သတင်း

ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူလူငယ်ကို သင်္ဂြိုဟ်ရာတွင် မျက်နှာသာမြင်ခဲ့ရ

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် ဇန်နဝါရီ ၁၀ ရက်က ပစ်ခတ်ဖမ်းဆီးခံရစဉ် သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီ၏အစီအစဉ်ဖြင့် သင်္ဂြိုဟ်ရာတွင် မိသားစုဝင်များအနေဖြင့် မျက်နှာသာမြင်ခဲ့ရကြောင်း နီးစပ်သူနှစ်ဦးထံမှ သိရသည်။

သေဆုံးသူမှာ ကိုဗိုလ်ထက်ဆိုသူ လူငယ်ဖြစ်ပြီး ပြီးခဲ့သည့် တနင်္လာနေ့ညနေပိုင်းက အောက်ကြည့်မြင်တိုင်လမ်းနှင့် အပေါ်လမ်းကြားရှိ ဥယျာဉ်လမ်းအတွင်း စစ်သားနှစ်ဦးက ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသော်လည်း မည်သည့်အချိန်တွင် သေဆုံးသည်ကို မသိရပေ။

မိသားစုဝင်များက ကြည့်မြင်တိုင်ရဲစခန်းကို သွားရောက်စုံစမ်းစဉ် ပစ်ခတ်ဖမ်းဆီးပြီး မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးရုံသို့ တစ်ခါတည်း ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၂ နံနက် ၉ နာရီတွင် အလောင်းလာထုတ်ရန် အသိပေးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူ့အမေက ကျွန်မသားလေးကလဲ အဆက်အသွယ်မရတော့လို့ပါ ဆိုပြီးတော့ သွားပြောတာ။ ခင်များနဲ့ ရိုက်ထားတဲ့ပုံ ပြဆိုလို့ ပြလိုက်တယ်။ အဲဒီကလေးဆိုရင်တော့ ခဏနေဦးဆိုပြီးတော့ မှတ်ပုံတင်တစ်ခုပြတယ်၊ ဒီကလေးဟုတ်လားဆိုပြီးတော့။ ဟုတ်ပါတယ်၊ ကျွန်မကလေးပါဆိုတော့ အဲဒီကလေးဆိုရင်တော့ မရှိတော့ဘူး။​ အဲဒီကလေး သေသွားပြီလို့ ပြောလိုက်တယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ 

ကိုဗိုလ်ထက်၏ ရုပ်အလောင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီအစီအစဉ်ဖြင့် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ရာတွင် မိသားစုဝင်များက မျက်နှာသာကြည့်ရှုခွင့်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“အကုန်လုံးက သူတို့ဘာသာ စီစဉ်လာတာ။ မိသားစုက ရေဝေးမှာ သွားစောင့်နေရတာ။ သုံးယောက်ပဲ လက်ခံတယ်တဲ့။ သင်္ဂြိုဟ်စက်ထဲ ထည့်ခါနီးမှာ ၅ မိနစ်လောက် မျက်နှာလေးပဲ ထုတ်ပြတယ်။ ကျန်တာကို မကြည့်ရဘူး” ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသမီးက ပြောသည်။ 

ကိုဗိုလ်ထက်၏ ရုပ်အလောင်းတစ်ခုလုံးကို အဝတ်ဖြူဖြင့် ထုပ်ထားကာ မျက်နှာတစ်ခုတည်းကိုသာ ဖော်ပြခဲ့သည်ဟု ဆိုသည်။

“ကလေးက ပါးစပ်ကနေ သွေးကျနေတဲ့ပုံမျိုး။ သွေးကတော့ ခြောက်နေပြီ။ တစ်ကိုယ်လုံးက လည်ပင်းအထိ အဝတ်ဖြူနဲ့ ပတ်ထားတယ်။ ခေါင်းဘယ်ဘက်အခြမ်းမှာ ချုပ်ရာတွေရှိတယ်။ တွန့်လိမ်တွန့်လိမ်နဲ့ လက်ညှိုးတစ်ချောင်းစာလောက်ရှည်ပြီး တော်တော်ကြီးတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ ကိုဗိုလ်ထက်နှင့် ပတ်သက်၍ စစ်ကောင်စီက မိသားစုဝင်များကို မည်သို့မျှ အသိပေးအကြောင်းကြားခြင်း မရှိကြောင်းလည်း သိရသည်။

ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုဗိုလ်ထက်နှင့် မိသားစု၏ လွမ်းသူ့ပန်းခွေ။ (ဓာတ်ပုံ​ – ပေးပို့) 

ကြည့်မြင်တိုင်ရဲစခန်းကို မိသားစုက သွားရောက်စုံစမ်းစဉ်နှင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ အလောင်းသွားထုတ်စဉ် စစ်သားအချင်းချင်း ပြောဆိုနေသည်မှ သိရသည်မှာ ပစ်ခတ်ဖမ်းဆီးစဉ် သေနတ်ပြန်လုသည့်အတွက် ထပ်မံပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်သားတွေက တစ်ယောက်က ခေါ်ပေးပြီး တစ်ယောက်က လက်နှိပ်စက်နဲ့ ရေးတာကတော့ အစပထမ လက်မောင်းကို ကျည်ထိတယ်။ အဖမ်းခံရတဲ့အချိန်မှာ ပြန်ပြီးတော့ လုံးတယ်။ လုံးပြီးတော့ သေနတ်ကို လုတဲ့အတွက်ကြောင့်မလို့ သေနတ်မှန်သွားတယ်။ ပြီးတော့ အရေးပေါ်အတွင်းလူနာအနေနဲ့ ခုတင် ၁၀၀၀ ရောက်တဲ့ ပုံစံမျိုးလို့ ရေးတာ ကြားလိုက်တယ်တဲ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကိုဗိုလ်ထက် အဖမ်းမခံရခင် နောက်ဆုံးတွေ့လိုက်ရသည့် မိတ်ဆွေတစ်ဦး၏ အဆိုအရ ကြည့်မြင်တိုင် ကမ်းနားလမ်းတွင် သူငယ်ချင်းများနှင့် တွေ့ဆုံပြီးနောက် လမ်းခွဲချိန်တွင် ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

“ကြည့်မြင်တိုင်ပန်းခြံထဲမှာ မုန့်ထုပ်လေးကိုင်ပြီး ထိုင်နေကြတာ။ ကမ်းနားလမ်းက ဈေးပန်းခြံမှာ။ City Mart က အိပ်အကြည်ရောင်လေးနဲ့။ ဘာလက်နက်ပစ္စည်းမှ မသယ်နိုင်ဘူး” ဟု ကိုဗိုလ်ထက်၏ မိတ်ဆွေ အမျိုးသားက ပြောသည်။

ကိုဗိုလ်ထက်မှာ မုန့်ဖုတ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်ဟု သိရသော်လည်း ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

Show More

Related Articles

Back to top button