သတင်း

တိုးရစ်ဘားမား အဆောက်အအုံအငြင်းပွားမှု ရန်ကုန်တိုင်းအစိုးရကို တရားပြိုင်အဖြစ်တင်သွင်း

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ တိုးရစ်ဘားမားအဆောက်အအုံ ပိုင်ဆိုင်မှု အငြင်းပွားမှုတွင် တရားစွဲထားသည့် မူလပိုင်ရှင်မိသားစုဆိုသူက တရားပြိုင်စာရင်းတွင် တိုင်းဒေသကြီးအစိုးရကိုပါ ထည့်သွင်းပေးရန် တိုင်းဒေသကြီးတရားလွှတ်တော်ကို ပြီးခဲ့သည့်လက လျှောက်ထားခဲ့သည်ဟု တရားလိုရှေ့နေက ပြောသည်။

မူလပိုင်ရှင်ဆိုသူ မုဟမ္မဒ် အီဘရာဟင် မန်နီး မိသားစုသည် ထိုအဆောက်အအုံကို ပြုပြင်ရေးလုပ်ငန်းများ လုပ်ခဲ့သည့် ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီကို ပြီးခဲ့သည့်နှစ် ဧပြီလက စတင် တရားစွဲဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ထိုသို့ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ကုမ္ပဏီက တရားရုံးတွင် ထုချေချက် တင်သွင်းခဲ့သဖြင့် တိုင်းအစိုးရကိုပါ တရားပြိုင်ထည့်သွင်းပေးရန် လျှောက်ထားရခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းက Myanmar Now ကို ပြောသည်။

အဆောက်အအုံကို ထိန်းသိမ်းစီမံခန့်ခွဲခွင့် ရရှိစေရန်နှင့် နစ်နာကြေးငွေ ကျပ်သိန်းငါးသောင်း ရရှိစေရန် ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရက လွှဲအပ်လို့၊ ခိုင်းစေလို့၊ ညွှန်ကြားလို့ တစ်ခုခုပေါ့(ကုမ္ပဏီဘက်က) အဲဒီလိုပြောလာတော့ နစ်နာသူ ပိုင်ရှင်အစစ်အမှန် ဖြစ်တယ်လို့ ခံယူထားသူ ဦးဘီလားဘက်က ဒါဆိုရင်တော့ အဲဒီအစိုးရအဖွဲ့ကိုလည်း တရားပြိုင်အဖြစ် ထည့်ပေးပါဆိုလို့ တရားရုံးကို တရားဝင်လျှောက်လွှာတင်ပြီးပြီဗျ” ဟု ဦးကျော်ငြိမ်းက ပြောသည်။

ယခုအမှုတွင် ရန်ကုန်တိုင်းအစိုးရ ပါဝင်လာမည်ဆိုပါက စာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်များကြောင့် ဝေဖန်မှုများမြင့်တက်နေသည့် တိုင်းအစိုးရအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

အဆိုပါအဆောက်အအုံကို တိုင်းဒေသကြီးအစိုးရက ၎င်းတည်ထောင်ထားသည့် ကုမ္ပဏီအား ပြုပြင်စေခဲ့ရာ ရုံးဟောင်းပြုပြင်ခြင်း လုပ်ငန်းအတွက် ကျပ် ၁၉၂ ဒသမ ၃၆၃ သန်း သုံးစွဲထားကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပါရှိသည်။

၎င်းအစီရင်ခံစာကို ဆွေးနွေးသည့်အခါ တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှန်တကယ် ပိုင်ဆိုင်မှုမရှိသည့် စီမံကိန်းတစ်ခုအပေါ်တွင် သုံးစွဲထားခြင်းဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးနေရသည်ဟု ဆိုသည်။

ဆူးလေဘုရားလမ်းပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးဟောင်းကို ၂၀၁၇ ခုနှစ် ဇွန်လတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းအဆောက်အအုံကို ပြည်သူ့အိမ်ရာစီမံကိန်းများ ဦးစီးကော်မတီရုံး ဖွင့်လှစ်ရန်အတွက် ကြံ့ခိုင်မှုနှင့် ရှေးမူမပျက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းအစိုးရက ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီ (Yangon Metropolitan Development Public Co., Ltd) ကို လုပ်ဆောင်စေခဲ့သည်။

ရန်ကုန်မက်ထရိုပိုလီတန် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့မှာလည်း ယင်းအဆောက်အအုံပိုင်ဆိုင်မှုအပေါ် တရားရုံးတွင် ဖြေရှင်းနေရကြောင်း ဒေါ်စန္ဒာမင်းက တိုင်းလွှတ်တော်တွင် ပြောသည်။

ရန်ကုန် မက်ထရိုပိုလီတန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးမူအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားပြုဒါရိုက်တာ ၆ ဦး၊ မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြုဒါရိုက်တာ ၅ ဦး တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tourist Burma အဆောက်အအုံ (နောင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အဆောက်အအုံ) ကို ၁၉၁၈ ခုနှစ် မေလတွင် မုဟမ္မဒ် အီဘရာဟင် မန်နီးက ဝယ်ယူ ထားခဲ့ခြင်းဖြစ်ပြီး ထိုအဆောက်အအုံကို မိသားစု သားစဉ်မြေးဆက် ထိန်းသိမ်းစီမံခန့်ခွဲခွင့်၊ အကျိုးခံစားနိုင်ရန် မြန်မာနိုင်ငံတရားဥပဒေ ပုဒ်မ ၁၃(၁)၊ အစ္စလာမ် တရားဥပဒေများနှင့်အညီ မိသားစု ‘ဝကဖ်’ (ဂေါပက) ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မြစ်တော်စပ်သူ ဦးဘီလားက ပြောသည်။ 

ဝကဖ်ဆိုသည်မှာ မွတ်စလင်တစ်ဦးက ၎င်းပိုင်ဆိုင်သည့် မြေယာ၊ အဆောက်အအုံစသည်ကို ပညာရေး၊ ဘာသာရေး၊ ပရဟိတ ကိစ္စတစ်ရပ်အတွက် ရည်စူးထားခြင်းဖြစ်ပြီး ဂေါပကအဖွဲ့က စီမံကွပ်ကဲကာ ရောင်းချခွင့်မရှိခြင်းကို ဆိုလိုသည်။

လွတ်လပ်ရေးရပြီးနောက် The Requisitioning Emergency Provisions Act 1947 (၁၉၄၇ ခုနှစ်အရေးပေါ်စီမံမှု ဥပဒေ) အရ အစိုးရက ထိုအဆောက်အအုံကို ရယူသုံးစွဲခဲ့ပြီး ၎င်းတို့ မိသားစုဂေါပကအား လစဉ်ငှားရမ်းခများ တရားဝင်ပြေစာဖြင့် ပေးအပ်ခဲ့ရာ ၂၀၀၈ ခုနှစ်ထိ ငှားရမ်းခများ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ပိုင်ဆိုင်မှု အစစ်အမှန်ဖြစ်တယ်ဆိုတာ ၁၉၁၈ ခုနှစ်ကတည်းက အဝယ်စာချုပ်၊ အစဉ်အလာအတိုင်း နောက်ဆုံးအထိ ပိုင်ဆိုင်မှုအထောက်အထား အကုန်လုံးရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

၂၀၀၈ ခုနှစ်တွင် အစိုးရဝန်ကြီးဌာနရုံးများ ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီးနောက် ယိုယွင်းပျက်စီးနေသည့် ထိုအဆောက်အအုံကို ပြင်ဆင်လိုသည့်အတွက် ၎င်းတို့မိသားစုထံသို့ ပြန်လည်ပေးအပ်ရန် အစိုးရအား တောင်းဆိုခဲ့ကြောင်း၊ အဆောက်အအုံ ငှားရမ်းခကိုလည်း ဆက်လက်လက်ခံခြင်းမရှိတော့ကြောင်း ၎င်းက ပြောသည်။

၎င်းတို့ မိသားစုအနေဖြင့် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ချိန်အထိ ကာလပေါက်ဈေးအတိုင်း ငှားရမ်းခများ မရရှိခဲ့သည့်အပြင် အစိုးရထံသို့လည်း အကြောင်းကြားစာပေါင်းများစွာ ပေးပို့ခဲ့ပြီး ၎င်းတို့မိသားစုပိုင် အဆောက်အအုံကို ပြန်လည်ရရှိရန် တောင်းဆိုခဲ့ကြောင်း၊ မထူးခြားလာသည့်အပြင် ၂၀၁၂ ခုနှစ်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထိုအဆောက်အအုံကို အစိုးရပိုင်အဆောက်အအုံအဖြစ် လေလံတင်ရောင်းချရန် ကြိုးပမ်းခဲ့သည့်အတွက် ကန့်ကွက်ခဲ့ရကြောင်း၊ တရားစွဲဆိုရခြင်းမှာလည်း နောက်ဆုံးအခြေအနေဖြစ်၍ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံသားတစ်ယောက်အနေနဲ့ ခံစားရတာကတော့ နိုင်ငံတော်က လိုအပ်တဲ့အချိန်မှာ ကျွန်တော်တို့က ဘာမှ မတောင်းဆိုခဲ့ဘူး။ ခုလို ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျွန်တော်တို့မိသားစုရဲ့ ရပိုင်ခွင့်အတိုင်း ပြန်ပြီး လွှဲပြောင်းယူချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးဟောင်းအဆောက်အအုံ ပိုင်ဆိုင်မှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တရားပြိုင်အဖြစ် ရန်ကုန်တိုင်းတရားလွှတ်တော်သို့ တင်သွင်းထားသည့် အမှုကို ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ဆက်လက်ကြားနာသွားမည်ဖြစ်သည်။

Show More

Related Articles

Back to top button