သတင်း

ထွေအုပ်ဝန်ထမ်းများ အပါအဝင် သံတွဲဒေသခံအများအပြားကို AA နှင့် ဆက်သွယ်ဆိုကာ တရားစွဲ

ရခိုင်ပြည်နယ် သံတွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်း ၂ ဦးအပါအဝင် ဒေသခံ ၉ ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်သွယ်သည်ဆိုကာ မတရားသင်းပုဒ်မ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ပုဒ်မများဖြင့် စစ်ကောင်က အမှုဖွင့်ထားပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံနေရသည်ဟု သိရသည်။

သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်သည် AA ကို ငွေထောက်ပံ့ခြင်း၊ စစ်တပ်နှင့် ရဲတို့၏ လှုပ်ရှားမှုများကို သတင်းပေးခြင်းတို့ ပြုလုပ်သည်ဟု စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇(၁)၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ၅၀၅−က တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေး ကိုလှိုင်ဝင်းထွဋ်ကိုလည်း AA နှင့် ဆက်သွယ်သည်ဆိုကာ မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအရေးယူထားသည်ဟု စစ်ကောင်စီလက်အောက်ခံ ရခိုင်နေ့စဉ် သတင်းစာမျက်နှာက အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် သံတွဲမြို့နယ် ဆင်ခေါင်းရွာနေ ဦးညီပု၊ ကိုနေမျိုးအောင်၊ အင်ဒိုင်းကြီးရွာနေ ကိုကျော်ကျော်နိုင်၊ လယ်လီရွာနေ ဦးမောင်မှတ်တို့ကိုလည်း ပုဒ်မ ၁၇(၁) ဖြင့် စစ်ကောင်စီတပ် အရာရှိများက အမှုဖွင့်ထားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တရားစွဲမှုများအပြင် ဒေသခံအများအပြားကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်။ အောက်တိုဘာ ၂၃ ရက်က သံတွဲမြို့နယ် ရွှေသာချိုင်ရွာတွင် နေထိုင်သည့် ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင် ဦးစန်းကို (၄၉) နှစ်ကို ခမရ (၅၆၆) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်။

ထို့အပြင် တောင်ကုတ်မြို့နယ် မှန်နီကျေးရွာနေ ဦးခင်လှ၊ ရန်ခေါ်ကျေးရွာနေ ကိုဖြိုးမင်းဇော်၊ သင်ပန်းရွှေကျေးရွာနေ ကိုကျော်ကျော်နိုင်တို့သည်လည်း ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံထားရသည်။

ထို့အပြင် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း ဒေသခံများကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးမှုများရှိနေပြီး အောက်တိုဘာ ဒုတိယပတ်မှ စတင်ကာ ကျောက်ဖြူမြို့နယ်မှ မြေစာရင်းဦးစီးမှူး အပါအဝင် ဒေသခံ စုစုပေါင်း ( ၂၀) ကျော် ဖမ်းဆီးခံခဲ့ရသည်။

အလားတူ ရမ်းဗြဲမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ဒေသခံ ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းတွင် ဒေသခံ ၁၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီက ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၃၀ ကျော်ကို ULA/AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားပြီး ယင်းအထဲက တချို့ကို အကြမ်းဖက်ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်ဟု သိရသည်။ လက်ရှိအချိန်တွင် ULA/AA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီး အမှုဖွင့်ခံရသူများထဲတွင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများပါ ပါဝင်လာနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button