
မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား မိုင်းခွဲခံရသည့် ကျုံအိတ်တံတားကို သွားရောက်စစ်ဆေးသည့် စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးကာ ၂၇ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
ကျုံအိတ်တံတား ခေါ် ရွှေရောင်ပြတံတားကို ယနေ့ (ဇွန် ၂၉) နံနက် ၇ နာရီခန့်တွင် လာရောက်စစ်ဆေးမည်ဟု သတင်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။
“လမ်းကို လာစစ်ဆေးတဲ့ သထုံက ခရိုင်မှူးပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ပါတယ်။ သူတို့ လုံခြုံရေးအဖွဲ့ပါတာပေါ့။ ပူးပေါင်းအဖွဲ့တွေဘက်က သတင်းက အတိအကျရတော့ ဒရုန်းနဲ့ ဗုံးသွားကြဲလိုက်တာ” ဟု သူက ပြောသည်။
သေဆုံးသူတို့မှာ လမ်းဦးစီးမှူးနှင့် ထွေအုပ်စာရေး ဖြစ်သည်။ ခရိုင်ရဲမှူး အပါအဝင် ရဲဝန်ထမ်း ၉ ဦး၊ စစ်တပ်အရာရှိတစ်ဦး အပါအဝင် ၁၂ ဦး၊ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးဝန်ထမ်း ၁ ဦး၊ မီးသတ် ၃ ဦး၊ ရွှေသံလွင်ကုမ္ပဏီဝန်ထမ်း ၂ ဦး ဒဏ်ရာရသွားသည်။
ဒဏ်ရာရသူများ၏ အခြေအနေကို မသိရသေးပေ။ မှတ်တမ်းဓာတ်ပုံတစ်ပုံတွင် မြေပြင်ပေါ် လဲကျနေသူ ၃ ဦးကို တွေ့ရပြီး စစ်သားဟု ယူဆရသူ၏ ခြေထောက် သွေးပေကျံနေပြီး ဒဏ်ရာပြင်းထန်ပုံရသည်။

ရန်ကုန် – မော်လမြိုင် လမ်းမကြီးပေါ်ရှိ ထိုတံတားသည် ဘီးလင်းမြို့နယ် ရွှေရောင်ပြရွာအနီးတွင် တည်ရှိကာ စစ်ရေးအရ အဓိကအချက်အချာကျသည့် တံတားဖြစ်သည်။ တံတားကို မိုင်းခွဲဖျက်ဆီးချိန်တွင် ဖြတ်သန်းသွားလာနေသည့် အိမ်သုံးကားနှစ်စီး တံတားအောက် ပြုတ်ကျ ပျက်စီးခဲ့ပြီး သထုံခရိုင်ဥပဒေရုံးဝန်ထမ်း ကိုစိုးမိုး သေဆုံးသွားသည်ဟုလည်း သိရသည်။
နံနက်ပိုင်း တံတားဖောက်ခွဲမှုကို KNU တပ်မဟာ (၁) သထုံခရိုင် လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။
“ရန်ကုန်-မော်လမြိုင် ၊ ရန်ကုန်-မြဝတီ အကုန်လုံး ရောက်တာပေါ့နော်၊ အဓိကလမ်းမကြီးပဲ၊ စစ်တပ်က ကားတန်းတွေ၊ ထောက်ပို့တွေ ပို့တာတို့၊ လူအင်အား စစ်ကူပို့တာတို့ ဘာတို့ ဒီလမ်းကြောင်းတစ်ကြောင်းပဲ ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဖြတ်တောက်ပြီး သူတို့ရဲ့ စစ်ကူသွားလာမှု နှောင့်နှေးအောင် အဟန့်အတားဖြစ်အောင် ကျွန်တော်တို့အနေနဲ့ တံတားကို ဖောက်ခွဲလိုက်တာပါ” ဟု သူက ပြောသည်။
အဆိုပါ တံတားသည် ကုန်စည်ပို့ဆောင်ရေးအတွက် မော်လမြိုင် – ဘားအံ – မြဝတီမြို့နယ်တို့အထိ သွားရောက်သွားနိုင်သည်။
ဗုံးခွဲခံရခြင်းကြောင့် မော်တော်ယာဉ်အသွားအလာ နှောင့်နှေးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“တံတားက တစ်ခြမ်းက ပြိုကျသွားပေမယ့် တစ်ခြမ်းက ရှိသေးတော့ ကားတွေက တရွေ့ရွေ့ သွားနေတာပဲ။ မနက် လေးနာရီကျော် ငါးနာရီလောက်မှာ ပေါက်ကွဲသံ ကြားရတာ၊ နောက်မှ တံတားကို ချိုးပစ်မှန်း သိလိုက်ရတာ” ဟု သူက ပြောသည်။
ယင်းတံတား ဖျက်ဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်မူ KNU တပ်မဟာ (၁) နယ်မြေအတွင်း လမ်းတံတားများ မိုင်းခွဲဖျက်ဆီးခံရမှု ၉ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၆ တွင်လည်း ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတားတစ်စင်းဖြစ်သည့် နတ်သံကွင်းတံတားအပါအဝင် တံတား (၅) စင်းကို တော်လှန်ရေးအင်အားစုများက ဖျက်ဆီးခဲ့သည်။ တံတားများသည် စစ်ကောင်စီဘက်က ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေခြင်းကြောင့် စစ်ရေးအရ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုထားသည်။
မေလလယ်ပိုင်းတွင် စစ်ကောင်စီကလည်း ကရင်ပြည်နယ်အတွင်းရှိ ကားလမ်းများကို စက်ယန္တရားများ အသုံးပြု၍ လိုက်လံဖျက်ဆီးခဲ့ရာ ထိုအထဲတွင် တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသော ကော့ကရိတ်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဟောင်သရောမြစ်ကူးတံတားအနီးရှိ တောင်ကြာအင်းရွာလမ်းပိုင်းတို့ ပါဝင်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)