သတင်း

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို အရေးယူရန် စစ်ကောင်စီ ဖိအားပေးခံရ

“၁၀၂၇” စစ်ဆင်ရေး စတင်ပြင်းထန်နေချိန် လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူများကို အရေးယူပေးရန်နှင့် နောက်ကွယ်ရှိ အဖွဲ့အစည်းများကို ဖော်ထုတ်ပေးရန် ရန်ကုန်ရှိ တရုတ်သံရုံးက စစ်ကောင်စီထံ တောင်းဆိုထားသည်ဟု သိရှိရသည်။

ရှမ်းမြောက်ဒေသတွင် “၁၀၂၇” စစ်ဆင်ရေး စတင်ပြင်းထန်နေချိန် လွန်ခဲ့သည့်နိုဝင်ဘာလအတွင်းက တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူများကို အရေးယူပေးရန်နှင့် နောက်ကွယ်ရှိ အဖွဲ့အစည်းများကို ဖော်ထုတ်ပေးရန် ရန်ကုန်ရှိ တရုတ်သံရုံးက စစ်ကောင်စီထံ တောင်းဆိုထားသည်ဟု သိရှိရသည်။ 

စစ်တပ်က ကာလကြာရှည် ကျောက်ထောက်နောက်ခံပြုထားသည့် အမျိုးသားရေးသမား (မဘသ) အမည် ခံ “အသွင်ပြောင်းမဘသ” များက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့လယ်နှင့် နေပြည်တော်၌ သာမက တရုတ်သံရုံးရှေ့တွင်ပါ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါ်တင်တင်ပြုလုပ်ခဲ့ကြသည်။ 

ဆန္ဒပြသူများကိုသာမက နောက်ကွယ်မှ ကြိုးကိုင်သည့်အဖွဲ့အစည်းများကို ဖော်ထုတ်ပေးရန် တရုတ်သံရုံး က တောင်းဆိုသည်ဟု စစ်တပ်နှင့်နီးစပ်သည့် ပြည်တွင်းအခြေစိုက် မီဒီယာတစ်ခုက ယမန်နေ့ (ဇန်နဝါရီ ၈) တွင် ရေးသားသည်။ 

သီးခြားအတည်ပြုချက်ရယူရန် ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

၂၀၂၃ ဇန်နဝါရီလက ရန်ကုန်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် စစ်ခေါင်းဆောင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို ကိုးကန့်တပ် (MNDAA) က သိမ်းယူမည့်ဆဲဆဲဖြစ်သော လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ နေပြည်တော်သို့ ရောက်လာခဲ့သည်။ မြန်မာနိုင်ငံကို ယခင်ကမလာဖူးသည့် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့်သာမက ကျန်တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

တချိန်တည်းမှာပင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ကာ တရုတ်ပြည် သူ့ရေးရာလုံခြုံရေးဝန်ကြီးနှင့် အွန်လိုင်းမှတဆင့် နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်သည်ကို တွေ့ရသည်။ 

မြောက်ပိုင်းအခြေစိုက် ညီနောင်သုံးဖွဲ့နှင့်တိုက်ပွဲများတွင် မြို့နှင့် စစ်စခန်းများ ဆက်တိုက်လက်လွတ်ဆုံး ရှုံးရသည်အထိ အရေးနိမ့်လာချိန်တွင် “၁၀၂၇” စစ်ဆင်းရေးနောက်ကွယ်၌ တရုတ်အစိုးရပါဝင်နေသ ယောင် စစ်ကောင်စီကိုယ်တိုင် လူသိရှင်ကြားလေသံပစ်ခဲ့သည်

၂၀၂၃ နိုဝင်ဘာ ၁၉ ရက်နေ့က အမည်ပြောင်း မဘသများ ဦးဆောင်ကျင်းပခဲ့သည့် နေပြည်တော် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှု။

တရုတ်-မြန်မာနယ်စပ်တလျှောက် တိုက်ပွဲများပိုမိုပြင်းထန်လာချိန် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နေ့စဉ်သတင်းထုတ်ပြန်တွင် “ကျူးကျော်သူများ၏ ကျူးကျော်စစ်” ဟု သုံးနှုန်းပြောဆိုခဲ့ပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း အချိန်ကိုက်ထွက်ပေါ်လာသည်။

တရုတ်နိုင်ငံကို အမည်တပ်ကာ ပြင်းပြင်ထန်ထန်ဝေဖန်ခဲ့ကြသည့် ဆန္ဒပြပွဲများကို အာဏာမသိမ်းမီက တည်းက တပ်ထောက်ခံပွဲများတွင် တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့ကြသူဖြစ်သည့် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်) နှင့် အမျိုးသားရေးအဖွဲ့ဝင်များ ဦးဆောင်ခဲ့ကြသည်။ 

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအကြောင်း စစ်ကောင်စီကလည်း နိုင်ငံပိုင်သတင်းဌာနများမှတဆင့် ဝေဝေဆာဆာဖော်ပြခဲ့သည်။ 

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရှမ်းမြောက်စစ်ပွဲများတွင် ပြည်ပမှ ကျွမ်းကျင်သူများ အပါအဝင် အင်အား ၆၀၀၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လောက် ကိုင်မြို့ရှိ အထင်ကရဟိုတယ်အများစုမှာ မြန်မာအစိုးရခွင့်ပြုချက်ဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။​

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ဆန္ဒပြသူများက ၂၀၂၃ နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြကြစဉ်။

စစ်ကောင်စီကိုထောက်ခံသူများ ဦးဆောင်သည့် ဆန္ဒပြပွဲဂယက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းမေးမြန်းခံရသည်အထိ ရိုက်ခတ်ခဲ့သည်။ 

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန် ပြောဆိုခဲ့သည်။​

တရုတ်-မြန်မာ ပေါက်ဖော်ဆက်ဆံရေးကို ထိခိုက်ပျက်ပြားအောင် မည်သို့သော ကြိုးပမ်းအားထုတ်ခြင်း ဖြစ်စေ အောင်မြင်မည်မဟုတ်ကြောင်း၊ ထောက်ခံမှုရရှိမည်မဟုတ်ကြောင်းလည်း တရုတ်အစိုးရက တာဝန်ရှိသူက ထိုသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းသတိပေးခဲ့သည်။ 

·   ကျူးကျော်စစ်ဟု တံဆိပ်ကပ်ကာ စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေး မီးစမွှေး

·   မင်းအောင်လှိုင် ဖန်တီးခိုင်းသည့် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ

·   အမေရိကန်အပြင် တရုတ်ဆန့်ကျင်ရေးပါ ဖန်တီးလာတဲ့ စစ်ကောင်စီမူဝါဒကို NUG ဘာပြောလဲ

ပေကျင်းအစိုးရ၏ ဒေါသကိုရင်ဆိုင်နေရသည့် စစ်ကောင်စီက နောက်ပိုင်း နေပြည်တော်နှင့် နိုင်ငံအနှံ့တွင် စစ်တပ်ထောက်ခံရေး ဆန္ဒပြပွဲများ ဆက်လက်ခွင့်ပြုခဲ့သော်လည်း တရုတ်အစိုးရအပေါ် ပြစ်တင်ဝေဖန် ခြင်းမပြုရန် ကန့်သတ်ပြီး မြန်မာ့အရေးခြေရှုပ်သူစာရင်းတွင် ‘တရုတ်အစိုးရ’ အစား ‘အနောက်နိုင်ငံများ’ ဟု အစားထိုးစေခဲ့သည်။

Show More

Related Articles

Back to top button