေါင်းဆောင်ရွက်ပေးပါက အန္တရာယ်မရှိကြောင်း ရန်ကုန်-ထားဝယ် လမ်းကြောင်းတွင် ကုန်ကားမောင်းသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“စစ်တပ်ဂိတ်ကတော့ ပိုက်ဆံတောင်းတယ်။ PDF ဂိတ်ကတော့ ပိုက်ဆံမတောင်းဘူး။ ကွမ်းယာပါရင် ကွမ်းယာ၊ ဆေးလိပ်ပါရင် ဆေးလိပ်ပေးလိုက်ပေါ့၊ အဲဒါမျိုးပဲ။ မေးတာတော့ သူတို့က စစ်တပ်ပစ္စည်း ပါလား မေးတာ” ဟု အထက်ပါယာဉ်မောင်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှာ တံတားများ၊ မြို့အဝင်အထွက်နေရာများတွင် တည်ရှိပြီး တော်လှန်ရေးအင်အားစုကမူ စစ်ဆေးသည့် နေရာကို အတည်တကျ သတ်မှတ်ထားခြင်း မရှိပေ။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကမူ တော်လှန်ရေးအဖွဲ့များ၏ ထိုလုပ်ရပ်မှာ အဖျက်လုပ်ငန်းသာ ဖြစ်သည်ဟု ဇူလိုင် ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ နိုင်ငံတကာသံတမန်နှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်၍ ပြောထားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကမူ အထက်တွင် ဆိုထားသကဲ့သို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်ရန် စစ်ရေးလိုအပ်ချက်အရ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတချို့ကို ဖျက်ဆီး၊ ပိတ်ဆို့မှုများ မဖြစ်မနေ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ ရလဒ်ကောင်းတချို့ ရရှိနေကြောင်း ပြောသည်။
စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို တော်လှန်ရေးအင်အားစုများက ထိုသို့ ပိတ်ဆို့သည့် ဗျူဟာကို ၂၀၂၂ ခုနှစ်ကတည်းက တော်လှန်ရေးအဖွဲ့များ ကျင့်သုံးလာကြခြင်း ဖြစ်သည်။ ထိုနှစ် စက်တင်ဘာလအတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် ကြိတ်စခန်းကုန်းကို KNUနှင့် တော်လှန်ရေးအင်အားစုများက သိမ်းယူခဲ့ဖူးသည်။
ထို့ပြင် ကရင်ပြည်နယ် ဖာပွန်မြို့အရှေ့ဘက် ၁၆ မိုင်အကွာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် သံလွင်မြစ်ကမ်းဘေးရှိ နာမည်ကျော် မယ်ခါးထားစခန်းကိုလည်း တော်လှန်ရေးအဖွဲ့များက ကာလရှည် ပိတ်ဆို့ထားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းတွင် သိမ်းယူသည်။
ထိုသို့ စစ်ကောင်စီအခြေစိုက်စခန်းကုန်းများကို သိမ်းယူနိုင်သော်လည်း လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေမှ ရှောင်တိမ်းနိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများက ပုံသေစခန်းထိုင်ခြင်းမျိုး မလုပ်ဘဲ မီးရှို့ဖျက်ဆီးခြင်းသာ ပြုလုပ်ခဲ့သဖြင့် ထိုစခန်းများတွင် စစ်ကောင်စီက ပြန်လည်တပ်စွဲထားပြီးဖြစ်သည်။
ကရင်ပြည်နယ်အတွင်းတွင် အထက်ပါကဲ့သို့ စခန်းသိမ်းတိုက်ပွဲများသာမက ကော့ကရိတ်မြို့တွင်းတိုက်ပွဲများ၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဌာနချုပ်ရှိရာ မြဝတီမြို့အနီး ရွှေကုက္ကိုမြို့သစ်၊ မြဝတီကုန်သွယ်ဇုန် စသည့် နေရာများကိုလည်း တော်လှန်ရေးအင်အားစုများက လျှပ်တစ်ပြက် ဝင်ရောက်တိုက်ခိုက်ဖူးသည်။
ထိုသို့သော နမူနာများကြောင့် စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ထားနိုင်လျှင် စစ်ရေးလွှမ်းမိုးနိုင်စွမ်း ပိုမိုမြင့်မားနိုင်မည်ဟု တော်လှန်ရေးအဖွဲ့များက ယူဆနေသည်။
“(စစ်ကောင်စီ) စခန်းတွေကို အထီးကျန်အောင် လုပ်ပြီး တိုက်ခိုက်သိမ်းယူတာမျိုး လုပ်မယ်ဆိုရင် (တိုက်ခိုက်ရတာ) အများကြီး လွယ်ကူတာမျိုးရှိပါတယ်။ ဒီတော်လှန်ရေးအရှိန်ကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် စစ်ရေးဆိုင်ရာ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာဖို့ ရှိပါတယ်” ဟု ဦးနိုင်ထူးအောင်က ဆိုလိုက်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)