ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုကို ဇူလိုင် ၉ ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
မြဝတီမြို့နှင့် လေးကေ့ကော်မြို့ကြားမှ ထိုစခန်းကုန်းသည် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် ဩဇာလွှမ်းမိုးရာ မေတ္တာလင်းမြိုင် မြို့သစ် အနောက်ဘက်တွင် တည်ရှိသည်။
“ကျွန်တော်တို့လူတွေ သွားလာတာကို အမြဲလိုလို ပစ်ခတ်နေလို့ တက်သိမ်းလိုက်ရတာပါ။ အခြေအနေ တွန်းပို့မှု၊ ဖန်တီးမှုလည်း ကောင်းလို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU က ပြောသည်။ ထိုကိန်းဂဏန်းနှင့် ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို စစ်တပ်ကလည်း တိုက်ပွဲသတင်းအများစုကို အမှောင်ချထားသည်။
မြဝတီမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် ယင်းဒေသတွင် ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings စသည့် KNU လက်အောက်ခံ ပူးပေါင်းတပ်က ဇူလိုင် ၅ ရက်နေ့က စပြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဇူလိုင် ၁၀ ရက်နေ့ ညနေပိုင်းတွင်လည်း မြဝတီမြို့ လက်ခတ်တောင်အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုကို စိစစ်နေဆဲဖြစ်သည်၊ စစ်တပ်၏ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ဇူလိုင် ၁၀ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းယူမှုကို လက်မခံကြောင်း သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် KNU က အတိအလင်းပြောဆိုပြီးနောက် လက်နက်ကိုင်ခုခံလိုသည့် လူငယ်များကို နယ်မြေအတွင်း ခိုလှုံခွင့်ပေးကာ အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်နေသည်။
စစ်ကောင်စီကို တော်လှန်သည့် ၂ နှစ်ကျော် ကာလအတွင်း တော်လှန်ရေးအင်အားစုများဘက်က တန်ပြန်ထိုးစစ်အနေဖြင့် စစ်ရေးအရှိန် မြှင့်တင်လာခြင်းများ ရှိနေခဲ့သလို နယ်မြေဒေသစိုးမိုးရန် ဆက်သွယ်သွားလာနိုင်သည့် လမ်းပိုင်းများကို ထိန်းချုပ်နိုင်ရန် ကြိုးစားလာနေသည်။
စစ်ကောင်စီဘက်က လူသူ လက်နက် အင်အား ထောက်ပံ့ ပို့ဆောင်နေခြင်းကို တားဆီးရန် လမ်းတံတားတချို့ကို တော်လှန်ရေးအင်အားစုများဘက်က ဖျက်ဆီးထားသည်။
ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-သထုံ လမ်းမကြီး ဘုရင့်ညီဂူနှင့် ဝါးဘိုးတောလမ်းဆုံ အကြားရှိ တံတားတစ်စင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။
မိုင်းဒဏ်ကြောင့် တံတားလက်ရန်း၊ တံတားကြမ်းခင်းတို့တွင် ပျက်စီးမှုအချို့ ရှိခဲ့သည်ကို ဓာတ်ပုံများတွင် တွေ့ရသည်။
လတ်တလောတွင် တံတားကြံခိုင်မှု အခြေအနေအရ ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာနိုင်သည့် အနေအထားသာရှိကြောင်း ဒေသတွင်း သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
ဖျက်ဆီးခံရသည့် တံတားသည် ဒေသတွင်း သွားလာရေးအတွက် အချက်အချာကျပြီး မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိသော တံတားတစ်စင်းလည်း ဖြစ်သည်။
ယင်းအပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးရှိ ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်က ကျုံအိတ်တံတား ခေါ် ရွှေရောင်ပြတံတားကိုလည်း တော်လှန်ရေးအင်အားစုများဘက်က ဖျက်ဆီးခဲ့သည်။
စစ်ရေးအရ အချက်အချာကျပြီး စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းပိုင်းဖြစ်နေ၍ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း KNU ၏ သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က Myanmar Now ကို ပြောထားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်း၌လည်း စစ်တပ်၏ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ပေါ်ရှိ နတ်သံကွင်းတံတား အပါအဝင် တံတား ၅ စင်းကို တော်လှန်ရေးအင်အားစုများက ဖောက်ခွဲဖျက်ဆီးခဲ့သည်။
စစ်ကောင်စီဘက်ကလည်း ခံစစ်ပြင်ဆင်သည့်အနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ ကားလမ်းများကို စက်ယန္တရားများအသုံးပြု၍ လိုက်လံဖျက်ဆီးခဲ့ရာ ထိုအထဲတွင် တိုက်ပွဲများ မကြာခဏ ဖြစ်လေ့ရှိသော ကော့ကရိတ်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဟောင်သရောမြစ်ကူးတံတားအနီးရှိ တောင်ကြာအင်းရွာလမ်းပိုင်းတို့ ပါဝင်သည်။
KNU လှုပ်ရှားနယ်မြေတွင် ၂၀၂၃ ခုနှစ် ပထမ ခြောက်လတာ ကာလအတွင်း တိုက်ပွဲပေါင်း ၂၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၆၀၀ ကျော် သေဆုံးခဲ့ကာ KNU ဘက်က ၇၀ ကျော် သေဆုံးခဲ့ကြောင်း ဇူလိုင် ၉ ရက်နေ့ ရက်စွဲဖြင့် KNU က ထုတ်ပြန်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)