သတင်း

ရခိုင်သတင်းဌာန ၂ ခု၊ AA တို့၏ ဝက်ဘ်ဆိုက်များကို ဖုန်းအော်ပရေတာ ၂ ခုက ပိတ်

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များကို ဖုန်းမှတဆင့် ဝင်ရောက်ကြည့်ရှု့ခွင့်ကို ပိတ်ပင်ခံထားရသည်ဟု သက်ဆိုင်ရာသတင်းဌာနများက Myanmar Now ကို ပြောသည်။

ပြည်နယ်တွင်းဖြစ်ပွားနေသည့် သတင်းများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြနေသည့် နီရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ ဝက်ဘ်ဆိုက်နှစ်ခုကို မတ် ၂၃ နှင့် ၂၄ တွင် ဆက်သွယ်ရေးအော်ပရေတာများက တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါသတင်းဌာန တာဝန်ရှိသူများက ဆိုကြသည်။

မတ် ၂၃ ကတည်းက ပိတ်ပင်ခံထားရသည့် နီရဉ္စရာသတင်းဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာကို မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ လေးခုအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကိုအသုံးပြု၍ ဖုန်းမှတဆင့် ဝင်ရောက်ကြည့်ရှုခွင့် မရတော့ခြင်းဖြစ်သည်။

အလားတူ မတ် ၂၄ က ပိတ်ပင်ခံရသည့် DMG သတင်းဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာကိုလည်း မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည် MPT၊ Telenor ၊ Ooredoo နှင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) နှင့် ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် Mytel အသုံးပြု၍ ဖုန်းမှတဆင့် ဝင်ရောက်ကြည့်ရှု့ခွင့်မရတော့ပေ။

“ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကို ဖုန်းအင်တာနက်နဲ့ ဝင်လို့မရခင်အထိ ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ မမျှော်မှန်းထားတဲ့ကိစ္စတွေ ဖြစ်လာတယ်။ သာမန်မဟုတ်တဲ့ Traffic (ဖတ်ရှုနှုန်း) တွေ၊ loading (ကြာချိန်) တွေ တအားတက်လာတယ်။ အဲဒီလိုတက်လာတော့ ဝက်ဘ်ဆိုက်လုံခြုံရေးကို နည်းနည်းမြှင့်တင်လိုက်တယ်။ အဲဒီကိစ္စပြီးကတည်းက ဖုန်းအင်တာနက်နဲ့ ဝင်မရတော့ဘူး” ဟု DMG သတင်းဌာနမှ ဝက်ဘ်ဆိုက်အော်ပရေးရှင်းမန်နေဂျာ ဦးညိုထွန်းက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာများထံ စာပို့ အကြောင်းကြားထားသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိသေးဟု ဆိုသည်။

နီရဉ္စရာသတင်းဌာနမှ ရုပ်သံအယ်ဒီတာ ဦးနောင်ခိုင်အောင်ကမူ ၎င်းတို့အနေဖြင့် ဆက်သွယ်ရေးအော်ပရေတာများထံ အကြောင်းကြားခြင်းမရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ပြောသည်။

ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနနှစ်ခုအပြင် ကရင်ပြည်နယ်အခြေစိုက် Karen News သတင်းဌာနကိုလည်း MPT အသုံးပြု၍ ဖုန်းမှတဆင့်ကြည့်ရှု၍ မရပေ။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များကို ပိတ်ပင်ရန် သီးခြားညွှန်ကြားထားခြင်းမရှိသော်လည်း သတင်းမှားများ ထုတ်ဝေဖြန့်ဖြူးနေသည့် အင်တာနက်စာမျက်နှာများနှင့် လိင်ဖျော်ဖြေရေးအင်တာနက်စာမျက်နှာများကို တားမြစ်ပိတ်ပင်ရန် ဆက်သွယ်ရေးအော်ပရေတာလေးခုထံ မတ် ၂၁ က ညွှန်ကြားထားကြောင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

ရခိုင်အခြေစိုက်သတင်းဌာနနှစ်ခုကို အင်တာနက်ပိတ်ပင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သီးခြားညွှန်ကြားထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဌာနတစ်ခုတည်း မဟုတ်ဘူးလေ။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မူတည်ပြီး စိစစ်တယ်။ သတင်းအမှားတင်တာ တွေ့ရှိလို့ ပိတ်ပင်တာလည်းဖြစ်မှာပါ။ စိစစ်တာက ချယ်နယ်အမျိုးမျိုးကလာတာ။ သက်ဆိုင်ရာဌာနအလိုက်ပဲ။ သတင်းပေးတာတွေလည်း ရှိတယ်” ဟု ဦးမျိုးဆွေက ပြောသည်။

ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေမည့် သတင်းအမှားများကို ပိတ်ပင်ရန်နှင့် ကလေးသူငယ်လိင်မှုဆိုင်ရာကိစ္စများ၊ သက်ငယ်မုဒိမ်းမှုများကို လျှော့ချလိုသောကြောင့် ယခုကဲ့သို့ ဆက်သွယ်ရေးအော်ပရေတာများကို ညွှန်ကြားရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အော်ပရေတာတွေကို စိစစ်ပြီး တားမြစ်ပိတ်ပင်ဖို့ ညွှန်ကြားထားတာ ဟုတ်ပါတယ်။ ဘယ်ဟာကတော့ Porn Site (လိင်ကိစ္စဆိုင်ရာ ဝက်ဘ်ဆိုက်) တွေ၊ လိင်မှုဆိုင်ရာကိစ္စတွေ၊ သတင်းအမှားတွေဖြန့်နေတာတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက သတင်းပို့တာတွေလည်း ရှိတယ်။ ဒါတွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေက စိစစ်ပြီးပိတ်တာပါ” ဟု ဦးမျိုးဆွေက ပြောသည်။

သတင်းအမှားတင်သည့် ဝက်ဘ်ဆိုက် နှင့် လိင်ဖျော်ဖြေရေးဆိုင်ရာ ဝက်ဘ်ဆိုက်များ၊ ပိတ်ပင်လိုသည့် ဝက်ဘ်ဆိုက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် စိစစ်၍ အော်ပရေတာလေးခုထံ ပေးပို့ထားသည်ဟု ဆိုသော်လည်း အရေအတွက်အတိအကျ မည်မျှရှိသည်ကို မသိရပေ။

သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များကို ဖုန်းအင်တာနက်မှတဆင့် ဝင်ရောက်ကြည့်ရှု့ခွင့်ပိတ်ပင်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများကို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

တစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဝက်ဘ်ဆိုက်ကိုလည်း Telenor နှင့် Ooredoo ဖုန်းအင်တာနက်များဖြင့်သာ ကြည့်ရှု့နိုင်ပြီး MPT နှင့် MyTel တို့ကမူ ပိတ်ပင်ထားသည်။

အထက်ပါ ဝက်ဘ်ဆိုက်များကို ရခိုင်ပြည်နယ်တွင် နေထိုင်သူများပင်မကဘဲ တစ်နိုင်ငံလုံးမှ MPT, MyTel, Ooredoo, Telenor အသုံးပြုသူများပါ ဝင်ရောက်ကြည့်ရှု၍ မရခြင်းဖြစ်သည်။

ထို့အပြင် လိင်ဖျော်ဖြေရေးအင်တာနက်စာမျက်နှာများဖြစ်သည် PornHub နှင့် YouPorn တို့၏ အင်တာနက်စာမျက်နှာများကို အော်ပရေတာလေးခုစလုံးမှ မတ် ၂၃ ကတည်းက ကြည့်ရှု့ခွင့် မရတော့ပေ။

ပိတ်ပင်ခံရသည့် တိုင်းရင်းသားမီဒီယာနှင့် လူ့အခွင့်အရေးဝက်ဘ်ဆိုက်များစာရင်း အတိအကျရဖို့ ပြုစုနေကြောင်း Myanmar ICT for Development Organization (MIDO) အဖွဲ့ ၏ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က Myanmar Now ကို ပြောသည်။

အကယ်၍ ဒီဆိုက်တွေကို ဆင်ဆာလုပ်ဖို့အတွက် အစိုးရက အမိန့်ပေးတယ်လို့ သက်သေပြနိုင်မယ်ဆိုရင်တော့ ဒါဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို အကြီးအကျယ်တိုက်ခိုက်မှု ဖြစ်လာမှာပါ။ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ လက်ရှိ အင်တာနက်ပိတ်ထားတဲ့အပေါ်မှာလည်း စိုးရိမ်ပူပန်မှုအကြီးအကျယ် ရှိနေဆဲပါ။ ဘယ်တုန်းကနဲ့မှ မတူအောင် ဒီကနေ့ခေတ်မှာ သတင်းအချက်အလက်ရရှိဖို့ ပိုမိုလိုအပ်နေပါတယ်။ ဒါဟာ သေရေးရှင်ရေးကိစ္စလို့ ပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်တွင် အင်တာနက်လိုင်းပိတ်ထားခြင်းအပေါ် စိုးရိမ်မှု

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ၉ မြို့နယ်တွင် အင်တာနက်လိုင်းများဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံ စစ်ဘေးရှောင်များအတွက် စိုးရိမ်မိကြောင်း လွှတ်တော်ရပ်နားကြောင်း ကြေညာရင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ မတ် ၂၅ တွင် ပြောကြားခဲ့သေးသည်။

“အထူးသဖြင့် ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတစ်သိန်းခွဲကျော်အတွက် အထူးရင်လေးမိပါတယ်” ဟု ဦးစံကျော်လှက ဆိုသည်။

၂၀၁၉ ခုနှစ် ဇွန် မှစ၍ ၉ လကြာမြင့်လာသည့် အင်တာနက်ဖြတ်တောက်မှုတွင် ရခိုင်မြောက်ပိုင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ပါဝင်သည်။ မြို့နယ်အချို့ကို အင်တာနက် ခေတ္တပြန်ဖွင့်ပေးခဲ့သော်လည်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီးနောက် ပြန်လည်ဖြတ်တောက်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုများအတွက် ပြည်နယ်လွှတ်တော်တွင် အဆိုပြုတောင်းဆိုခဲ့ဖူးသလို အရပ်ဘက်အဖွဲ့အစည်းများကလည်း တစိုက်မတ်မတ် တောင်းဆိုမှုများရှိနေသော်လည်း အစိုးရ၏ တုံ့ပြန်မှုကို မတွေ့ရသေးကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင်က ဆိုသည်။

(‘အသံ’ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့၏ အင်တာနက်စာမျက်နှာကို Telenor ဖုန်းအင်တာနက်ဖြင့် ဝင်ရောက်ဖတ်ရှုမရဟု မူလက ရေးသားထားခဲ့သဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်)

Show More

Related Articles

Back to top button