
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တတိယအကြိမ် လွှတ်တော်များမစတင်မီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ အပြီးသတ်အစည်းအဝေး မခေါ်ယူခဲ့ခြင်းအပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လိုက်သည်။
အခြား ပြည်နယ်နှင့် တိုင်းလွှတ်တော်များတွင် အပြီးသတ်အစည်းအဝေးခေါ်ယူကာ အစိုးရအဖွဲ့၏ ငါးနှစ်တာဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းခဲ့သော်လည်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် စက်တင်ဘာ ၁ တွင် နောက်ဆုံးကျင်းအဖြစ် ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းတွင် အပြီးသတ်လွှတ်တော်အစည်းအဝေး မခေါ်ယူခဲ့သဖြင့် တိုင်းအစိုးရ၏ ပြည်သူ့ဘဏ္ဍာသုံးစွဲမှုများနှင့် ပတ်သက်၍ တိုင်းစာရင်းစစ်ချုပ်အဖွဲ့၏ စိစစ်တွေ့ရှိမှုများကို ဆွေးနွေးတင်ပြခွင့် ဆုံးရှုံးခဲ့ရကြောင်း အမည်မဖော်လိုသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
“အဓိကကတော့ စီမံကိန်းပေါ့။ ဒါတွေက သိပ်အရေးကြီးတယ်။ ဒီဘတ်ဂျက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် ဒီငါးနှစ်တာကာလမှာ တချို့ဟာတွေက မအောင်မြင်ဘူး။ ဘယ်ဟာတွေက အောင်မြင်တယ်ဆိုတာ လွှတ်တော်မှာ မကြာခဏတင်တယ်။ ဒါပေမယ့် နောက်ဆုံးအချိန်အထိ အဖြေပြန်မရဘူး”ဟု ၎င်းက ပြောသည်။
အာဏာရပါတီဘက်က မီဒီယာသို့ မဖြေကြားရန် တားမြစ်ထားသောကြောင့် ၎င်းအမည်ကို ထုတ်ဖော်ပြောကြားလိုခြင်း မရှိကြောင်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကကလည်း ပြီးခဲ့သည့် ငါးနှစ်သက်တမ်းအတွက် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီက အစီရင်ခံစာတင်ပြရန် ပြင်ဆင်ထားသော်လည်း အပြီးသတ်လွှတ်တော်အစည်းအဝေးမခေါ်ယူသဖြင့် အများပြည်သူ သိရှိခွင့်မရတော့ဟု Myanmar Now ကို ပြောသည်။
လာမည့် အစိုးရသစ်လက်ထက်တွင် အသုံးပြုမည့် RE ဘတ်ဂျက် (Revised Estimate- ဖြည့်စွက်ရ န်ပုံငွေ) ကို ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အတည်ပြုပေးရမည်ဖြစ်ပြီး တိုင်းအစိုးရ မည်သို့စီမံမည်ကို မသိရှိရကြောင်းလည်း ၎င်းက ပြောသည်။
“အဲ့ဒီ ငါးနှစ်ဆိုတဲ့အစီရင်ခံစာမျိုး ကော်မတီတွေ တစ်ယောက်မှ မတင်နိုင်ဘူး။ တကယ့်ကို အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်း နှစ်နှစ်လောက်ဟာ ပြည်သူကို လုံးဝ အသိမပေးလိုက်နိုင်ဘူး”ဟု ဒေါ်ကြည်ပြာက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ သာကေတမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းကလည်း ကိုဗစ်နိုင်တင်းအကြောင်းပြကာ လွှတ်တော်မခေါ်သဖြင့် အစိုးရစတက်ချိန်က ကတိကဝတ်ဆောင်ရွက်ချက်များကို ရှင်းရှင်းလင်းလင်း မသိလိုက်ရကြောင်း ဆိုသည်။
“လွှတ်တော်ကတိကဝတ်ထဲမှာ ဘယ်နှခုပြီးမြောက်ပြီးတော့ ဘယ်နှခုကျန်နေသလဲ။ နောက်အစိုးရလက်ထက်မှာ ဘယ်လောက်လုပ်နိုင်မယ်၊ ဘယ်ဟာတွေဆိုရင် မလုပ်နိုင်တော့ပါဘူးဆိုတာတွေလည်း ပြောရမှာလေ။ ကတိကဝတ်တွေကလည်း တချို့ဟာက ဆက်ပြီးတော့ အကောင်အထည်ဖော်ဦးမှာလား၊ ဖော်နေတာလား၊ ဖော်လို့ ပြီးသွားတာလား ”ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အထက်ပါ လွှတ်တော်ကိုယ်စားလှယ်သုံးဦးမှာ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများတွင် တိုင်းအစိုးရအသုံးစရိတ်နှင့် စီမံခန့်ခွဲမှုများကို ဝေဖန်ခဲ့ကြဖူးသူများဖြစ်ပြီး ပါတီမူဝါဒအပြောင်းအလဲကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့သူများဖြစ်သည်။
ရန်ကုန်တိုင်းလွှတ်တော်တွင် မေးမြန်းထားသည့် မေးခွန်းပေါင်း ၁၁၀၀ ခန့် ကျန်ရှိနေသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဆိပ်ကမ်းမြို့နယ်ဟောင်း (ယခု လမ်းမတော်မြို့နယ်)၏ အမတ် ဦးစံကျော်က လွှတ်တော်မကျင်းပသဖြင့် ၎င်းမေးထားသည့် ဒေသဖွံ့ဖြိုးရေးအဆိုများ ဆွေးနွေးခွင့် မရခဲ့ကြောင်း ပြောသည်။
“အမှန်ကတော့ ရှင်းရှင်းပြောရရင် သတ္တိမရှိတာပေါ့ဗျာ။ သတ္တိရှိရှိ လုပ်ရမဲ့အလုပ်ကို မလုပ်တာ ဥပဒေကို မျက်ကွယ်ပြုသွားတာပေါ့ဗျာ” ဟု တိုင်းဒေသကြီးလွှတ်တော်က အပြီးသတ်အစည်းအဝေး မခေါ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ပြောသည်။
အပြီးသတ်လွှတ်တော် မခေါ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်ထံ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။