သတင်း

ကျိုက်ထိုပစ်ခတ်မှုတွင် KRF ကာကွယ်ရေးအဖွဲ့မှ ၄ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပြင် စီးနင်းတိုက်ခိုက်မှုတစ်ခုတွင် အသက် ၉၀ အရွယ် အမျိုးသမီးနှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) အဖွဲ့ဝင် ၄ ဦး သေဆုံးသွားသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြရွာအနီး ယမန်နေ့ (ဩဂုတ် ၂၁) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တိုက်ပွဲဖြစ်ပွားစဉ် နှစ်ဖက် ထိခိုက်သေဆုံးသလို အရပ်သားတစ်ဦးလည်း သေဆုံးကြောင်း သိရသည်။

မြို့မြောက်ဘက် ၃ မိုင်ခွဲခန့်အကွာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ဘဲလေးစားသောက်ဆိုင် နောက်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတချို့နှင့် သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

“ဖြစ်စဉ်က ကျွန်တော်တို့ KRF တော်လှန်ရေးရဲဘော်အဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးတယ်။ ၇ ဦး ဒဏ်ရာရတယ်” ဟု ကိုအေးမင်းထွန်းက ဆိုသည်။

KRF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့ဖြစ်သည်။

ဒေသသတင်းများဖော်ပြနေသည့် လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ သတင်းတစ်ပုဒ်တွင်လည်း စစ်တပ်က PDF များ ရောက်ရှိနေသည့်သတင်းကြောင့် ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်တစ်လုံးကို ဩဂုတ် ၂၁ တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ရေးသားသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း အသက် ၉၀ အရွယ် အိမ်ရှင် အမျိုးသမီး၊ အသက် ၂၀ နှင့် ၃၀ ကြား လူငယ် ၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

သေဆုံးသည့် KRF အဖွဲ့ဝင် ၄ ဦးအနက် ကိုထက်မြတ်၊ ကိုဝင်းထွဋ်ဦး တို့သည် Citizen Journalist (CJ) ခေါ် ရပ်ရွာထဲမှ သတင်းသမားသင်တန်း တက်ထားသူများဖြစ်သည်ဟု သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီး စစ်တပ်က သတင်းဌာနများကို ပစ်မှတ်ထားနှိပ်ကွပ်နေသဖြင့် မြေပြင် ကွင်းဆင်းသတင်းယူရန် သတင်းထောက်များအတွက် ခက်ခဲလာသောကြောင့် CJ တို့၏ အခန်းကဏ္ဍ အရေးပါလာသည်။

စစ်ကောင်စီ၏ သတင်းအမှောင်ချမှုများအကြား သတင်းအချက်အလက် မှန်ကန်၊ မြန်ဆန်စွာ ရရှိရေးအတွက် လူငယ်များ  CJ သင်တန်း တက်ရောက်လာကြပြီး သတင်းစုံစမ်း ရယူတင်ဆက်သူ အများအပြားထွက်ပေါ်လာသည်။

ကျိုက်ထိုမြို့ ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် လက်ပြရွာဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ထိုနေ့က PDF များ ရောက်ရှိနေကြောင်း သတင်းရ၍ စစ်တပ်က သွားရောက်ရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ရေးသားသည်။ စစ်ကောင်စီဘက်မှ တစ်ဦး ဒဏ်ရာရကြောင်း၊ အလောင်း ၄ လောင်းနှင့် ပစ္စတို ၃ လက်၊ ၉ မမကျည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြကြသည်။


ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၇ ခုလုံးတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာပြီး KNU ဘက်ကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သောသူများကို ခရိုင်အလိုက် ခိုလှုံခွင့်နှင့် စစ်ပညာသင်ကြားပေးမှုများ ပြုလုပ်ခဲ့သည်။

KNU တပ်မဟာ (၁) နယ်မြေအဖြစ် သတ်မှတ်ထားသော သထုံခရိုင်တွင် အကျုံးဝင်သည့် ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က အခြေစိုက်လှုပ်ရှားနေသည်။ KRF သည် စစ်ကောင်စီ ရဲစခန်းများ၊ စစ်ယာဉ်တန်းများကို တိုက်ခိုက်နေသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ကျိုက်ထိုမြို့နယ်ရှိ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ်ကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်သည့် တော်လှန်ရေးပူးပေါင်း အဖွဲ့ ၇ ဖွဲ့ထဲတွင် KRF လည်း ပါဝင်သည်။ 

Show More

Related Articles

Back to top button