
နိုင်ငံအုပ်ချုပ်ရေးယန္တရား၌ အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများလည်း စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ပြသသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobdience Movement- CDM) တွင် ပူးပေါင်းပါဝင်လာကြသည်။
အထူးသဖြင့် ချင်းပြည်နယ်နှင့် မန္တလေးတိုင်း၏ အချို့မြို့နယ်များရှိ ထွေအုပ်လက်အောက်ရှိ ဝန်ထမ်းများ ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့ ထွေအုပ်ဝန်ထမ်း ၁၀၀ ကျော်သည် ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ယနေ့ ဖေဖော်ဝါရီ ၁၀ ၌ စတင်ပါဝင်လာသည်။
ထို့ပြင် တီးတိန်မြို့နယ် ထွေအုပ်ဝန်ထမ်း ၃၀ ကျော်အနက် သုံးပုံနှစ်ပုံက အာဏာဖီဆန်နေကြကြောင်း လှုပ်ရှားမှုတွင်ပါဝင်နေသူများထံမှ သိရသည်။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ ထွေအုပ်ဝန်ထမ်းများကလည်း ယနေ့နံနက်ပိုင်းတွင် ဆိုင်ကယ်များဖြင့် မြို့တွင်း စီတန်းလှည့်ဆန္ဒပြကြသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုအများအပြားရှိခဲ့ကြောင်း အကြောင်းပြချက်ဖြင့် စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းယူခဲ့ခြင်းကို ဆန့်ကျင်ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သော ထွေအုပ်ဝန်ထမ်းများက ပြောသည်။
ထွေအုပ်ဝန်ထမ်းတစ်ဦးက “ထွေအုပ်ဆိုတာ ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ဌာနပါ။ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းတယ်ဆိုတာက မှားယွင်းတယ်။ အဲ့ဒါကို လုံးဝလက်မခံနိုင်ပါဘူး။ မဲစာရင်းကောက်ယူတာမှာ ထွေအုပ်ဝန်ထမ်းတွေလည်း ပါတယ်။ မှားယွင်းတာမျိုးရှိနိုင်ပေမယ့် သူတို့ပြောသလောက် ကွာတယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး” ဟု ပြောသည်။
ထွေအုပ်ဝန်ထမ်းများသည် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အတွင်းရေးမှူးအဖြစ် ပါဝင်ပြီး မဲစာရင်းကောက်ယူခြင်းအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရသူများဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ယခင်က ပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်သည့်ဌာနဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ပြည်ထောင်စုရုံးဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်။
နိုင်ငံအနှံ့ ဆန္ဒပြသူများက ဌာနဆိုင်ရာဝန်ထမ်းများကို လုပ်ငန်းခွင်ဝင်ရောက်ရန် ငြင်းဆန်သည့်နည်းဖြင့် အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းပြီး အာဏာသိမ်းစစ်ကောင်စီ အခက်တွေ့စေရန်အတွက် “ရုံးမတက်နဲ့ ရုန်းထွက်” ဟု တိုက်တွန်းလှုံ့ဆော်နေကြသည်။
ဌာနဆိုင်ရာများတွင် ရုံး ပုံမှန်တက်ကြရန် ဖိအားပေးနေသော်လည်း “ရုံးမတက်နဲ့ ရုန်းထွက်” အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လျက်ရှိသည်။
အင်တာနက်စာမျက်နှာပေါ်သို့ ရောက်လာသော အများစိတ်ဝင်စားနေကြသည့် တယ်လီဖုန်းပြောဆိုမှုမှတ်တမ်းတစ်ခုတွင် ရုံးဝန်ထမ်းများ ရုံးမတက်ဘဲ ပြတ်ပြတ်သားသား အာဏာဖီဆန်ကြသောကြောင့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အခက်အခဲနှင့် ရင်ဆိုင်နေရပုံမှာ ထင်ထင်ရှားရှား ပေါ်လွင်နေသည်။
အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် စသည့် ဝန်ကြီးဌာနများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဝန်ထမ်းများအထိ ပါဝင်နေသည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲဝန်ထမ်းအချို့ပါ ဆန္ဒပြသူများနှင့် ပူးပေါင်းလာနေမှုများလည်း ရှိနေသည်။
နိုင်ငံ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုများနည်းတူ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့နယ်အသီးသီးတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လူထုဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေ သည်။