သတင်း

ရန်ကုန်တိုင်း ထွေအုပ်ညွှန်မှူးကို စစ်ကောင်စီ ဖမ်းဆီး 

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးဇော်နှင့် ကိုယ်ရေးအရာရှိကို ယမန်နေ့ (မေ ၁၆) ညပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေကြောင်း တိုင်းအစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ရန်ကုန်ရှိ အဆင့်မြင့်ဆုံး ထွေအုပ်အရာရှိကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေးနေခြင်းဖြစ်ကာ ဤအမှုသည် မကြာမီက ဖမ်းဆီးအရေးယူခံထားရသည်ဆိုသော စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ် ဦးလှစိုးနှင့် ဆက်စပ်နိုင်သည်ဟုလည်း အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်ကို မနေ့ညက စရဖက ဖမ်းဆီးစစ်နေတယ်လို့ သိရတယ်။ သူ့ရဲ့ PSO လဲ ပါတယ်။ အရင်ဝန်ကြီးချုပ်ရဲ့ အမှုနဲ့ ဆိုင်လောက်တယ်” ဟု ထိုသူက Myanmar Now ကို ပြောသည်။

အသက် ၆၀ ဝန်းကျင်ရှိ ဦးစိုးစိုးဇော်သည် ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တိုင်းအတွင်းရေးမှူးတာဝန်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယင်းမတိုင်မီက ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု သိရသည်။ 

ရန်ကုန်တိုင်းလွှတ်တော်၏ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌတစ်ဦးကလည်း ဦးစိုးစိုးဇော် ဖမ်းဆီးခံရသည့် သတင်းကို အတည်ပြုပြီး ထိုသို့ ဖမ်းဆီးခံရခြင်းမှာ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို စွဲဆိုထားသည့် အဂတိအမှုနှင့် ဆက်စပ်နေသည်ဟု ပြောသည်။  

“အာဏာသိမ်းတော့လည်း CDM လုပ်တဲ့အထဲမှာ ပါဝင်လာတာ မရှိပါဘူး။ သူက ဟိုဘက်ကပါပဲ။ ကျွန်တော်တို့ရှိတုန်းကတော့ သူက အလိုက်အထိုက်တော့ ဆက်ဆံတာပါပဲ။ ကျွန်တော်ထင်တာတော့ သူ့ဆရာဖြစ်တဲ့ ဦးလှစိုး (ရန်ကုန်တိုင်းဝန်ကြီးချုပ်) ကိစ္စနဲ့တော့ ဆက်စပ်မယ်လို့ ထင်ပါတယ်” ဟု လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌဟောင်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ ခန့်အပ်ခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးလှစိုးကို ရန်ကုန်တိုင်း ဒလမြို့နယ် သမ္မတကမ်းခြေရှိ လယ်ယာမြေများအား ကိုယ်ကျိုးစီးပွားသုံးစွဲမှုဖြင့် ယခုနှစ် ဇန်နဝါရီ ၃၁ တွင် ရာထူးမှ ဖြုတ်ချခဲ့ပြီး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ထို့ပြင် လယ်ယာမြေများအား အခြားသုံးစွဲခွင့် (လန-၃၉) ထုတ်ပေးသည့် အမှုနှင့် ဆက်စပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးကို ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

ထိုအမှုနှင့် ဆက်စပ်ပြီး မတ် ၂၃ တွင် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်မြေယာဌာန၊ ဌာနမှူးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ဧရာဝတီသတင်းဌာနက မတ် ၂၄ တွင် ဖော်ပြသည်။ 

ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးမှာ ယခင် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း၏ မိသားစုအား ဒလမြို့နယ်၊ သမ္မတကမ်းခြေရှိ လယ်ယာမြေများကို အခြားသုံးစွဲခွင့်ထုတ်ပေးမှုနှင့်ဆက်စပ်နေသည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် တိုင်းအစိုးရအဖွဲ့ ထိပ်တန်းရာထူးတွင် ရှိနေသူများကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေသည်ဆိုသော်လည်း အသေးစိတ် မသိရှိရပေ။ စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိပေ။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်များနှင့် NLD အစိုးရလက်ထက် ဝန်ကြီးချုပ်များကို စစ်ကောင်စီက ဖမ်းဆီးအရေးယူရာ၌ အဂတိလိုက်စားမှုများဖြင့်ပါ တရားစွဲဆိုထားသည်။ 

ရန်ကုန်တိုင်းရှိ အဆင့်အမြင့်ဆုံး ထွေအုပ်အရာရှိ ဦးစိုးစိုးဇော်မှာ စစ်ကောင်စီလက်ထက်တွင် ဒုတိယမြောက်အရေးယူခံရသည့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သည်။

မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်ကို အစည်းအဝေးမှတ်တမ်း အသံဖိုင်ပေါက်ကြားမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် ဖမ်းခဲ့သည်ဟု သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို မဆိုင်းမတွ ဖမ်းဆီးအရေးယူလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button