သတင်း

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် သတင်းသမားနှင့် လူငယ် ၁၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယမန်နေ့ (စက်တင်ဘာ၁၃) ညနေက ဆန္ဒပြသပိတ်ပြုလုပ်ရန် ပြင်ဆင်နေစဉ် ပစ်ခတ်ဖြိုခွင်းခံရပြီး အနည်းဆုံး ၁၅ ဦး ဖမ်းဆီးခံရသည်ဟု သပိတ်တွင် ပါဝင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံ၏ကိုယ်စားပြုသံအမတ်အဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်အတည်ပြုရန် ကုလသမဂ္ဂကို တောင်းဆိုဆန္ဒပြရန် ပြင်ဆင်နေစဉ် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သပိတ်တွင်ပါဝင်သည့် ကိုသူရ(အမည်လွှဲ)က Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့လူတွေ ဘန်နာ စဖြန့်ချိန်မှာပဲ အိမ်စီးကားတွေပေါ်က ဆင်းလာပြီး ဝင်ဖမ်းတာပါ။ ဘန်နာဖြန့်နေသူတွေနဲ့ ရဲဘော် တော်တော်များများ ပါသွားတယ်” ဟု သူက ဆိုသည်။

ထိုဖမ်းဆီးခံသူများထဲတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြုအဖွဲ့အစည်း)၊ အခြေခံကျောင်းသားလူငယ်များအစည်း အရုံး(အကလ-ဗဟို) ၊ Myanmar Labour Alliance ၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်းတော်ကိုယ်ပိုင်ကျောင်း ကျောင်းသားများသမဂ္ဂ၊ Owl Community တို့မှ လူငယ်များနှင့် သတင်းထောက် ၂ ဦး၊ စုစုပေါင်း ၁၅ ဦး ပစ်ခတ် ဖမ်းဆီးခံရသည်ဟု ရေဘဝဲ(ပြည်သူ့အကျိုးပြုအဖွဲ့အစည်း)က ထုတ်ပြန်သည်။

မှန်စတေကာအနက်ရောင်ဖြင့် အိမ်စီးကားတချို့က ပန်းပင်ကြီးလမ်းအတွင်း ကြိုတင်စောင့်ဆိုင်းရောက်ရှိနေပြီး အရပ်ဝတ်များက ပစ္စတိုသေနတ်များဖြင့် စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်ဟု ကိုသူရက ပြောသည်။

“အရင်သပိတ်တွေကို ဖမ်းသလို မဟုတ်ဘူး။ အခုက သတင်းအချက်အလက်ပေါက်ပြီး ကြိုစောင့်နေကြတာပါ” ဟု သူက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် ကိုနေမင်းထွန်း၊ ကိုအေးချမ်းအောင်၊ ဒေါ်ဇူးဇူးရာခိုင်၊ ဒေါ်ယမင်းကေသွယ်ခိုင်နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) မှ အဖွဲ့ဝင်များဖြစ်ပြီး ယာဉ်မောင်း ဦးသန်းဇော်လည်း ဖမ်းဆီးခံလိုက်ရသည်ဟု CTUM က ထုတ်ပြန်ထားသည်။

“ကားကို ပွဲနား(ဆန္ဒပြပွဲပြုလုပ်မည့်နေရာ)ရပ်ထားတော့ ကားပေါ်ကမဆင်းရသေးခင် ပစ္စတိုနဲ့ ထောက် ဖမ်းသွား တယ်” ဟု ဆန္ဒပြလူငယ်တစ်ဦးက ဖမ်းဆီးခံသူများအခြေအနေကို ပြောသည်။

သပိတ်တွင် ပါဝင်သူတစ်ဦး ပစ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်  ပစ်ခတ်ဖမ်းဆီး၍ တစ်ဦး ဒဏ်ရာရသည်ဟုသာ သိရပြီး ၎င်းနှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။ 

အခြားလူငယ်တစ်ဦးမှာလည်း ခြေထောက်ကျည်ထိမှန်ဒဏ်ရာရပြီး နောက်တစ်ဦးမှာ လမ်းထိပ်ကို ထွက်ပြေးစဉ် ရိုက်နှက်ကန်ကျောက်ခံရကာ အဖမ်းခံရလိုက်ရကြောင်း ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ပန်းပင်ကြီးလမ်းအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ကလေးတွေ ကျွန်မတို့ ကားဘေးက ဖြတ်ပြေးတော့ မာဖီ (အရပ်ဝတ်) နဲ့ သူတို့က လိုက်ဖမ်းတယ်။ သူခိုး ဖမ်း ဖမ်း ဆိုပြီး အော်လိုက်တော့ ပန်းပင်ကြီးလမ်းထိပ်က လူတွေက ဖမ်းတယ်။ သူတို့က သေနတ် နှစ်ချက်ပစ်တယ်” 

လက်ရှိတွင် ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ သတင်းတစ်စုံတစ်ရာ မကြားရပေ။ 

“ကျန်ခဲ့တဲ့ ရဲဘော်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ၂ ဆကြိုးစားပြီးလုပ်သွားမှာပါ” ဟု ကိုသူရက ပြောသည်။

ကားဖြင့်တိုက်ဖြိုခွင်းခံရပြီးနောက် စစ်သားများ၊ ရဲများနှင့်အတူ ဖမ်းခံထားရသူ လူငယ်အချို့ကို တွေ့ရစဉ်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅  နံနက်ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ် များကို အရှိန်ဖြင့်မောင်းလာသော စစ်ကားဖြင့် ဝင်တိုက်ကာ ရက်ရက်စက် စက်ဖြိုခွင်းခဲ့သည်။ 

ထိုစဉ်က ရုပ်သံမှတ်တမ်း၊ ဓာတ်ပုံများနှင့် ဖြစ်စဉ်ကိုသိရှိသူများ၏ အဆိုအရ ကားဖြင့်ဝင်တိုက်ခိုက်ခံရစဉ် လူ ၆ ဦးခန့် လွင့်စင်လဲကျခဲ့သည်။ 

ထိုဖြစ်စဉ်တွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဒဏ်ရာရရှိထားသူ အမျိုးသားနှစ်ဦးမှာ မစိုးရိမ်ရဘဲ အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း စစ်ကောင်စီ က သတင်းထုတ်ပြန်ထားခဲ့သည်။

ယခုနှစ် ဇန်နဝါရီ ၁၀ ရက်က အသက် ၁၉ နှစ်အရွ်ယ် ကိုဗိုလ်ထက်ဆိုသူ လူငယ်ကို  အောက်ကြည့်မြင်တိုင်လမ်း နှင့် အပေါ်လမ်းကြားရှိ ဥယျာဉ်လမ်းအတွင်း စစ်သားနှစ်ဦးက ပစ်သတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button