သတင်း

ကျိုက်ထိုမြို့နယ် ရွာချင်းဆက် လမ်းပိုင်း ၅ ခုကို စစ်တပ် ဖျက်ဆီး

ယခုလအတွင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်း ၅ ခုကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

မေ ၁၉ ရက် မှ ၂၅ ရက်အတွင်း ကျိုက်ထီးရိုးဘုရားနှင့် ကျိုက်ထိုမြို့အကြားရှိ ကျေးရွာချင်းဆက် လမ်းပိုင်းများ အဖျက်ခံရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ သထုံခရိုင် နယ်မြေတာဝန်ခံက ဆိုသည်။

“ဒီလိုလမ်းတွေကို ဖျက်တာက ပြည်သူလူထုကို ဒုက္ခပေးဖို့နဲ့ ကျွန်တော်တို့ PDF တွေ၊ တခြား တော်လှန်ရေးအင်အားစုတွေ သွားလာရေးခက်ခဲစေဖို့အတွက် သူတို့ဖြတ်တောက်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ဒီလမ်းတွေကို မသုံးဘူး။ သုံးစရာလမ်းတွေ အများကြီးရှိတယ်။ အဓိက အခက်အခဲဖြစ်တာ ပြည်သူလူထုတွေပဲ” ဟု ထိုအမျိုးသားက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်း ပါဝင်နေသော ထိုဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ အမှတ် (၃) တပ်ရင်း အခြေစိုက်ကာ PDF များလည်း ပူးတွဲ လှုပ်ရှားနေသည်။

မေ ၁၉ တွင် ဆောင်နိုင်ကြီးရွာနှင့် ကင်မွန်းချောင်းရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်း၊ မေ ၂၀ တွင် ကျိုက်ထို-ကင်မွန်းစခန်း ကားလမ်းမကြီးမှ ဝင်းကလော၊ တံတားချောင်း၊ ဆောင်နိုင်ကြီး ကျေးရွာများသို့ ဖြတ်သန်းသွားလာ၍ရသည့် လမ်းပိုင်း၊ မေ ၂၁ တွင် မဲရုံးလေးရွာနှင့် မဲရုံးကြီးရွာအား ဆက်သွယ်ထားသည့် လမ်းပိုင်း၊ မေ ၂၂ တွင် မရမ်းချောင်းရွာနှင့် ပျဉ်းကတိုးကုန်းရွာ ရွာချင်းဆက် လမ်းပိုင်းနှင့် မေ ၂၃ တွင် လှည်းလမ်းကူးရွာနှင့် ဆောင်လှိုင်ဂွရွာတို့၏ ရွာချင်းဆက် လမ်းပိုင်းတို့ကို ဖျက်ဆီးခြင်း ဖြစ်သည်။

ကားလမ်းကို ကန့်လန့်ဖြတ် တူးထားသည်မှာ အကျယ်နှင့် အနက် သုံးပေခန့်စီ ရှိကြောင်း ဒေသခံတို့ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

လမ်းပိုင်းများ ဖျက်ဆီးခံထားရ၍ ကျိုက်ထိုဒေသခံများ သွားလာရ ခက်ခဲနေကြသည်။ (ဓာတ်ပုံ- ပေးပို့)

ဖျက်ဆီးခံရသည့် အဆိုပါလမ်းပိုင်းများသည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေပြီး အနည်းဆုံး ကျေးရွာ ၂၅ ရွာခန့်မှ ဒေသခံများ အသုံးပြုနေသည့်လမ်းများ ဖြစ်သည်ဟု ဒေသတွင်းသတင်းများကို အွန်လိုင်း လူမှုကွန်ရက်တွင် ဖော်ပြနေသည့် Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျိုက်ထိုမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် တောင်ဘက်ရှိ ကျိုက်ထိုမြို့ပေါ်သို့ လာရောက်ရန် ခက်ခဲနေပြီး ကုန်စည်စီးဆင်းမှု ထိခိုက်နေကြောင်း၊ တော်လှန်ရေးအဖွဲ့များ ဒေသခံတို့ထံမှ  သတင်းအချက်အလက်၊ ရိက္ခာ၊ ရန်ပုံငွေ၊  တပ်သားသစ် စသည့် အင်အားစုလေးမျိုး မရနိုင်စေရန် မြေလှန်ဖျက်ဆီးသည့် ဖြတ်လေးဖြတ် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“ရွာချင်းဆက် လမ်းတွေကို ဖျက်တာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ ဒုက္ခရောက်ကြတာပေါ့။ ဖြတ်လေးဖြတ် ပုံစံမျိုး လုပ်ချင်လို့ ဒီလိုမျိုး လမ်းတွေကို ဖျက်ထားတာလို့ ယူဆတယ်” အထက်ပါ သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

မေလ ဒုတိယပတ်ကလည်း စစ်ကောင်စီတပ်က KNU ၏ တပ်မဟာ (၆) နယ်မြေတွင် ပါဝင်သော ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လမ်းများကို ဖျက်ဆီးခဲ့သည်။

အလားတူ တပ်မဟာ (၂) နယ်မြေ ကရင်ပြည်နယ် သံတောင်မြို့နယ်နှင့် တပ်မဟာ (၃) နယ်မြေ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်တို့တွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ဆောင်ခွင့် ကန့်သတ်ထားသည်။

စစ်ကောင်စီတပ်၏ ထိုကဲ့သို့ လုပ်ဆောင်ချက်များကြောင့် ဒေသခံတို့ သွားလာရေး၊ စားဝတ်နေရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေး စသည့် ဒုက္ခများ ကြုံတွေ့နေရသည်ဟု KNU ဘက်က ပြောထားသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ လမ်းပေါ်တွင် ပစ်သတ်ခံရပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကောင်စီတပ်က စစ်မျက်နှာအများအပြား ဖွင့်ထားရသည်။

ဤအခြေအနေတွင် KNU က မကြာခဏ ထိုးစစ်ဆင်လျက်ရှိသည်။

စစ်ကောင်စီတပ်က လမ်းဖျက်ဆီးခြင်းမှာ ထိုးစစ်များကို ဟန့်တားလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု လေ့လာသူတို့က ဆိုသည်။

စစ်ကောင်စီကမူ ထိုဒေသအတွင်း ကားလမ်းပျက်စီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်တပ် ဖျက်ဆီးထားသော ကျိုက်ထိုမြို့နယ်အတွင်းမှ လမ်းပိုင်းတစ်ခု။ (ဓာတ်ပုံ -ပေးပို့)

စစ်တပ်က အာဏာသိမ်းပြီးနောက် KNU နယ်မြေ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ပိုမို အားပြုလာသည်။ 

မေ ၂၃ ရက်နေ့ ညပိုင်းတွင် KNU တပ်မဟာ (၆) နယ်မြေအတွင်း မြဝတီမြို့နယ်တောင်ဘက် မိုင် ၃၀ ကျော်ခန့် ကွာဝေးသည့် မော်ခီးကျေးရွာအုပ်စု ပနွယ်ဖိုးကလိုးရွာကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

“ဝါပသဲရွာ ပြီးတော့ မယ်ကနယ်ဘက်ရော မော်ခီးဘက်ကိုပါ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်နေပါတယ်။ ညက မော်ခီးကို ကြဲချတာတော့ လူထိခိုက်မှု မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဒေသခံများအနေဖြင့် ဘေးလွတ်ရာ တောတောင်တွေထဲ ရှောင်တိမ်းနေကြကြောင်း၊ ဗုံး ၂ လုံး ကြဲချခဲ့ခြင်းကြောင့် ရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ ကျောင်း ပျက်စီးသွားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button