
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းနှစ်ဦးသည် ဇွန် ၂၁၊ ၂၂ ရက်တို့တွင် ဓားဖြင့်တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါရုံးပတ်ဝန်းကျင်တွင် နေထိုင်သူတချို့က အတည်ပြုသည်။
ဇွန် ၂၁ မွန်းတည့်ချိန်ခန့်က အဆိုပါရုံးဌာန၏ ယာဉ်မောင်းဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဦးနန်းသိမ်းကို ရုံးနှင့် ကိုက်၂၀ခန့်အကွာနေရာ၌ လူတစ်ဦးက ဓားဖြင့် အချက်ပေါင်းများစွာထိုးခဲ့သည်ဟု သိရသည်။
“(ဓားနဲ့ထိုးလိုက်ပြီး) လဲသွားတော့ သူက အပေါ်ကနေ ထပ်ခွတယ်၊ ထိုးတယ်၊ ကျောကုန်းတို့ လည်ပင်းတို့ပေါ့ဗျာ။ ပြီးလည်းပြီးရော သူထွက်ပြေးသွားတယ်” ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသားတစ်ဦးက ပြောသည်။
သတိလစ်နေဆဲဖြစ်သည့် ဦးနန်းသိမ်း ဆေးရုံတွင် ရှိနေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကြည့်မြင်တိုင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဇွန် ၂၁ရက်တွင် ခရိုင်ရုံးသို့ပို့သည့် အကြောင်းကြားစာတစ်စောင်ကို Myanmar Now က ရရှိထားပြီး ယာဉ်မောင်း (၅) အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးနန်းသိမ်း ဓားထိုးခံရသဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။
ဦးနန်းသိမ်းသည် ဒလန်လုပ်နေသောကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယူဆသည်။
“အဓိကက ဒလန်လုပ်တာကတစ်ကြောင်း၊ ရန်ငြိုးအနည်းငယ်ရှိတာတစ်ကြောင်းလို့ သိရပါတယ်။ ညဆို ဗိုလ်သူရလမ်းမ (ထွေအုပ်ရုံးတည်ရှိသည့်လမ်း) ပေါ် ကင်းပုန်းစောင့်ပြီး ရဲတွေလာရင် သတင်းပေးတိုင်တန်းနေကျလူပါရှင့်” ဟု ထိုအမျိုးသမီးက မှတ်ချက်ပြုသည်။
ထို့အတူ ဇွန် ၂၂ နံနက် ၁၀နာရီခန့်တွင်လည်း အဆိုပါထွေအုပ်ရုံးအတွင်းသို့ အမျိုးသားတစ်ဦးက ဝင်ရောက်ကာ ဓားဖြင့်ခုတ်ခဲ့ပြန်သဖြင့် ရုံးဝန်ထမ်း ဦးဝေတင့်အောင်ဆိုသူမှာ လက်နှစ်ဖက်တွင် ပြတ်ရှဒဏ်ရာများရခဲ့သေးကြောင်း အထက်ပါ အမျိုးသမီးထံမှ သိရသည်။
ဓားခုတ်ခံရချိန်တွင် ရုံးအတွင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဦးဝေတင့်အောင်အပါအဝင် ရုံးဝန်ထမ်းလေးဦးရှိနေပြီး အဆောက်အအုံဝင်ပေါက်တံခါးအကွယ်တွင် ရှိနေသည့် ဓားရှည်ကိုယူကာ ရန်ပြုခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါဖြစ်ရပ်နှစ်ခုပေါ်ပေါက်ပြီးနောက်တွင် ယခင်က အစောင့်အကြပ်မထားရှိသည့် ကြည့်မြင်တိုင်ထွေအုပ်ရုံးရှေ့တွင် စစ်သားနှင့် ရဲများ လုံခြုံရေးယူထားသလို ရပ်ကွက်အတွင်း လိုက်လံစစ်ဆေးမေးမြန်းနေကြသည်ဟုလည်း ဒေသခံတို့က ဆိုသည်။
ယင်းကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာထွေအုပ်ရုံးဝန်ထမ်းများနှင့် စစ်ကောင်စီထံသို့ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ရန်ကုန်ရှိ မြို့နယ်များထဲတွင် ကြည့်မြင်တိုင်လည်းပါဝင်သည်။
ကြည့်မြင်တိုင်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်လေ့ရှိသော်လည်း စစ်ကောင်စီသတင်းပေး(ဒလန်) ဟု ယူဆခံရသူများ ယခုကဲ့သို့ ရန်ပြုခံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။