
နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ယမန်နေ့ (စက်တင်ဘာ ၃) ညနေပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားသည့် စစ်ကောင်စီ ဘက်တော်သားများထဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်လည်း ပါဝင်ခဲ့သည်။
ထိုဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထုတ်ပြန်ချက်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပူးပေါင်းတပ်ဖွဲ့များက မြဝတီခရိုင်ရဲရုံးကို ဒရုန်းဖြင့် (၂) ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရသည်ဟု သိရသည်။
ထိုနေ့ ညနေ ၆ နာရီတွင် ပထမအကြိမ် ဒရုန်းဖြင့် ဗုံးကြဲခဲ့ပြီး နောက်တစ်နာရီဝန်းကျင်အကြာ စစ်ကောင်စီ ဒေသဆိုင်ရာ ခေါင်သူကြီးများ လာရောက်စစ်ဆေးနေစဉ် တော်လှန်ရေးအဖွဲ့က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။
ဦးစိုးတင့်အပါအဝင် အမှတ် (၂၅၇) ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်ကျော်မင်း၊ ရဲအုပ် နေလင်းစိုး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်း၊ အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ သေဆုံးသည်ဟု KNU ထုတ်ပြန်ချက်က ဆိုသည်။
ဒဏ်ရာပြင်းထန်သူတို့မှာ ဒုရဲမှူးကြီး အောင်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတပ်ကြပ် မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင် တို့ဖြစ်ကြောင်း၊ အခြားဒဏ်ရာရသူ ၆ ဦးမှာ ဒုရဲအုပ် လွင်မိုးဦး၊ ဒုရဲအုပ် ဝင်းကျော်စိုး၊ ရဲတပ်သား ကျော်ဖြိုးဝင်းနှင့် ထွန်းလင်းဦး၊ ဒုတပ်ကြပ် ဝေယံဦး၊ ရဲဒုတပ်ကြပ် ပြေသိန်း တို့ဖြစ်ကြောင်း သိရသည်။
သေဆုံးသူတစ်ဦးဖြစ်သည့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်သည် လူသိနည်းသော်လည်း တစ်ချိန်က စစ်ခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတို့အကြား ပြင်းထန်ခဲ့သည့် နိုင်ငံရေးအားပြိုင်မှုတစ်ခုတွင် အဓိကကျသည့်နေရာမှ ပါဝင်ခဲ့ရဖူးသူဖြစ်သည်။
အရပ်ဘက်ပြောင်း ဗိုလ်မှူးဟောင်း ဦးစိုးတင့်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆက်ဆံရေးကောင်းရှိသူလည်းဖြစ်သည်။ ထို့ကြောင့်ပင် NLD အစိုးရ၏ အမျက်တော်ရှသည်ကို ခံခဲ့ရပြီး နယ်စွန်နယ်ဖျားတွင် တာဝန်ထမ်းရန် စေလွှတ်ခံခဲ့ရသည်။ အာဏာသိမ်းပြီး ၅ လအကြာ၊ ၂၀၂၁ ဇူလိုင်တွင် စစ်ခေါင်းဆောင်က အဝေးရောက်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကို နေရာပြန်ပေးခဲ့ပြီး နိုင်ငံ၏အဓိကကျသည့် ကုန်သွယ်လမ်းကြောင်းရှိရာ မြန်မာ-ထိုင်းနယ်စပ်မြို့တွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်မြှောက်စားခဲ့သည်။
NLD နှင့် စစ်ခေါင်းဆောင်တို့၏ နိုင်ငံရေးအားပြိုင်မှုအကြား လူသိနည်းသည့် ဇာတ်လိုက်အဖြစ် ဦးစိုးတင့် ဝင်ပါခဲ့ရသည်က ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ရှိစဉ် ၂၀၂၀ တုန်းကဖြစ်သည်။
ဇာတ်လမ်းအားလုံး၏ အစမှာ ၂၀၁၆ သြဂုတ် ၂၄ ရက်နေ့က ပြင်းအား ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိ ငလျင်ကြီး မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နှင့် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်သွားရာမှ မြစ်ဖျားခံခဲ့သည်။ ငလျင်ကြောင့် နှစ် ၁,၀၀၀ နီးပါး သက်တမ်းရှိပြီဖြစ်သည့် ပုဂံမှ ရှေးဟောင်းစေတီပုထိုး ရာနှင့်ချီ ပျက်စီးသွားခဲ့သည်။
ထိုနှစ်ထဲတွင်ပင် ဦးစိုးတင့်သည် ရှေးဟောင်းမြို့တော် ညောင်ဦးခရိုင်၏ အုပ်ချုပ်ရေးမှူးဖြစ်လာပြီး ငလျင်သင့်ပုထိုးတော်များ ပြင်ဆင်ရေး၊ ပုဂံကို ယူနက်စကိုစာရင်းဝင်ရေးအတွက် NLD အစိုးရ၏ ကြိုးစားမှုတွင်လည်း အဓိကကျသည့်နေရာမှ ပါဝင်ခဲ့ရသည်။
ငလျင်သင့်ပုဂံသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ၂၀၁၆ တွင် ရောက်သွားရာမှ ရာနှင့်ချီသော ပုထိုးတော်များအနက်မှ ထီးလိုမင်းလိုဘုရားကို ပြုပြင်မည့်အစီအစဉ် စတင် ပေါ်လာသည်။ ဘုရားအကြောင်း နှုတ်ပြောသမိုင်းက ရွေးကောက်ပွဲမဝင်ဘဲ သမ္မတဖြစ်ချင်နေသူအတွက် ဗေဒင်ယတြာချေရန် အကိုက်ဖြစ်ခဲ့သည်။
နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်းရှိသည့် ထိုဂူဘုရားကြီးသည် ပုဂံမင်းဆက်တွင် ထင်ရှားသည့် နရပတိစည်သူမင်း၏ သားတော်တစ်ပါးဖြစ်သော ဇေယျသိင်္ခမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခွင့်ရပြီးနောက် တည်ခဲ့သောဘုရားဖြစ်သည်။ နရပတိစည်သူမင်းကြီးသည် နတ်ရွာစံခါနီးတွင် သားတော်များအနက် တစ်ဦးကို နန်းတင်ရန် ရွေးသည်၊ အိမ်ရှေ့စံမင်းသား ၅ ဦး၏ အလယ်တွင် ထီးဖြူစိုက်ကာ မင်းဖြစ်ထိုက်သူရှေ့ ထီးဖြူညွတ်ကျစေဟု ရွေးချယ်ရာ ဇေယျသိင်္ခမင်းသားရှေ့ ထီးဖြူညွတ်ခဲ့သည်ဟု ဆိုသည်။
ဇေယျသိင်္ခမင်းသား နန်းတက်ချိန်တွင် ထီးဖြူညွတ်သည့်နေရာတွင် စေတီတည်သဖြင့် ထီးလိုမင်းလိုဘုရားဟု ခေါ်ကြသည်ဟု ဆိုရိုးရှိကြသည်။ အချို့ကလည်း ထီးကလည်းလို၊ မင်းကလည်းလို၍ ထီးလိုမင်းလိုမင်း တည်သဖြင့် ထိုအမည်တွင်သည်ဟု နှုတ်ပြောရှိကြသည်။

သမ္မတရူး ရူးနေသည့် စစ်ခေါင်းဆောင်က အာဏာမသိမ်းမီကပင် ယတြာချေသည့်အနေဖြင့် ထီးလိုမင်းလိုဘုရားကို ထီးတင်လိုခဲ့သည်။
အခြားတစ်ဖက်တွင် NLD အစိုးရနှင့် ရှေးဟောင်းသုတေသနပညာရှင်တချို့က ပုဂံကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ပြင်ဆင်နေသည့်အတွက် စစ်ခေါင်းဆောင်၏ ပုဂ္ဂလိကစိတ်ကူးကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြသည်။ ယင်းမတိုင်မီတွင် ထီးလိုမင်းလိုကို ဦးသိန်းစိန်၏ တပည့်များဖွဲ့ထားသည့် “ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း” က ရှေးဟောင်းသုတေသန၏ သဘောတူညီချက်မပါဘဲ ဝင်ရောက်ပြင်ဆင်ရန် ကြိုးစားခဲ့သဖြင့် ဘုရားဂေါပကတို့ စုံစမ်းစစ်ဆေးခံခဲ့ရသေးသည်။
စစ်အစိုးရလက်ထက်တွင် ပုဂံရှိ စေတီပုထိုးများကို ကျွမ်းကျင်သူပညာရှင်မပါဘဲ စိတ်ကူးတည့်ရာ ပြင်ဆင်ခဲ့ပြီး အမွေအနှစ်တို့ ပျက်ဆီးဆုံးရှုံးရသည့် သမိုင်းများလည်း ရှိခဲ့သည်။
၂၀၁၉ ဇူလိုင်တွင် ယူနက်စကိုက ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အသိအမှတ်ပြုစာရင်းသွင်းခဲ့သည်နောက် စစ်ခေါင်းဆောင်၏ အိပ်မက် တစ်စခန်းထလာပြန်သည်။
နောက်ဆုံးတွင်တော့ NLD အစိုးရနှင့် ရှေးဟောင်းသုတေသနပညာရှင်တို့ကို အနိုင်ယူပြီး စစ်ခေါင်းဆောင်က ထီးလိုမင်းလို၏ ဘုရားဒါယကာအသစ် ဖြစ်လာခဲ့သည်။ ၉ ဂဏန်းကြိုက်သည့် စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ စမည့်နှစ် ၂၀၂၀ ဖေဖော်ဝါရီ ၂၇ တွင် သူ၏ အခါတော်ပေးဘုန်းကြီး ဝဇီပိတ်ဆရာတော်နှင့်အတူ ထီးလိုမင်းလိုတွင် ထီးတော်သစ်တင်ခဲ့သည်။
ထိုပွဲကို ဦးသိန်းစိန်ခေတ် အစိုးရအရာရှိများနှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များကိုလည်း တက်ရောက်စေခဲ့သည်။ ၎င်းတို့သည် နောက်ပိုင်းတွင် အာဏာသိမ်းရန်အတွက် စစ်ကောင်စီနှင့် ပူးပေါင်းကြသူများလည်းဖြစ်ကြသည်။

ထီးတင်ပွဲအတွက် မြေပြင်လုပ်ငန်းများစီစဉ်ခြင်း၊ ပုဂံမှ သူကြွယ်များကို စည်းရုံးခြင်းအတွက် ဗိုလ်မှူးဟောင်း ဦးစိုးတင့်က အဓိကနေရာမှ ပါဝင်ခဲ့ရသည်ဟု ပုဂံညောင်ဦးရှိ Myanmar Now သတင်းရင်းမြစ်က ပြောသည်။ ထိုအတွက် ပုဂံကို အဓိကစီမံခန့်ခွဲနေသည့် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်သည့် မန္တလေးတိုင်းအစိုးရနှင့် သူ့အကြား အဖုအထစ်ဖြစ်ခဲ့ရသည်ဟု ထိုစဉ်က မန္တလေးတွင် ပြုလုပ်လေ့ရှိသည့် ပုဂံစီမံခန့်ခွဲမှုအစည်းအဝေး တက်ခွင့်ရသူက ပြောသည်။
ထီးတင်ပွဲအပြီး နှစ်လခန့်အကြာတွင် ဦးစိုးတင့်သည် ညောင်ဦးမှ ရှမ်းပြည်နယ်အတွင်းမှ ဝေးလံခေါင်ဖျားသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်သို့ ပို့ခံခဲ့ရသည်။ ယခင်က သူသည် ကယားပြည်နယ် ဘောလခဲနှင့် ဧရာဝတီတိုင်း ဖျာပုံတို့တွင် တာဝန်ကျခဲ့ဖူးသည်။
“ကိုဗစ်ကာလကြီးမှာ သူ့ကို ချက်ချင်းပြောင်းလိုက်တာ။ သူ Transfer လုပ်ခံရတော့ ပုဂံက သူနဲ့ ပတ်သက်တဲ့သူတွေ တော်တော်အံ့သြကြတယ်။ သူရောက်တဲ့နေရာက တော်တော်ခေါင်တဲ့အကြောင်း၊ ပုဂံကို သတိရတဲ့အကြောင်း ရောက်စက ခဏခဏ Facebook ပေါ် သူရေးတယ်” ဟု ဦးစိုးတင့်နှင့် သိသည့် ညောင်ဦးဒေသခံက ပြောသည်။
ဦးစိုးတင့်သည် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး သူ၏ ဌာနတွင် လူချစ်လူခင်များသည့် အစိုးရအရာရှိဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ရှိနေစဉ် ဒေသခံစီးပွားရေးသမားများနှင့် ရင်းနှီးသူဖြစ်ပြီး သတင်းမီဒီယာများနှင့်လည်း ဆက်ဆံရေးကောင်းသူဖြစ်သည်။
ပုဂံကို ယူနက်စကိုစာရင်းဝင်ရေးအတွက် မြန်မာဘက်က ကြိုးစားစဉ် ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ဦးစိုးတင့် ပါဝင်ရချိန်တွင် အကောင်းရောအဆိုးပါ ဒွန်တွဲနေခဲ့ကြောင်း ရှေးဟောင်းပညာရှင်အချို့က ဆိုသည်။
“မြက်ခင်းတို့၊ အပင်စိုက်တာတို့ကို သူစိတ်ကူးပေါက်တဲ့အတိုင်း လုပ်တတ်တယ်။ စိတ်ကူးကောင်းပေမဲ့ အပင်အမြစ်တွေက ဘုရားတွေကို ထိခိုက်တဲ့အတွက် မလုပ်သင့်ဘူးဆိုတာမျိုး နားချရတယ်” ဟု ရှေးဟောင်းပညာရှင်တစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က သူထီးတင်ခဲ့သည့် ထီးလိုမင်းလိုဘုရားကြီးကို လက်နက်ကိုင် အစောင့်အရှောက်များချထားခဲ့ပြီး ဦးစိုးတင့်ကိုလည်း ၂၀၂၁ ဇူလိုင်တွင် မက်မန်းမှ မြဝတီသို့ ပြန်ခေါ်ခဲ့သည်။
ကရင်ပြည်နယ်သည် ဦးစိုးတင့်အတွက် စိမ်းသည့်နေရာမဟုတ်ဘဲ စစ်အရာရှိငယ်ဘဝက အခေါက်ခေါက် စစ်ဆင်ရေးထွက်ခဲ့သည့် နေရာလည်းဖြစ်သည်။ နယ်ခြားစောင့်တပ်များ၊ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်လက်နက်ကိုင်များနှင့်လည်း သူက ရင်းနှီးသည်။
မြဝတီသို့ ရောက်လာပြီး ၂ နှစ်ကျော်အကြာ ၂၀၂၃ စက်တင်ဘာ ၃ ရက် ညနေပိုင်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရချိန်တွင် ဦးစိုးတင့် သေဆုံးသွားခဲ့သည်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူများ၏ နောက်ဆက်တွဲအခြေအနေတို့ကို သီးခြားအတည်မပြုနိုင်သေးပါ။ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါး ရှိလာချိန်အထိ နိုင်ငံအနှံ့တွင် ခုခံတော်လှန်မှုများ မြင့်တက်နေဆဲ ဖြစ်သည်။ နိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သည့် သက်တမ်းရင့် တိုင်းရင်းသားအဖွဲ့ KNU က စစ်တပ်နှင့် လက်မှတ်ထိုးထားသည့် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ပျက်သွားပြီဟု တရားဝင်ပြောထားကာ NUG နှင့် အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)