အာဏာသိမ်း စစ်တပ်ကို လူသိထင်ရှားထောက်ခံသူနှစ်ဦး ရန်ကုန်မြို့တွင် ရက်ပိုင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသည်။
မေ ၂၆ ရက် မွန်းလွဲ ၁၂နာရီကျော်တွင် အမျိုးသားရေးအမည်ခံသည့် လှုပ်ရှားမှုများ၊ စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်ပြုလုပ်လေ့ရှိသည့် ဦးတင့်လွင်၊ မေ ၃၀ ရက် ညပိုင်းတွင် စစ်တပ်အတွက် ဝါဒဖြန့်သူ အဆိုတော် လီလီနိုင်ကျော်တို့ ပစ်သတ်ခံရခြင်းဖြစ်သည်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းနှင့် ဇေယျသိဒ္ဓိလမ်းထောင့် ရွှေသုခလက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် ဦးတင့်လွင်မှာ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသည်။
ဦးတင့်လွင်သည် စစ်တပ်ထောက်ခံသူများဖြင့် စုဖွဲ့ထားသည့် အမျိုးသားရေးအမည်ခံ Myanmar National Organization (MNO) အဖွဲ့ ဥက္ကဋ္ဌဖြစ်သည်။ စစ်တပ်ထောက်ခံပွဲများ၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (မဘသ) နှင့် စစ်တပ်က အာဏာမသိမ်းမီ ရွေးကောက်ပွဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုတွင် ဦးတင့်လွင်က တက်ကြွစွာပါဝင်လေ့ရှိသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော် ၂၀၂၂၊ ဇန်နဝါရီ ၁ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဦးတင့်လွင်ကို သေနတ်သမားသုံးဦးက လာရောက်ပစ်ခတ်ခဲ့ဖူးပြီး ထိုစဉ်က ပြင်းထန်စွာဒဏ်ရာရခဲ့ဖူးသည်။
ဒုတိယအကြိမ်ပစ်ခတ်ခံရချိန်တွင် အသက် ၆၇ နှစ်အရွယ် ဦးတင့်လွင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ နာရေးကို မေ ၂၈ ရက် မွန်းလွဲပိုင်းတွင် ခုတင် ၁၀၀၀ စစ်ဆေးရုံ အေးငြိမ်းဇရပ်၌ ပြုလုပ်ခဲ့ပြီး စစ်သင်္ချိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု သူ၏ လုပ်ဖော်ကိုင်ဖက် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂမှ ဦးသုစိတ္တက ၎င်း၏ Facebook စာမျက်နှာတွင် ရေးထားသည်။
ဦးတင့်လွင်၏ နာရေးတွင် နာမည်ကြီးအမျိုးသားရေးအစွန်းရောက်လှုပ်ရှားသူ ဝင်းကိုကိုလတ်၊ စစ်ကောင်စီ၏ လူမှုရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီမှတစ်ဆင့် ရွေးကောက်ပွဲဝင်ဖူးသူ နိုင်သူလတ်၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ၏ တရားရုံးချိန်းများတွင် ထောက်ခံဝန်းရံခဲ့သည့် မြတ်ဘုန်းမိုရ် စသူတို့ တက်ရောက်ခဲ့ကြောင်း ဦးသုစိတ္တ၏ Facebook တွင် ဖော်ပြထားသော ဓာတ်ပုံများတွင် တွေ့ရသည်။
ဦးတင့်လွင် ပစ်သတ်ခံရပြီး လေးရက်အကြာ မေ ၃၀ ည ၇ နာရီကျော်တွင် နာမည်ကျော် သင်္ကြန်သီချင်း “ကျီစားသလား” သီဆိုခဲ့သူ၊ စစ်ကောင်စီထောက်ခံကြောင်း ထုတ်ပြောလေ့ရှိသူ အဆိုတော် လီလီနိုင်ကျော်မှာ ရန်ကင်းမြို့နယ် (၂) ရပ်ကွက်၊ ရန်ရှင်းလမ်း နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။
အပြင်မှ ပြန်လာပြီး ကားပေါ်မှ ဆင်းရန် ပြင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယာဘက်ပါး (နားထင်အနီး) သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကာ ခုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လမ်းတွင် သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
အသက် ၅၈ နှစ်အရွယ် အဆိုတော် လီလီနိုင်ကျော်သည် ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ အချက်အလက်များကို လျှို့ဝှက်သတင်းပေးနေသော အကြီးစားဒလန်တစ်ဦးဖြစ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
ဦးတင့်လွင်ကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။
စစ်တပ်ထောက်ခံသူနှစ်ဦး ရှေ့ဆင့်နောက်ဆင့် သတ်ခံရပြီးချိန်တွင် စစ်တပ်ဝါဒဖြန့် Telegram channel များတွင် တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သူများ၊ သတင်းမီဒီယာများ၏ Facebook စာမျက်နှာတွင် မှတ်ချက်ရေးသားသူများကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။ နိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ထက်ဝက်ကျော်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလကုန်ကပင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)