သတင်း

စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရန်ကုန်နှင့်နေပြည်တော်တွင်ပြုလုပ် 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းအများအပြားကို ကိုးကန့်တိုင်းရင်းသားတပ် MNDDA ထံသို့ မကြာခင်ရက်ပိုင်းက လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေသည် တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း ယမန်နေ့က မင်းအောင်လှိုင်က မိန့်ခွန်းထွက်ပြောပြီး အချိန်ကိုက် ယနေ့ဆန္ဒပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ၏ ကမကထဖြင့် တပ်ထောက်ခံသူများ နှင့် အမျိုးသားရေးအစွန်းရောက်ဝါဒများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ရပ်ကို ယနေ့မနက်တွင် ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့နှင့် နေပြည်တော်တွင် တစ်ပြိုင်နက် ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်စခန်းအများအပြားကို ကိုးကန့်တိုင်းရင်းသားတပ် MNDDA ထံသို့ မကြာခင်ရက်ပိုင်းက လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေသည် တရုတ်နိုင်ငံ၏ ပယောဂမကင်းကြောင်း ယမန်နေ့က စစ်ခေါင်းဆောင် မိန့်ခွန်းထွက်ပြောပြီး အချိန်ကိုက် ယနေ့ဆန္ဒပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြသူများက  အကြမ်းဖက်အဖွဲ့များကို အမြစ်ပြတ်ချေမှုန်းပေးပါ အစရှိသည့် စာသားပါ ဗီိနိုင်းပိုစတာများ ကိုင်ဆောင်ထားကြပြီး “စစ်သွေးကြွ MNDAA” “ယူနန်-တရုတ် အကြမ်းဖက်များ” အစရှိသော တရုတ်လူမျိုး စကားလုံးကို အခြေခံသော လူမျိုးရေးခွဲခြားသော စကားလုံးများဖြင့်လည်း ကြွေးကြော်ခဲ့ကြသေးသည်ဟု စစ်တပ်လော်ဘီ ချန် နယ်များတွင် ရေးသားထားကြသည်။  

ဆန္ဒပြပွဲများကို “MNDAA အမည်ခံ ကိုးကန့်သောင်းကျန်းသူများ နှင့် ပူးပေါင်းအဖွဲ့များက အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ ကျော်ကို ရက်စက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချပွဲ” ဟု အမည်တပ် သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကြုံတွေ့နေရသည့် စစ်ပွဲများအပါအဝင် ၎င်း၏တပ်ဖွဲ့များ ကြုံတွေ့နေရသည့် ရှုံးနိမ့်မှုများသည် တော်လှန်ရေးတပ်များကို ပြည်ပနိုင်ငံများကပေးအပ်သည့် လက်နက်၊ နည်းပညာနှင့် ရိက္ခာများကြောင့်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ယမန်နေ့ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် စွပ်စွဲခဲ့ပြီးနောက် စစ်တပ်ထောက်ခံသူများ၏ ဆန္ဒပြပွဲများပေါ်လာခြင်းဖြစ်သည်။

MNDAA ၏တိုက်ခိုက်ရေး ဒရုန်းများကို “ပြင်ပကြေးစားနည်းပညာရှင်”များက အကူအညီပေးကာ အဆင့်မြှင့်ထားသည်ဟု စစ်ခေါင်းဆောင်ကဆိုသည်။

“တရုတ်-မြန်မာနယ်စပ်မှာ ဒီလိုလက်နက်ခဲယမ်းမီးကျောက်စက်ရုံတွေ တည်ထောင်နိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့မရနိုင်ပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အား များစွာလိုအပ်တာဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ငွေကြေးနဲ့ နည်းပညာအင်အား ဘယ်နေရာကရရှိလာတာလဲဆိုတာ ဆန်းစစ်သွားရမှာလည်းဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်ကဆိုသည်။

ထိုရုပ်သံမိန့်ခွန်းကို စစ်တပ်၏ရုပ်သံဖြစ်သည့် မြဝတီသတင်းဌာနက တရုတ်စာတန်းထိုးကာ ထပ်မံထုတ်လွှင့်ခဲ့သည်။

စစ်ကောင်စီ၏ ဆန္ဒပြပွဲ စီမံမှု

လူမှုကွန်ရက်များတွင် ပြန့်နှံလာသောစာများအရ MNDAA ကို ဆန့်ကျင်ရှုတ်ချသော ရန်ကုန်မြို့လယ် ဆန္ဒပြပွဲကို စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြပွဲ အခမ်းအနားသို့ တက်ရောက်မည့် ပြည်သူလူထုအား ကြိုဆိုပို့ဆောင်ပေးနိုင်ရန်အတွက် မော်တော်ယာဉ်များ စီစဉ်ခိုင်းခဲ့သလို YBS အများပိုင်ကုမ္ပဏီများမှ ခရီးသည်တင်မော်တော်ယာဉ် ၇၂ စီး နှင့် YRTC မီနီဘတ်စ် ၁၉ စီး စုစုပေါင်း ၉၁ စီးကို တိုင်းအစိုးရက စီစဉ်ပေးခဲ့သည်။ 

ထို့အပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ကို ဆန့်ကျင်ရှုတ်ချသော ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ပြီး တပ်ထောက်ခံသူများ နှင့် အမျိုးသားရေးအစွန်းရောက်များကို ဦးဆောင်ခဲ့ကြသည်။ 

“၁၀၂၇” စစ်ဆင်ရေး ပထမအကျော့ပြင်းထန်နေချိန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီကို ထောက်ခံသူများက ထိုစစ်ပွဲနောက်တွင် တရုတ်နိုင်ငံရှိနေသည်ဟုဆိုကာ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့  ဆန္ဒပြခဲ့သေးသည်။ 

ထိုစဉ်က တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူများကို အရေးယူပေးရန်နှင့် နောက်ကွယ်ရှိ အဖွဲ့အစည်းများကို ဖော်ထုတ်ပေးရန် ရန်ကုန်ရှိ တရုတ်သံရုံးက စစ်ကောင်စီထံ တောင်းဆိုခဲ့သည်။

စစ်ခေါင်းဆောင်၏ထိုမိန့်ခွန်းထွက်လာအပြီး ၂၄ နာရီအတွင်း ရှမ်းမြောက်မှ အချက်အချာကျသည့် နောက်ထပ်မြို့တစ်ခုဖြစ်သည့် ကျောက်မဲမြို့ကို MNDAA ၏မဟာမိတ်တပ်ဖြစ်သည့် တအာင်းတပ် TNLA က အလုံးစုံသိမ်းပိုက်နိုင်ကြောင်း ကြေညာခဲ့သည်။

စစ်ခေါင်းဆောင်သည် ဇူလိုင် ၂၂ ရက်နေ့က သူ့ကိုယ်သူ ယာယီသမ္မတဟု ကြေညာခဲ့ပြီးနောက် အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီကို ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားသည်။ 

စစ်ကောင်စီ၏ယာယီသမ္မတဟု စစ်ခေါင်းဆောင်က ကြေညာအပြီး သတင်းနှစ်ပတ်ခန့်အကြာ သြဂုတ်လ ၃ ရက်နေ့တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) စစ်ဌာနချုပ်သည် ကိုးကန့်တပ် MNDAA လက်အောက်ကျသွားခဲ့သည်။ 

ထိုအဖြစ်အပျက်သည် မြန်မာစစ်တပ်တွင် သမိုင်းဝင်ရှုံးနိမ့်မှုဖြစ်ပြီး စစ်တပ်သမိုင်းတလျှောက် ပထမဆုံးသော စစ်တိုင်းတစ်ခုလုံး ဆန့်ကျင်တော်လှန်သူများလက်အောက် ကျရောက်မှုဖြစ်လာခဲ့သည်။

Show More

Related Articles

Back to top button