
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဗုံးတပ်ဒရုန်းလေယာဉ်ငယ်ဖြင့် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးကို ပိုမို တင်းကျပ်ထားသည်။
စက်တင်ဘာ ၃ ရက် ညနေပိုင်း တိုက်ခိုက်မှုတွင် ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ၅ ဦး သေပြီး၊ ဒဏ်ရာပြင်းထန်သူ ၅ ဦး ရှိသည်အထိ စစ်တပ်ဘက်က အထိနာပြီးနောက် မြို့နေရာအနှံ့တွင် အရပ်ဝတ် လက်နက်ကိုင်များ စောင့်ကြည့်နေကြသည်၊ ညနေ ၆ နာရီနောက်ပိုင်းတွင် အဓိကလမ်းများကို ပိတ်ဆို့ထားသည်ဟု မြဝတီမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“မြဝတီဆေးရုံကြီး နောက်ပေါက်ကနေပြီး အဓိဋ္ဌာန်အောင်ကုန်း နောက်ကျောဘက်တွေ၊ လမ်းကြိုလမ်းကြားတွေထဲအထိပေါ့ အစောင့်ချထားတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်မှုပြင်းထန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသည် မြဝတီမြို့၏ ဗဟိုအချက်အချာနေရာတွင် တည်ရှိသည်။
ထိုရုံးအနီးတွင် မြို့မရဲစခန်း၊ တရားရုံး၊ ဝန်ထမ်းလိုင်းခန်းများ၊ လူဝင်မှုကြီးကြပ်ရေးရုံးတို့ တည်ရှိသည်။ ထိုရုံး၏ မျက်နှာချင်းဆိုင်တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မုတ်သုန်၏ နေအိမ်လည်း ရှိသည်ဟု မြို့ခံများက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်က ချက်ချင်းမတုံ့ပြန်ခြင်းမှာ ထူးခြားနေကြောင်း မြဝတီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။
“ရမ်းကားချင်တယ်ဆိုရင် စစ်တပ်ပဲဖြစ်ဖြစ်၊ BGF ပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ်၊ အဲဒီအခြေအနေကို ရမ်းရမ်းကားကား တုံ့ပြန်ချင်တယ်ဆိုရင် အဲဒီညမှာပဲ တစ်ခုခုတုံ့ပြန်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်တော့ သူတို့ပြင်ဆင်နေတဲ့ အခြေအနေလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
မြဝတီမြို့တွင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သောကြောင့် မြဝတီမြို့ခံပြည်သူများ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ရှောင်ရှားကြရန် ထိုဗုံးကြဲတိုက်ခိုက်မှုကို ဦးဆောင်သည့် Federal Wings ဒရုန်းတပ်ဖွဲ့က စက်တင်ဘာ ၄ တွင် ထုတ်ပြန်ထားသည်။
ဒရုန်းတိုက်ခိုက်မှုများသည် တိကျမှုရှိသော်လည်း ဘေးထွက် ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်တပ် တပ်စွဲထားသည့် ရုံးများ၊ တပ်စခန်းများနှင့် ဝေးရာတွင် နေထိုင်ရန် ထိုထုတ်ပြန်ချက်က ဆိုသည်။
ထိုအခြေအနေများကြောင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများလည်း မြို့မှ ထွက်ခွာနိုင်ရန် ပြင်ဆင်နေကြသည်ဟု မြဝတီမြို့ ဌာနဆိုင်ရာရုံးများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“ပြောင်းပါဆိုပြီးတော့ တိုက်ရိုက်တော့ မပြောဘူး။ ဒါပေမဲ့ လက်အောက်ငယ်သားတွေ အချင်းချင်း ပြောင်းခိုင်းတာ။ အရာရှိက တိုက်ရိုက်ညွှန်ကြားတာတော့ မဟုတ်ဘူး။ လက်အောက်ငယ်သားအချင်းချင်းကို တစ်ဆင့်စကားနဲ့ ညွှန်ကြားထားတဲ့ သဘောမျိုးပါ” ဟု ၎င်းက ပြောသည်။
ခရိုင်အုပ်ချုပ်ရေးရုံး တိုက်ခိုက်ခံရပြီး နောက်တစ်ရက် စက်တင်ဘာ ၄ တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် လက်ခတ်တောင်ဗျူဟာကုန်းကို စစ်ကောင်စီလေတပ်က ၃ ကြိမ် တိုက်ခိုက်ခဲ့သည်။
စစ်ရေးအရ အဓိက ဗျူဟာကျသည့် လက်ခတ်တောင်ဗျူဟာကုန်းကို ရရှိထားသည့်အတွက် KNLA-PDF ပူးပေါင်းတပ်ဖွဲ့များက မြဝတီမြို့ကို အချိန်မရွေး သိမ်းပိုက်နိုင်သည်ဟု အထက်ပါ မြဝတီမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)