လေ့လာသုံးသပ်ချက်

မဲစာရင်း သို့မဟုတ် မင်းအောင်လှိုင် လိုရာသုံး ဂျိုကာ ဖဲတစ်ချပ်

မြန်မာနိုင်ငံနယ်နိမိတ်အတွင်း လူဦးရေမည်မျှရှိသည်ကို သိနိုင်ရန် လာမည့်နှစ်တွင် အောက်တိုဘာ ၁ မှ စတင်ပြီး ၁၅ ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူမည်ဟု စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာက ဇွန် ၈ ရက်နေ့တွင် ရေးသားဖော်ပြလာပါသည်။

ဖေဖော်ဝါရီ ၂၃ စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “မဲစာရင်းသည် လူဦးရေနှင့် သန်းခေါင်စာရင်းကို အခြေခံ၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း…ထို့ကြောင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရန် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း” စသဖြင့် ပြောဆိုခဲ့သည်။

သို့သော် ကောက်ယူမည့် ရက်စွဲအတိအကျကို သူကိုယ်တိုင် ကြေညာခြင်း မဟုတ်သလို စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုခြင်းလည်း မဟုတ်ပါ။ သတင်းစာ၏ စာမျက်နှာ ၁၆ တွင် ကလောင်ဝှက်အမည်ဖြင့် “ပြည်သူအားလုံး လက်တွဲညီ သန်းခေါင်စာရင်းကောက်ပါမည်” ခေါင်းစဉ်ဖြင့် ဆောင်းပါးလိုလို၊ နှိုးဆော်စာလိုလို ရေးသားဖော်ပြလာခြင်း ဖြစ်သည်။

အမှတ်တမဲ့ ဖတ်မိရာမှ အမှတ်ထင်ထင် အရေးကြီးအချက်အလက်တချို့ ပါဝင်နေသည်ကို လေ့လာ တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ ဝါဒဖြန့်ဆောင်းပါးများ အမြဲလိုလိုပါနေကျ စစ်ကောင်စီသတင်းစာများကို မြန်မာပြည်သူအများစု မဖတ်ရှုကြတော့ပေ။ သတင်းစာ၏ အတွင်းဘက်အကျဆုံး စာမျက်နှာတွင် ပါလာသော ဆောင်းပါးဖြစ်နေလျှင် သာ၍ပင် သတိထားမိလိုက်ကြမည် မဟုတ်ပါ။

သို့သော် ဆောင်းပါး၏ ထူးခြားချက်မှာ သန်းခေါင်စာရင်း ကောက်ယူမည့် အချိန်ကာလကို တိကျစွာ ရေးသားဖော်ပြထားသည့်အပြင်၊ မည်သို့မည်ပုံ ကောက်ယူမည်ဆိုသည့် နည်းလမ်းကိုပါ ဖော်ပြထားခြင်း ဖြစ်သည်။ နိုင်ငံရေးထွက်ပေါက်ပိတ်ပြီး အကျပ်အတည်းတွေ့နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၎င်း၏ လက်ထဲ အာဏာသုံးရပ်စလုံးကို အချိန်ဆွဲနိုင်သမျှ ချုပ်ကိုင်သွားရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံစည်ကြိုးပမ်းနေပုံကို ထိုဆောင်းပါးတွင် လှစ်ခနဲ တွေ့ရှိလိုက်ရသည်။

သန်းခေါင်စာရင်း ကောက်ယူမယ့် ရက်စွဲက ဘယ်လောက်အရေးပါလို့လဲဟု အမှတ်တမဲ့ ယူဆနိုင်ပါသည်။ သို့သော် လွန်ခဲ့သော ၂ နှစ်ကျော်ကာလအတွင်း မင်းအောင်လှိုင်ပြောခဲ့သော အထောက်အထားများကို စိစစ်လေ့လာသုံးသပ်ကြည့်လျှင် မဲစာရင်းက အာဏာသိမ်းခဲ့ရသည့် အဓိကအကြောင်းပြချက်ဖြစ်ပြီး၊ ယခုအခါ ထိုမဲစာရင်းမှန်ကန်ရေးကိုပင် အကြောင်းပြုပြီး သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေပုံကို လေ့လာတွေ့ရှိရမည် ဖြစ်သည်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူဦးရေစာရင်းကောက်ယူမှုကို ကွင်းဆင်းစစ်ဆေးနေသည့် စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − MOI)

၂၀၂၆ ခုနှစ်အထိ အာဏာချုပ်ကိုင်ထားရန် မင်းအောင်လှိုင်၏ အကြံအစည်

ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူမည့် ၂၀၂၄ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အချိန်ကာလကို ဗဟိုပြုတွက်ချက်မည်ဆိုလျှင်၊ ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ သန်းခေါင်စာရင်းရလဒ်ကို အစောဆုံး ထုတ်ပြန်ကြေညာနိုင်မည်ဖြစ်ရာ၊ ၆ လ တစ်ကြိမ် တိုးနေသော စစ်အုပ်ချုပ်ရေးသက်တမ်းကို အနည်းဆုံး ၂၀၂၅ ဖေဖော်ဝါရီအထိ အချိန်ဆွဲသွားရန် မင်းအောင်လှိုင် ပြင်ဆင်ထားပြီး ဖြစ်သည်ကို တွက်ဆနိုင်ပါသည်။

အဆိုပါ အချိန်ဇယားအရဆိုလျှင် စစ်ကောင်စီ ကြိုးပမ်းနေသော ရွေးကောက်ပွဲသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အစောဆုံး ကျင်းပရန် ဖြစ်နိုင်ခြေများပြီး၊ ၂၀၂၆ ခုနှစ် မတ်လကုန်တွင် အာဏာလွှဲရန် စီစဉ်ထားနိုင်ပါသည်။

၂၀၀၈ ခြေ/ဥအရ ပုံမှန်ရွေးကောက်ပွဲအချိန်ဇယားအတိုင်း သွားလျှင် ၂၀၂၅ တွင် စတုတ္ထမြောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ၂၀၂၀ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူများက တစ်ခဲနက်မဲပေးပြီး NLD အစိုးရ ကို ဒုတိယသက်တမ်း ၅ နှစ် အုပ်ချုပ်ခွင့် ပေးခဲ့ခြင်းကို မင်းအောင်လှိုင် အတင်းအဓမ္မလုယူလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်း၏ အာဏာရမ္မက်ကြောင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်ခဲ့ရပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ၎င်းကို ဆန့်ကျင်သော နိုင်ငံအနှံ့ သန်းနှင့်ချီသော ပြည်သူများ၏ ရပ်ရွာများကို မြေလှန်မီးရှို့စစ်ဆင်နှိမ်နင်းခဲ့ရာ ပြည်သူများသည် ၎င်းတို့၏ မွေးရပ်ဒေသမှ အသက်လု စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ တောတောင်များထဲ ထွက်ပြေးတိမ်ရှောင်နေရချိန် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူမှုက မည်မျှအရေးကြီးပြီး၊ မည်ကဲ့သို့ ကောက်ယူရန် စီစဉ်နေသနည်း။ တိုင်းပြည်ပျက်နေချိန် သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင်နိုင်ပါသလား။ မအောင်မြင်နိုင်သော အလုပ်ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ကြံစည်နေသနည်း စသည့် မေးခွန်များက စိတ်ဝင်စားစရာဖြစ်ပြီး ဆန်းစစ်လေ့လာကြည့်ရန် အရေးကြီးပါသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၂ ဒီဇင်ဘာအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

ပြည်တွင်းစစ်မီးအကြား သံသယဖြစ်ဖွယ် သန်းခေါင်စာရင်း ကောက်ယူခြင်း

နိုင်ငံတစ်ခုတွင် လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းသည် မထူးဆန်းသော ပုံမှန်လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုသာ ဖြစ်ပြီး၊ နိုင်ငံ၏ လူဦးရေ တိုးပွားနှုန်းနှင့် လူမှုစီးပွားတိုးတက်မှု အခြေအနေများကို သိရှိ လေ့လာနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူသည့်လုပ်ငန်းကို မဖြစ်မနေ လုပ်ဆောင်ကြပါသည်။

နိုင်ငံတကာစံနှုန်းအရ ၁၀ နှစ် တစ်ကြိမ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူကြလေ့ရှိသည်။ ၂၀၁၄ တွင် နောက်ဆုံး လူဦးရေ သန်းခေါင်စာရင်းကောက်ယူခဲ့သော မြန်မာနိုင်ငံတွင် ၂၀၂၄ တွင် သန်းခေါင်စာရင်း ထပ်မံကောက်ယူရန် အချိန်ကျရောက်လာသည်မှာ သီအိုရီအရ မှန်ကန်ပါသည်။

သို့ဆိုလျှင် မင်းအောင်လှိုင်က ၂၀၂၄ အောက်တိုဘာလတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေခြင်းက အထူးအဆန်းမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်သာဖြစ်သည်ဟု ယူဆနိုင်ပါသည်။

သို့သော် ထူးဆန်းနေသည်က စစ်အာဏာသိမ်း ၂ နှစ်ပြည့်ချိန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ တွင် ၁၉၈ မြို့နယ် (မြို့နယ်အားလုံး၏ ၆၀ ရာခိုင်နှုန်း) ကိုသာ အုပ်ချုပ်နိုင်စွမ်းရှိသည်ဟု ၎င်းကိုယ်တိုင် ဝန်ခံထားပြီး၊ ထိုအချိန်မှစ၍ ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာနေသော အခြေအနေတွင် သန်းခေါင်စာရင်းကောက်ရန် အတင်းလုပ်ဆောင်လာခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် မဲစာရင်းပင် မကောက်ယူနိုင်ခဲ့သဖြင့် ရွေးကောက်ပွဲပျက်သွားရသော အခြေအနေတွင် ပွဲတိုင်းရှုံး မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူမည်ဟု ထပ်မံကြွေးကြော်လာပြန်ခြင်းက နောက်ကွယ်တွင် ပုံမှန်မဟုတ်သော အကြံအစည်တစ်ခု ရှိနေနိုင်သည် ဟု တွက်ဆနိုင်ပါသည်။

တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးကြောင်း လူသိရှင်ကြား ဝန်ခံခဲ့ရပြီး၊ အာဏာသုံးရပ်လုံး ဆက်လက် ထိန်းချုပ်ထားနိုင်ရန် အရေးပေါ်အခြေအနေကာလကို နောက်ထပ် ၆ လ တိုးခဲ့သော မင်းအောင်လှိုင်က PDFs/EROs များကို တစ်နေ့ထက်တစ်နေ့ ရှုံးပွဲဆက် ရင်ဆိုင်နေရပြီး၊ နိုင်ငံအနှံ့ ကျယ်ပြန်လာသည့် ပြည်တွင်းစစ်မီးအတွင်း လူဦးရေသန်းခေါင်စာရင်းကို မည်ကဲ့သို့ ကောက်ယူမည်နည်း။

နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးကြောင့် နိုင်ငံရေးနှင့် စစ်ရေး အဘက်ဘက်တွင် ချောင်ပိတ်မိနေပြီး၊ နိုင်ငံရေးလမ်းကြောင်း ပျောက်ဆုံးနေခြင်းကို စစ်တပ်အတွင်း ဖုံးကွယ်လှည့်စားရန်နှင့် ၆ လ တစ်ကြိမ် အာဏာသက်တမ်းတိုးရာတွင် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိခြင်းအတွက် အကြိမ်ကြိမ် လူသိရှင်ကြား ဆင်ခြေပေးနေရခြင်းထက် သန်းခေါင်စာရင်းကောက်ယူခြင်းက အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်နိုင်ပါသည်။

ထို့ပြင် အာဏာသုံးရပ်ကို ၎င်းတစ်ဦးတည်း ချုပ်ကိုင်ထားရန် အချိန်ဆွဲဗျူဟာလည်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ဒေသခံများကို ၂၀၂၂ နိုဝင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။

မေးခွန်းထုတ်စရာ သန်းခေါင်စာရင်းကောက်ယူမည့် နည်းစနစ်

တစ်ဖန် နိုင်ငံတစ်ခုတွင် သန်းခေါင်စာရင်းကောက်ယူခြင်းသည် အလွန်ကြီးမားသော စီမံကိန်းကြီးဖြစ်ပြီး၊ နိုင်ငံ့ဘဏ္ဍာအမြောက်အမြား ကုန်ကျသဖြင့် အသုံးပြုသည့် နည်းစနစ်များ တိကျမှန်ကန်မှုရှိမှသာ နိုင်ငံအတွက် အကျိုးရှိသော တိကျမှန်ကန်သေချာသော အချက်အလက်များ ရရှိမည် ဖြစ်သည်။

သို့သော် သန်းခေါင်စာရင်းကောက်ယူမှုကို “အိမ်ထောင်စုအခြေခံ” နှင့် “အဖွဲ့အစည်းအခြေခံ” နည်းလမ်း ၂ မျိုးဖြင့် ကောက်ယူရန် စီစဉ်ထားရာ၊ အဆိုပါ နည်းစနစ်သည် တိကျမှန်ကန်သော လူဦးရေဆိုင်ရာ အချက်အလက်များ ရရှိနိုင်မှု အလားအလာအပေါ် များစွာသံသယဖြစ်ဖွယ် တွေ့ရှိနေရသည်။

ဥပမာ အိမ်ထောင်စုအခြေခံ ကောက်ယူမည့်နည်းလမ်းတွင် အိမ်ထောင်စုတစ်ခုလုံးရှိ လူဦးရေဆိုင်ရာ အချက်အလက် အားလုံးကို “အိမ်ထောင်ဦးစီး သို့မဟုတ် ယင်းအိမ်ထောင်ကို ကိုယ်စားပြုသည့် အရွယ်ရောက်ပြီးသူတစ်ဦးက ဖြေကြားပေးရန်သာ ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဆိုလိုသည်မှာ သန်းခေါင်စာရင်းကောက်ယူသည့်အချိန် အိမ်တစ်အိမ်တွင် အိမ်ထောင်စုဝင် မည်မျှရှိရှိ၊ သန်းခေါင်စာရင်းကောက်ယူချိန်၌ ထိုအိမ်တွင် အိမ်ထောင်စုဝင်အားလုံး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုအိမ်ထောင်စုဝင်တစ်ဦးတည်း၏ ဖြေဆိုချက်ကို ရယူမှတ်တမ်းတင်သွားမည် ဖြစ်သည်။

အလားတူပင် အဖွဲ့အစည်းအခြေခံ နည်းလမ်းတွင် အဖွဲ့အစည်းတစ်ခုလုံး၏ လူဦးရေဆိုင်ရာ အချက်အလက်အားလုံးကို “အဖွဲ့အစည်းတာဝန်ခံကို မေးမြန်းကောက်ယူသွားမည်” ဟု ဖော်ပြထားသည်။

ဥပမာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ စသဖြင့် အဖွဲ့အစည်းပုံစံဖြင့်  နေအိမ်လိုင်းခန်းများတွင် စုဝေး နေထိုင်ကြသော တပ်ရင်း/တပ်ဖွဲ့များ၏ လူဦးရေစာရင်းကောက်ယူရာတွင် တပ်ရင်းမှူး/တပ်ဖွဲ့မှူး တစ်ဦးထံမှသာ ကောက်ခံမည့်သဘော ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ စီစဉ်နေသော သန်းခေါင်စာရင်းကောက်ယူမှု နည်းစနစ်သည် နိုင်ငံသားတစ်ဦးကို အခြေခံ ကောက်ယူသောနည်းစနစ် မဟုတ်ဘဲ၊ လူဦးရေအစုအဖွဲ့တစ်ခု၏ ကိုယ်စားလှယ်တစ်ဦးအပေါ် အခြေခံ ကောက်ယူသောနည်းစနစ်ဖြစ်သည်။ အဆိုပါ ကိုယ်စားပြုသူတစ်ဦး ပြောသမျှ အချက်အလက်များကို အမှန်ဟု ယူဆကောက်ယူမည့် ထိုနည်းစနစ်သည် အလွန်အန္တရာယ်ကြီးပြီး တိကျမှန်ကန်မှုအတွက် အာမခံနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းအချက်အလက်များ၏ အရည်အသွေးဆိုင်ရာ မှန်ကန်တိကျမှုအပေါ် များစွာ သံသယဖြစ်ဖွယ် ရှိလာပါလိမ့်မည်။ ထိုနည်းလမ်းကို အသုံးပြုရန် စစ်ကောင်စီ ရွေးချယ်ထားရသည့် အကြောင်းရင်းမှာ ရှင်းပါသည်။ ပြည်တွင်းစစ်ဖြစ်နေသော တိုင်းပြည်တွင် မဖြစ်နိုင်သော ကိစ္စတစ်ခုကို နိုင်ငံရေးရည်ရွယ်ချက်တစ်ခုအတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို လိုက်လံဖြိုခွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ မတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

သန်းခေါင်စာရင်းအကြောင်းပြ လုံခြုံရေးကွန်ရက် ပြန်တည်ဆောက်ရန် ကြံစည်နေသလား

၂၀၂၄ အောက်တိုဘာ ၁ ရက်နေ့ စတင်ကောက်ယူမည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်သည် ယခုဆောင်းပါးရေးချိန်မှ ရေတွက်လျှင် နောက်ထပ် (၁၅) လ အကြာတွင် အကောင်အထည်ဖော်မည့် အစီအစဉ်ဖြစ်သည်။

သို့သော် ယခုအချိန်ကတည်းက လူဦးရေးစာရင်းကောက်ယူမည့် နေရာများကို မထပ်ရန်နှင့် မလပ်ရန် ပထဝီသတင်း အချက်အလက်စနစ် (Geographic Information System – GIS) နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာအလိုက် ဒေတာဗေ့စ် တည်ဆောက်နေပြီဟု သိရသည်။

GIS သတင်းအချက်အလက်နည်းပညာသည် ကမ္ဘာ့မြေမျက်နှာပြင်တစ်ခုတွင် ရှိရှိသမျှ အရာအားလုံးကို မှတ်တမ်းတင်သည် နည်းစနစ်ဖြစ်ပြီး၊ အသုံးချမည့် ရည်ရွယ်ချက်အပေါ် မူတည်၍ အဆိုပါ သတင်းအချက်အလက်များကို အမျိုးမျိုးအသုံးချနိုင်ပါသည်။ အထူးသဖြင့် လုံခြုံရေးကွန်ရက် တည်ဆောက်ရာတွင် အထူးအသုံးဝင်ပါသည်။

ထို့ကြောင့် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်သည် နိုင်ငံအနှံ့ရှိ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ထိန်းချုပ် စိုးမိုးထားသည့် ၄၀ ရာခိုင်နှုန်းသော မြို့နယ်များတွင် အဆိုပါအဖွဲ့များကို လုံးဝ ဖယ်ရှားရှင်းလင်းရေးအစီအစဉ်အတွက်ပါ မုချအသုံးဝင်ပါလိမ့်မည်။

ထို့ကြောင့် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုတွင် စစ်ရေးဗျူဟာကိုပါ တွဲဖက် အကောင်အထည်ဖော်နေသလား တွေးဆစရာ ဖြစ်လာပါသည်။

အကြောင်းမှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် လူဦးရေ သန်းနှင့်ချီ နေထိုင်သော မြို့ကြီးများ အပါအဝင် မြို့ငယ်များနှင့် ကျေးရွာများပါမကျန် လူငယ်လူလတ်များစွာသည် လက်နက်မဲ့၊ လက်နက်ကိုင် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြခြင်းကို စစ်ကောင်စီ ရင်ဆိုင်နေရပြီး၊ မည်သို့မျှ ဟန့်တားနိုင်စွမ်းမရှိ ဖြစ်နေပါသည်။

နေ့စဉ်နှင့်အမျှ ရန်ကုန်ကဲ့သို့ မြို့ပြကြီးတွင် စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူများနှင့် စစ်တပ်ထောက်ခံသူများ လူမြင်ကွင်းတွင် လုပ်ကြံသတ်ဖြတ်ခံနေရခြင်းက စစ်တပ်သမိုင်းတစ်လျှောက် မကြုံဖူးသော အခြေအနေဖြစ်သည်။ ထိုအခြေအနေက စစ်ထောက်လှမ်းရေးယန္တရား ယိုယွင်းပျက်စီးနေခြင်းကို ညွှန်ပြနေပါသည်။

ပို၍ဆိုးသည်မှာ စစ်တပ်နှင့် ၎င်းတို့၏ အဆွယ်အပွားများ၊ ထောက်ခံသူများ၏ သတင်းအချက်အလက်များကို ပစ်မှတ်အတိအကျ စစ်ထောက်လှမ်းရေးနှင့်အပြိုင် ထောက်လှမ်းနိုင်ပြီး လုပ်ကြံမှုများက အချိန်ကိုက် အမှားအယွင်းမရှိ အောင်မြင်နေခြင်းသည် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် အနီရောင်စိုးရိမ်မှတ်ကို ကျော်လွန်ပြီး အနီးကပ် ခြိမ်းခြောက်နေဘိသကဲ့သို့ ရှိနေသည်။

မြန်မာစစ်တပ်၏ ခေတ်အဆက်ဆက် စစ်ထောက်လှမ်းရေးနှင့် ရဲထောက်လှမ်းရေး ကွန်ရက်များသည် ရပ်ကွက်/ကျေးရွာများအထိ သတင်းပေးများ မွေးမြူဖြန့်ကြက်ထားနိုင်ပြီး၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးယန္တရားများ အသုံးပြုကာ ဧည့်စာရင်းစစ်ဆေးခြင်း၊ သံသယဖြစ်သူများကို စောင့်ကြည့်ခြင်းဖြင့် ၎င်းတို့ကို ဆန့်ကျင်မည့်သူများကို လက်ဦးမှုယူ ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ကြသည်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်လာသည်အထိ လက်နက်မဲ့လူထု၏ အာခံဆန္ဒပြပွဲများရော၊ လက်နက်ကိုင်တော်လှန်မှုများပါ နိုင်ငံအနှံ့ ယနေ့ထိ အင်အားကောင်းစွာ ဆက်လက်ပေါ်ပေါက်ခြင်းက အဆိုပါ ထောက်လှမ်းရေးကွန်ရက်များ၏ အခြေခံကျောရိုးဖြစ်သော ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးစနစ်များ ပြိုကျပျက်စီးနေခြင်း သို့မဟုတ် စစ်တပ်၏အုပ်ချုပ်မှုကို မကြိုက်နှစ်သက်သော်လည်း မလွန်ဆန်နိုင်သဖြင့် ၎င်းတို့လုပ်နိုင်သည့်ဘောင်ထဲက ယန္တရားများ ကောင်းစွာ အလုပ်မလုပ်နိုင်စေရန် ဖန်တီးထားခြင်းကြောင့် ဖြစ်နိုင်ပါသည်။

ယခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့တစ်နေရာတွင် ရန်ကုန်လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ် ပြုလုပ်ခဲ့ကြစဉ်။

ထိုအခါ ရပ်ကွက်/ကျေးရွာတိုင်းရှိ အိမ်ထောင်စုအချက်အလက်များမှတစ်ဆင့် စစ်တပ်၏ အဆင့်ဆင့်သော ထောက်လှမ်းရေးကွန်ရက်များက အတိအကျသိရှိပြီး၊ စောင့်ကြည့်နိုင်မည့် ထောက်လှမ်းရေးကွန်ရက်ကို ပြန်လည်တည်ဆောက်ရန်မှာ အရေးတကြီးလိုအပ်လာပြီး၊ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်က အကောင်းဆုံးဗျူဟာ ဖြစ်လာပါသည်။

ထိုအခြေအနေ မှန်ကန်ပါက မင်းအောင်လှိုင်သည် ၎င်း၏ အာဏာအခြေခံအဆောက်အအုံကို ရေရှည် အခိုင်မမာတည်ဆောက်ရေးနှင့် ဟာကွက်မရှိသော လုံခြုံရေးကွန်ရက်များ မြို့ရွာအနှံ့ တည်ဆောက်ရေးအတွက် ပြင်ဆင်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

သန်းခေါင်စာရင်း ကောက်ယူမှုမှ ရရှိလာသော အချက်အလက်များသည် ၎င်းတို့ကို ဆန့်ကျင်သော သံသယရှိသူများကို စောင့်ကြည့်စာရင်းပြုစုရန်နှင့် GIS အချက်အလက်သုံး ထောက်လှမ်းရေးဆိုင်ရာ လုံခြုံရေးကွန်ရက် တည်ဆောက်ရေး၏ အခြေခံကျောရိုး ဖြစ်လာပါလိမ့်မည်။

မင်းအောင်လှိုင်အတွက် မဲစာရင်းသည် အာဏာသိမ်းခဲ့သော အဓိကအကြောင်းပြချက် ဖြစ်ခဲ့သလို၊ သန်းခေါင်စာရင်း ကောက်ယူမည်ဟု ဆိုရာတွင်လည်း မဲစာရင်းမှန်ကန်ရေးကို အကြောင်းပြပြန်သည်။ ထို့ကြောင့် မဲစာရင်းသည် ၎င်းအတွက် လိုရာသုံး ဂျိုကာ ဖဲတစ်ချပ်အဖြစ် အသုံးတော်ခံလျက်ရှိသည်။

သို့သော် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသမျှ ပွဲတိုင်းရှုံး မင်းအောင်လှိုင် ဖြစ်နေမည်သာ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button